>မိုးထက်နေ – ရမ္ဘိုလို ေနပၝ


>

ရမ္ဘိုကို ရမ္ဘိုလို နေပါစေ
မိုးထက်နေ

ဖေဖော်ဝါရီ ၇၊ ၂၀၀၈

ခေတ်ပေါ်ရောဂါလို့ ပြောရမလား။ ကျနော်တို့ဆရာ တော်တော်များများ ရမ်ဘိုဓာတ်ရှင်ကားအကြောင်း ရေးကြတယ်။ ကျနော်ကတော့ အစကတည်းက ရေးဖို့ အစီအစဉ်လည်း မရှိဘူး၊ သဘောထားပေးဖို့လည်း စိတ်မပါဘူး။ ရမ်ဘိုဓာတ်ရှင်ကနေ ကျနော်တို့ မြန်မာနိုင်ငံအတွက် ဘာရနိုင်မလဲဆိုတာပါလို့ မဝံ့မရဲ တွေးကြည့်မိတာတော့ ရှိတာပေါ့လေ။ ခုတော့ အခြေအနေတစ်ခုအရ မရေးလို့၊ တရားဝင် သဘောထားမပေးလို့ မရတော့တာကြောင့် ကျနော်လည်း ခေတ်ထဲ ခုန်ချလိုက်ပါတယ်။

ကျနော် သိသလောက်တော့ ဂျိမ်းစဘွန်းဓာတ်ရှင်တွေ၊ ရမ်ဘိုဓာတ်ရှင်တွေ ဆိုတာကလည်း မင်းသားခံရ၊ ပြန်ချ၊ ဇာတ်သိမ်းတော့ လူဆိုးတွေအကုန်သေ ဆိုတဲ့ ပက်တန်(pattern) တွေပဲ ဇာတ်ကွက်ဇာတ်ကြောင်းနဲ့ နေရာသာ ပြောင်းသွားတာ ရှိတာကိုး။ ဒါပေမဲ့ စတုတ္ထမြောက် ရမ်ဘိုဇာတ်လမ်းတွဲကတော့ ကျနော်နေတဲ့နိုင်ငံအကြောင်း ပါတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြူးပြဲကြည့်လိုက်မိပါတယ်။ သိပ်တော့လည်း မထူးပါဘူး၊ ရမ်ဘို့ပါးစပ်က “လေးစားပါတယ်” ဆိုတဲ့ မြန်မာသံထွက်တာက လွဲလို့ပေါ့လေ။

အဲဒီနောက်ဆက်တွဲ ပြဿနာတွေက ရမ်ဘိုကို ချီးကျူးကြ၊ ရှုတ်ချကြ ဆိုတဲ့ အကွဲအလွဲ အသံတွေ တသီကြီးထွက်လာတာကို တွေ့ရတယ်။ ဒါကလည်း လူတိုင်း ကိုယ့်ခံစားချက်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်တဲ့ ခွင့်အရ ရေးကြတာဖြစ်တယ်။ ကျနော် တော်တော်လည်း အံ့သြတယ်။ ဘာလို့ ရမ္ဘိုကို ရမ္ဘိုလို မမြင်နိုင်ပါလိမ့် ဆိုတဲ့ အတွေးမျိုးလည်း တွေးမိတယ်။

တချို့က လူတွေက ရမ်ဘိုကြောင့် ဗမာစစ်တပ်ရဲ့ဆိုးဝါးရက်စက်မှုကို ကမ္ဘာကသိမယ်၊ အနည်းဆုံးတော့ ပြည်ပရောက် မြန်မာတွေရဲ့စိတ်ထဲ ကိုယ့်တိုင်းပြည်ရဲ့ ဆိုးဝါးမှုတွေကို ရမ်ဘိုက သယ်ဆောင်လာမယ်လို့ မျှော်လင့်တယ်၊ ရေးတယ်။ တချို့က ရမ်ဘိုဟာ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုတွေ တသီကြီးနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ပိုကျစေတယ် ဆိုတာမျိုး တွေးတယ် ရေးတယ်။ အဲဒီထဲမှာ နိုင်ငံရေးပညာရှင်တွေ၊ အနုပညာသမားတွေ ပါတယ်။

ရမ်ဘိုဓာတ်ရှင်တွေဟာ အပျော်ကြည့် သက်သက်လို့ ကျနော်က မြင်နေတော့ နှစ်ဘက်လုံးကို ကျနော့် အနေနဲ့ အကြွင်းမဲ့ မထောက်ခံနိုင်ဘူး။ ရမ်ဘိုဓာတ်ရှင်ပေါ်မှာ ကျနော်မျှော်လင့်တာ စင်္ကာပူ OBP အဖွဲ့ရဲ့လှုပ်ရှားမှုမျိုးကလွဲလို့ ဘာမှ မမျှော်လင့်ပါဘူး။ ရမ်ဘိုဓာတ်ရှင် အကြောင်းပြပြီး လူအင်အားပြတဲ့ လှုပ်ရှားမှုမျိုးပေါ့။ ပြည်တွင်းမှာဆိုလည်း နိုင်ငံရေးလုပ်သူတွေရဲ့ မင်္ဂလာဆောင်တွေ၊ အလှူတွေမှာပဲ ဒီလို ရှာကြံပြီး အင်အားပြနေရတာ နှစ်ပေါင်းမှ မနည်းတော့ပဲ။

ဒီထက်ပိုပြီး ကျနော့်အနေနဲ့တော့ ဘာမှလည်း မမျှော်လင့်ဘူး ဖြစ်လာလိမ့်မယ်လို့လည်း မယုံကြည်ဘူး။ ရမ်ဘိုကြောင့် မြန်မာပြည်အကြောင်း ကမ္ဘာကသိမယ်လို့ မျှော်လင့်ရအောင်လည်း ရမ်ဘိုဓာတ်ရှင်ဟာ ဘယ်တော့မှ သမိုင်းကြောင်းနဲ့ တခမ်းတနား ရိုက်တာမျိုး မဟုတ်ဘူး။ သူ့ရန်သူဖြစ်မယ့် လူတွေရဲ့ ရက်စက်မှုသက်သက်ကိုပဲ ရိုက်ပြတာမျိုးဖြစ်တယ်။ ဒါမှ မင်းသားဂုဏ် တက်မှာကိုး။ နောက်တစ်ခုက တကယ်စိတ်ဝင်စားတဲ့ ကမ္ဘာ့လူထုအနေနဲ့ မြန်မာစစ်တပ်ရဲ့ ဆိုးဝါးမှု အကြောင်းကို ရမ်ဘိုဓာတ်ရှင် ကြည့်မှ မဟုတ်ပါဘူး၊ စက်တင်ဘာ ကာလမှာတုန်းက BBC,CNN စတဲ့ ကမ္ဘာ့ သတင်း ဋ္ဌာနကြီးတွေကသတင်းတွေကို နားထောင်ရုံနဲ့ သိမှာပါ။

ကျနော် အလုပ်လုပ်နေတဲ့ နိုင်ငံမှာလည်း ရမ်ဘို ရုံတင်နေတာပဲ။ ကျနော့်ရုံးကလူတွေ စက်တင်ဘာတုန်းက မေးတဲ့ မေးခွန်းမျိုး ရမ်ဘိုဓာတ်ရှင်ကို အကြောင်းပြုပြီးမေးတာ ခုထိ မခံရသေးဘူး။ သူတို့ အနေနဲ့ ရမ်ဘိုဓာတ်ရှင် ဆိုတာ အပျော်ကြည့်သက်သက်ကိုး။ ဂျိမ်းစဘွန်းတို့၊ ရမ်ဘိုတို့ ဆိုတာ စားမြုံ့ပြန်ရလောက်အောင် တန်းမှမရှိပဲ။

ရမ်ဘိုကို မထောက်ခံလို့တော့ ပြဿနာတွေ မတက်ကြပါနဲ့။ တံဆိပ်တွေ မကပ်ကြပါနဲ့။ ကျနော်တို့ တော်လှန်ရေးကြီးနဲ့ ရမ်ဘိုနဲ့လည်း ဘယ်လိုမှ မပတ်သက်ပါဘူး။ ရမ်ဘိုဓာတ်ရှင်ထဲက ဗမာပြည်ဆိုတဲ့နေရာမှာ တခြားတိုင်းပြည်တစ်ခုခု ဖြစ်ခဲ့ရင်လည်း ကျနော်ကတော့ ဒီတိုင်းပဲရှိလိမ့်မယ်။

ရမ်ဘိုအပေါ်မှာ တကယ်အသုံးချသွားနိုင်တာ၊ အမှန်အတိုင်း ချဉ်းကပ်သွားနိုင်တာ ကျနော် ခုထိ သိသလောက်တော့ စင်္ကာပူက လူစုပဲ ရှိသေးတယ်လို့ မြင်ပါတယ်။ စုပေါင်း ရုပ်ရှင်ကြည့်တဲ့ အလုပ်ကို လုပ်ဖြစ်အောင် ဦးဆောင်သွားတဲ့ OBP နဲ့ စင်္ကာပူက ရဲဘော်တွေကို ဒီနေရာက အလေးပြုလိုက်ပါတယ်။

ရမ်ဘိုကို တောက်ခံသူ မထောက်ခံသူတွေကြားက ပြဿနာဆိုတာလည်း အဓိက အကြောင်းရင်းကတော့ ရမ်ဘိုကို ရမ်ဘိုထက် ပိုပြီးမျှော်လင့်တဲ့ ပြဿနာက စတာပါ။ ဦးရမ်ဘိုကြီးကြောင့် ကမ္ဘာက မြန်မာကို ပိုသိမယ်လို့ ကျနော်တော့ မယုံကြည်သလို၊ ဒီဓာတ်ရှင်ကို ကြည့်ပြီး ကျနော်တို့တိုင်းပြည်ကို မကောင်းလည်း မြင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ ရမ္ဘိုကို ရမ္ဘိုလိုပဲ ကြည့်ကြမှာကြောင့် ဖြစ်ပါတယ်။ ကျနော်တို့အားလုံးလည်း ရမ္ဘိုကို ရမ္ဘိုလိုပဲ ပေးနေလိုက်ရအောင်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts