မောင်တူး

Maung Too – Articles

သက်ရှိပန်းချီ – အပိုင်း (၈)
မောင်တူး
ဇူလိုင် ၃၀၊ ၂၀၁၃

ဓါတ်ပုံ – http://www.myathwayni.com

ထမင်းကို ဆီရွှဲရွှဲဆမ်း ဆားနဲ့ နယ်ပြီး အဆုပ်ကြီးတွေ ဆုပ်ထားတယ်။ အမေအိုကြီး တယောက်က ကျနော့်ကို ထမင်း တဆုပ်ပေးတယ်။ ကျနော်က အငန်းမရ ယူ စားလိုက်တယ်။ အမေကြီးဘေးက အဘိုးကြီးကလဲ ကျနော့်ကို ရေတခွက် လှမ်းကမ်းတယ်။ ကျနော် ယူသောက်လိုက်တယ်။ အေးအေး ဆေးဆေး စားကြရတာ မဟုတ်ပါ။ သောက်ကြရတာ မဟုတ်ပါ။ တန်းစီပြီး ခပ်သုတ်သုတ် လျှောက် လာတဲ့ ကျနော်တို့  လူတန်းကြီးကို တယောက် တဆုပ်စီ ဝေပေးနေတာပါ။ တယောက် တခွက် ရေ တိုက် နေတာပါ။ အငန်းမရ သောက်နေ စားနေခဲ့ကြပါတယ်။ ဆာနေတာကိုး။
ထမင်းဆုပ် ဆီရွှဲရွှဲကို ဝေပေးနေတဲ့ပုံဟာ ကျနော် ရှစ်မျက်နှာ ဘုရားမှာ စုပေါင်း ရှင်ပြုတုန်းက ဆွမ်းခံ ကြွတုန်း ဆွမ်းလောင်းကြသလိုပါဘဲ။ ရှင်ပြုပွဲ တုန်းကတော့ ကျနော်က သာမဏေ ဘ၀နဲ့ ဆွမ်းခံခဲ့ရ တာပေါ့။ အခုက ၈၈၈၈ သပိတ်စခန်းကို န၀တ စစ်တပ် ခလရ ၉၀ က ၀င်သိမ်းလို့  ထွက်ပြေးရင်း ထမင်း ငတ်နေလို့ မြို့ အထွက်မှာ ရွာသားတွေ ကျနော်တို့ ကို တိတ်တိတ်စောင့်ပြီး ထမင်းဆုပ်တွေ ကျွေးခဲ့ကြတာပါ။ ၈၈ ကာလ သုံးခွကအထွက် ထမင်းဆုပ်ကျွေးတဲ့ အမေကြီး အဖေကြီးတွေကို အခု ၂၅ နှစ်ကြာတဲ့အထိ အိပ်မက်ထဲမှာ ပေါ် ပေါ်လာတုန်းပါ။ ဒီလိုပဲ ကျနော်ပုန်းနေခဲ့တဲ့ မော်လမြိုင်က၊ မုဒုံက အဖေကြီး အမေကြီးတို့ ရဲ့  အိမ်တွေကိုလဲ  သတိရနေပါတယ်။ ဒီလိုပါဘဲ ABSDF ကျောင်းသား တပ်မတော်မှာ တိုက်ပွဲဝင်နေတဲ့ကာလ နအဖ၊ န၀တ စစ်ကြောင်းတွေ၊ စစ်တပ်တွေ ခြေရှုပ်နေတဲ့ကြား ဖွက်ပေးခဲ့တဲ့၊ ထမင်းကျွေးခဲ့တဲ့၊ ငှက်ဖျားတက်နေရင် နေမကောင်းရင် ပြုစုပေးခဲ့တဲ့ ကရင်လူမျိုး၊ မွန် လူမျိုး၊ ရှမ်းလူမျိုး အမေကြီးတွေ အဖေကြီးတွေကိုလဲ သတိရနေပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။
မှတ်ချက် – ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်မှာ ရှမ်းရွာတွေရှိသလို ဒီရွာတွေတ၀ိုက် ကျနော်တို့  ကျောင်းသား စစ်ကြောင်းတွေ လှည့်လည်လို့  သူတို့ ကျွေးတဲ့ ထမင်းစားပြီး ကာလအတန်ကြာ စစ် တိုက်ခဲ့ဘူးပါတယ်။ 
န၀တစစ်တပ် အာဏာသိမ်းစ ၁၉၈၈ ခု စက်တင်ဘာလ ၂၃ ရက်နေ့ ညပါ။ ကျနော်တို့  ရန်ကုန်တိုင်း၊ သုံးခွမြို့ ၊ ရှစ်မျက်နှာဘုရား သပိတ်စခန်းကို စစ်တပ် ၀င်သိမ်းပါတယ်။ ဒီနေရာမှာ ၈၈၈၈ ကာလ သုံးခွ သပိတ် အကြောင်း နဲနဲ ပြန်ရှင်းပြပါမယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် တတိုင်းပြည်လုံး သပိတ် စတော့ သုံးခွမြို့ မှာ မစနိုင်သေးပါဘူး။ သုံးခွမြို့ က စက်မှူ ကျောင်းသား တွေနဲ့ တခြား တက္ကသိုလ် ကျောင်းသားတွေက ရန်ကုန်သပိတ်မှာပဲ ပါဝင်နေကြတော့ ကျနော်တို့ မြို ကို ပြန်မလာကြသေးပါဘူး။ ဒါကြောင့် ဦးဆောင်သူ မဲ့နေတယ်။ ပြီးတော့လဲ မြို့ မှာရှိတဲ့ မိဘဆွေမျိုး အားလုံး ကိုယ့်ကလေးတွေကို အိမ်မှာပဲနေစေပြီး အပြင်လုံးဝ ထွက်မခိုင်းတာလဲ ပါ ပါတယ်။ ကျနော်တို့ ကတော့ လက်ဖက်ရည်ဆိုင် မှာ ထိုင်ရင်းက အချိတ်အဆက် လုပ်ခဲ့ကြပါတယ်။ ပထမဆုံး ရောက်လာတာက ကဗျာ စာရွက်ကလေး တွေပါ။ အဲ့ဒါက ၁၉၈၈ သြဂုတ် ၈ ရက်နဲ့ ၉ ရက်နေ့ တွေမှာပေါ့။  
အဖေ့ရဲ့ ခွေးမိုက်၊ သားတို့ ကို ကိုက်နေပြီ
အဖေ့ရဲ့ ခွေးမိုက်၊ သားတို့ ကို ရိုက်နေပြီ
အဖေ့ရဲ့ ခွေးမိုက်၊ သားတို့ ကို သတ်နေပြီ
အဖေ ဗိုလ်အောင်ဆန်းရေ
လက်သုံးတော် အဖေ့ဂျပန် ဓါးနဲ့ 
ဒီခွေးတွေကို တအားလွှဲခုတ်လိုက်ပါ အဖေ။ ။
အဖေ မွေးထားတဲ့ စစ်တပ်က သားတို့ ကို ပြန်သတ်နေတယ်လို့  ရန်ကုန်မှာ ကိုဘုန်းမော်တို့  ကိုစိုးနိုင် တို့ စက်မှူတက္ကသိုလ် အာရ်အိုင်တီ ကျောင်းသားတွေ အသတ်ခံခဲ့ရတာတွေ၊ အဖမ်းခံရ ရိုက်နှက် နှိပ်စက် ခံခဲ့ရတာတွေကို ဖေါ်ထုတ် ရေးထားတဲ့ ကဗျာရှည်ပါ။ ဒီကဗျာကို မေ့ကုန်ပါပြီ။ အခုက မှတ်မိ သလောက် ပြန်ရေးပြတာပါ။ တချို့ စာသားတွေလဲ လွဲနိုင်ပါတယ်။ အဓိပါယ်ကတော့ ဒီသဘောပါဘဲ။ ပြီးတော့ ကျနော်တို့ က ကော်ပီ စာရွက်တွေမှာ လက်ရေးနဲ့  ကဗျာ တွေကို ပြန်ကူးရေးပြီး လိုက်ဝေခဲ့ ကြပါတယ်။ တိတ်တိတ် တိုးတိုးပေါ့။
တကယ်တော့ သုံးခွမြို့  ၈၈၈၈ သပိတ်စတာက ၈ ရက်နေ့ မဟုတ်ပါ။ ၁၁ ရက် ၈ လ ၈၈ ကျမှ စပါ တယ်။ ၁၁ ရက်နေ့ မနက်အစောကြီးမှာပဲ သတင်းရောက်လာပြီ။ လူငယ်အားလုံး မြို့ အနောက်ဖက် ကမ်းကို လာစုကြ။ အနောက်ဖက်ကမ်း ဘုရားကြီးမှာ သံလျှင်မြို့ က ကျောင်းသားခေါင်းဆောင် ၄ ယောက် ရောက်နေပြီတဲ့။ ကျနော်တို့ လက်ဖက်ရည်တောင် မသောက်ကြတော့ဘူး။ မုန့် လဲ မစားတော့ပဲ။ ဘာအစာမှ မစားတော့တာပါ။ ရေတောင် မသောက်လိုက်ဘူးထင်တယ်။ အနောက်ဘက်ကမ်းကို သွားကြတယ်။ ဟုတ်ပ။ အမျိုးသမီး ၃ ယောက် အမျိုးသားတယောက် ကျောင်းသားခေါင်းဆောင်တွေ တွေ့ ပြီ။ သူတို့ က ကျနော်တို့ ကို လက်ရှိ တိုင်းပြည်မှာ ဖြစ်နေတာတွေကို ရှင်းပြ တရားဟောတယ်။ အားပါးပါး အဲသည်မှာ လာစုနေတာလေ လူ ၁၀၀၀ လောက်ရှိမယ်။ ထပ်လဲ လာနေကြတယ်။ ကျောင်းသားတင်မကဘူး။ လယ်သမား၊ အလုပ်သမား လူစုံပါဘဲ။ ဒါကြောင့်ပဲထင်တယ်။ ဟိုတနေ့ က မန္တလေးမှာ လုပ်တဲ့ အထက်ဗမာပြည် ၈၈၈၈ ငွေရတုပွဲ ကျင်းပရေး အစည်းအဝေးမှာ အဘ ဦးသိန်းတန်က ကျောင်းသားတွေဘဲ လုပ်တယ် ဆိုတာမျိုးထက် လူတန်းစား အစုံက ၈၈၈၈ ကို လုပ်ခဲ့ကြတယ်ဆိုတာ အသိအမှတ်ပြုရမယ်လို့ ပြောသွားခဲ့ ပါသေး တယ်။ ဒီနေ့ ၈၈၈၈ နှစ် အစိတ်ပြည့်မှာ သုံးခွမြို့ က သပိတ်တိုက်ပွဲဝင် ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ ၀န်ထမ်းတွေနဲ့ အထူးသဖြင့် မြို့ နယ် ရဲတပ်ဖွဲ့ ဝင်တွေကို ဂုဏ်ပြု မှတ်တမ်း တင်လိုပါ တယ်။
ဘာကြောင့် ၈၈၈၈ မှာ သုံးခွမြို့ နယ် ရဲတပ်ဖွဲ့ ဝင်တွေကို ကျေးဇူးတင်ပါသလဲ။ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှူ တည်ဆောက်ရေးအဖွဲ့ ) အာဏာသိမ်းချိန်မှာ စစ်တပ်က သပိတ်စခန်းတွေကို ၀င်ရောက်ပစ်ခတ်လို့ မော်လမြိုင်၊ စစ်ကိုင်း၊ ရန်ကုန်၊ ပဲခူးစတဲ့ မြို့ နယ်တွေမှာ ကျောင်းသားတွေ သေဆုံးကုန်ကြပါတယ်။ ဒါမျိုးမဖြစ်စေရအောင် ဆိုပြီး မြို့ မိမြို့ ဖတွေက စီစဉ်ကြပါတယ်။ သပိတ်စခန်းကို တနယ်လုံး လိုင်စင်နဲ့ ကိုင်တဲ့ လက်နက်တွေ လာအပ်ကြပါတယ်။ စစ်တပ်ဝင်လာရင် ပြန်တိုက်နိုင်အောင်လို့ ပါ။ အသာတကြည့်အပ်ကြပါတယ်။ သုံးခွမြို့ နယ် ရဲစခန်း ကလဲ ရဲတပ်သားတွေအားလုံးက လက်သီးလက်မောင်း ဆန့် တန်းပြီး ကျောင်းသားတွေ သပိတ်အဖွဲ့  ၀င်တွေကို စစ်တပ်က တဖက်သတ် ပစ်သတ်တာ မခံရရေး ရဲလက်နက်အားလုံး ပေးမယ်လို့ အော်ပြီး အများဆန္ဒနဲ့ လက်နက်တွေ လွှဲအပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကာလ သုံးခွ သပိတ်က လူ ၅၀၀ နဲ့  ၀ိုင်းပြီး ရဲစခန်းက လက်နက်တွေကို ၀င်လုသွားတယ်လို့ န၀တ ငြိမ်ပိ အစိုးရသတင်းစာက ရေးပါတယ်။ အဲဒါ လုံးဝ မှားပါတယ်။
သတင်းစာမှာ လီဆယ်ရေးထားတဲ့ အချက်အရပဲ နောက်ပိုင်းမှာ သပိတ်ခေါင်းဆောင် ဦးစိန်ဝင်းနဲ့  ပါဝင်ခဲ့သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ နှစ်ရှည်ထောင်ဒါဏ်တွေ တဖက်သတ် ချပစ်ခဲ့ပါတယ်။ ရန်ကြီးအောင် ဦးစိန်ဝင်း ဆိုရင် အင်းစိန်ထောင်ထဲမှာဘဲ နှိပ်စက် ဒါဏ်တွေနဲ့ ကွယ်လွန်ခဲ့ရပါတယ်။
သူ ကွယ်လွန်တဲ့နေက ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်ပါ။
သုံးခွမြို့ ၈၈၈၈ သပိတ်အစ မနက်ခင်းကို ပြန်ကြည့်ရင်တော့ အနောက်ဘက်ကမ်းကနေ မြို့ လယ် ပါတီ ယူနစ်ရုံးကို ချီတက်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ လမ်းလျှောက်ကြပြီ။ ၄ ယောက်တတန်း။ လူတန်းဟာ မဆုံးတော့ဘူး။ အနောက်ဘက်ကမ်းကနေ မြို့ ထဲ အကူး မှော်ဝန်းချောင်းကို ဖြတ်ဆောက်ထားတဲ့ အနောက်ဖက်ကမ်း တံတားဟာ ပုခက်လွှဲသလို ဖြစ်နေတယ်။ လူတွေက များလွန်းလို့ တံတားဟာ ပုခက်လို ရမ်းနေတယ်။ အဲ့သလောက် လူများခဲ့ပါတယ်။
ဓါတ်ပုံ –  http://sheinnanda.blogspot.com
နောက်ပိုင်းတော့ မြို့ လယ် ဈေးနဲ့ ကပ်လျှက် ဒေါ်မိန်းကလေး စာကြည့်တိုက်နားက ရှစ်မျက်နှာဘုရားထဲမှာ ဗဟို သပိတ် စခန်း ဖြစ်သွားပါတယ်။ ဒီလိုနဲ့ ကျနော်တို့ စည်းရုံးရေးတွေ ဆင်းကြ။ လုံခြုံရေးတွေ လုပ်ကြပေါ့။ ကျနော်တို့  မြို့ သပိတ်မှာ ခေါင်းဆောင်တာကလဲ ရန်ကြီးအောင်ဦးစိန်ဝင်း ကလဲ စီမံခန့် ခွဲမှု အလွန်ကောင်းပါတယ်။ သူက ၁၉၆၂ ခုနှစ် (တကသ) တက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ ဒုဥက္ကဌ၊ ကိုဘဆွေလေးက ဥက္ကဌပေါ့။ ၇ ဂျူလိုင် လို့ ခေါ်တဲ့ ဆဲဗင်းဇူလိုင် အရေးအခင်းကို သူတို့ ဦးဆောင်ခဲ့ ကြတာပေါ့။ တကသ ကြီးကို ဗုံးခွဲအပြီးမှာ ထောင်လဲကျခဲ့တယ်။ ကိုကိုးကျွန်းမှာ အပို့ ခံခဲ့ရပြီး အစာငတ်ခံ ၅၃ ရက်ထင်တယ်။ ဆန္ဒ ပြပြီး မသေတသေနဲ့ ထောင်က လွတ်လာသူ။ သူ့ ကြောင့် သုံးခွသပိတ်စခန်းမှာ နိုင်ငံရေးကို တော်တော် သိခဲ့ကြတာ။ နောက်တော့ အာဏာသိမ်းတယ်။ စက်တင်ဘာ ၁၈ အာဏာသိမ်းတယ် ဆိုပေမယ့် သုံးခွသပိတ်က ချက်ခြင်း သပိတ်မလှန်ဘူး။ လွယ်လွယ်နဲ့ အရှုံးမပေးခဲ့ဘူး။ ဒါက ဦးစိန်ဝင်းရဲ့ စိတ်ဓါတ်။ စက်တင်ဘာလ ၂၁ ရက်နေ့ အထိ သပိတ် ဆက်မှောက်ထားတယ်။ တခြား မြို့ တွေနဲ့  မတူဘူး။ ၈၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်ကျမှ စစ်တပ်ဝင်လာတဲ့အတွက် သပိတ်စခန်းက ထွက်ခွာခဲ့ကြတာ။ သံလျှင် ရေနံချက်စက်ရုံစောင့် ခလရ ၉၀ က ၀င်သိမ်းခဲ့တာ ဖြစ်ပါတယ်။
ဒီလိုနဲ့ ကျနော်တို့ လဲ သပိတ်စခန်းက ဆုတ်တယ်။ ဦးစိန်ဝင်းရဲ့ အစီအမံပါဘဲ။ သပိတ်တပ်သားတွေကို ၃ စုခွဲတယ်။ ခေါင်းဆောင် ထိပ်ပိုင်းတွေက လက်နက်ကိုင်တော်လှန်ရေးကို သွားမယ်။ အလယ် အလတ်တန်း ခေါင်းဆောင်တွေက ယူဂျီနေမယ်။ ပုန်းနေမယ်ပေါ့။ ပြသနာမရှိတဲ့ တတိယအဆင့် ခေါင်းဆောင်မဟုတ်သူတွေက တနေရာမှာ ခနနေပြီး မိဘနဲ့ ဆက်သွယ်ပြီး အိမ်ပြန်ကြလို့ ဆုံးဖြတ် တယ်။ ကိုယ့်နယ်က လက်နက်ကိုင်တော်လှန်ရေး နယ်နဲ့ လဲ မနီးဘူး။ ဒါကြောင့် တတိယတန်းစားတွေ ကို မခေါ်တာပေါ့။ ရှင်းပြတယ်။ အားလုံး လက်ခံတယ်။ ရှစ်မျက်နှာ သပိတ်စခန်းက ဆုတ်။
ကျနော်တို့ စဆုတ်တော့ သုံးခွကနေ ခရမ်းမြို့ ဘက်အထွက် ဥက္ကံဝ ဆိုတဲ့ ရွာကို ဆုတ်တယ်။ အဲသည် မှာ ခနခိုပြီး ဗိုက်ကလဲဆာနေချိန် ကားလမ်းမကြီးကို ဖြတ်ပြီး မြို့ အရှေ့ စူးစူး ပင်လယ်ပြင်ကို သွားမယ် ဆုံးဖြတ်တယ်။ ပင်လယ်ရောက်မှ လှေနဲ့ ကရင် မွန်သူပုန်နယ်ကို သွားကြမယ်ပေါ့။ အဲသည်မှာ လူတန်းကြီးဟာ ကာလမ်းကူးအပြီး မီးရောင်မှိန်မှိန်တွေနဲ့ ထမင်းတွေကို တောင်းအကြီးကြီးတွေမှာ ထည့်ပြီး ဝေပေးနေသူတွေနဲ့ တန်းတွေ့ တော့တာပါဘဲ။

အမေကြီးက ထမင်းလဲကျွေးရင်း၊ ရေလဲတိုက်ရင်း၊ ကျနော်တို့ ကို ပိုက်ဆံတချို့ လဲ ပေးသေးတယ်။ မျက်ရည်တွေလဲ ကျနေတယ်။ ငိုသံပါကြီးနဲ့ ကျနော့်ကို ကြည့်ပြီး ပြောခဲ့တယ်။ သားတို့ ရယ် မင်းတို့  မိဘတွေနဲ့  ခွဲရတော့မယ်နော်။ ငါတောင် မျက်ရည် ဒီလောက် ကျနေရင် မင်းတို့  မိဘတွေဆို ဘယ်လို ခံစားကြရ မလဲ။ ဘယ်လောက် ၀မ်းနည်းကြမလဲ။ ဒါပေမယ့် စားကြပါ။ ၀အောင်စားကြပါ။ ပြီးရင် သွားကြ။ သူတို့ ကို နိုင်အောင် တိုက်ကြ။ သူတို့ ကို နိုင်မှ ပြန်လာခဲ့ကြ။ ဆိုပြီး ပြောသံကို အခု နှစ် အစိတ် ကြာလာတဲ့အထိ ကြားယောင်နေဆဲပါ။ မြင်ယောင် နေဆဲပါ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts