သန်းဝင်းလှိုင်

Than Win Hlaing – Articles

ရတနာပုံ နေပြည်တော် သတင်းစာ
သန်းဝင်းလှိုင်
ဇူလိုင် ၃၁၊ ၂၀၁၃


မင်းတုန်းမင်းတရားကြီးလက်ထက်တွင် မြန်မာအမျိုးသားပိုင် မြန်မာအမျိုးသားတို့၏ ပထမဆုံးသတင်းစာဖြစ်သော `ရတနာပုံနေပြည် တော်သတင်းစာ´ (Mandalay Gazette) ပေါ်ထွက်လာလေသည်။
သတင်းစာထုတ်ဝေသော သတင်းထောက်ဘကွန်းက သူ၏ `ရတနာပုံသတင်းစာ´ ဆောင်းပါး၌ မြန်မာသက္ကရာဇ် ၁၂၃၆ ခု တပေါင်းလဆန်း ၁၃ ရက်နေ့ (ခရစ်နှစ် ၁၈၇၄ ခုခန့်) ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ မဟာဆွေမူကား `ဘိုးဝဇီရ´ စာအုပ်တွင် ၁၂၃၆ ခု တန်ခူးလဆန်း ၇ ရက်နေ့တွင် ထုတ်ဝေသည်ဟု ဆို၏။ သို့ရာတွင် မဟာဆွေသည် အတိအကျ သိရှိ၍ မဟုတ်။ သူရရှိသော ရတနာပုံသတင်းစာ တစ်စောင်၏ ရက်စွဲနှင့် အတွဲနံပါတ်မှ ပြန်လှန်တွက်ချက်၍ ယူဆခြင်းသာ ဖြစ်၏။ မဟာဆွေနှင့်အတူ `ဘိုးဝဇီရ´ ရေးရာတွင် ပါဝင်ကူညီခဲ့သော ဦးသိမ်းမောင် (သံတော်ဆင့်) ကလည်း သူ၏ `သတင်းစာ ဆရာ´ တွင် ၁၂၃၆ ခု၊ တန်ခူးလဆန်း ၇ ရက်ဟု ဆိုထားရာ မဟာဆွေ၏ တွက်နည်းကိုပင် အသုံးပြုထားသည်ဟု ယူဆရန်ရှိပေသည်။
`ရတနာပုံ ဖိုးမှတ်စု´  အမည်ခံ ဆောင်းပါးရှင်က ကိုယ်တိုင် မှတ်စုတစ်ခုအရ ၁၂၃၆ ခု၊ တပေါင်းလပြည့်ကျော် ၇ ရက်၊ တနင်္ဂနွေနေ့ထုတ် ရတနာပုံသတင်းစာ၌ ပထမလတွဲ ဂဏန်း ၂ ဟူ၍ ပါရှိရာ၊ သတင်းစာ ပထမအကြိမ် ထုတ်သည့်နေ့မှာ ၁၂၃၆ ခု တပေါင်းလဆန်း ၁၃ ရက်နေ့ ဖြစ်ရန် အကြောင်းရှိပေသည်။
`ရတနာပုံသတင်းစာ´  မထွက်မီ သက္ကရာဇ် ၁၂၃၃-၃၄ ခုနှစ် (ခရစ်နှစ် ၁၈၇၁ ခုနှစ်ခန့်) တွင် ပုံနှိပ်စက်များကို ရန်ကုန်မှ မန္တလေးမြို့သို့ ဝယ်လာပြီး ရွှေနန်းတော်တွင်း၌ `စာပုံနှိပ်စက်တော်´ ဟု ဖွင့်လှစ်ကာ မဟာသမယသုတ်၊ ဓမ္မစကြာသုတ်၊ သဒ္ဒါသံခိပ်လင်္ကာအဖြေအဖွင့်၊ မှန်နန်းရာဇ၀င်တော်၊ တရားစာများ၊ ကျမ်းဂန်များကို ရိုက်နှိပ်ခဲ့သည်။
ရတနာပုံနေပြည်တော်သတင်းစာ ထုတ်ဝေခြင်းနှင့် ပတ်သက်၍ ရာဇဝင်ဆရာတချို့က ရတနာပုံနေပြည်တော် သတင်းစာကို မန္တလေး ရွှေမြို့တော်ရှိ ဘရင်ဂျီဂိုဏ်း သာသနာပြု ဘီဂန်ဒတ် (Bigandet) ၏ အကြံပေးချက်အရ မင်းတုန်းမင်းကြီးက ထုတ်ဝေခဲ့သည်ဟု ဆိုသည်။ အချို့က ထိုအချိန်က ကင်းဝန်မင်းကြီး ဦးဆောင်သော မြန်မာသံအဖွဲ့သည် အင်္ဂလန်၊ ပြင်သစ်၊ အီတလီ စသော ဥရောပ တိုင်းကြီး ပြည်ကြီးများမှ ပြန်လည်ရောက်ခါစ ဖြစ်၍ သတင်းစာလုပ်ငန်း အစီအစဉ်တရပ်ကို ကင်းဝန်မင်းကြီးနှင့်အတူ ပါလာသည်ဟု ဆိုသော် ဆိုနိုင်ရာသည်ဟု ဆိုလေသည်။
ဆရာကြီးဇေယျက `ပုဂံမင်းလက်ထက် ဒုတိယ မြန်မာ-အင်္ဂလိပ် စစ်ပြီးငြိမ်းသည့်နောက် မင်းတုန်းမင်းတရားကြီး လက်ထက်တွင် မြန်မာနိုင်ငံသည် ပြင်ပနိုင်ငံများနှင့် အဆက်အဆံများပြားလာသည်က တစ်ကြောင်း၊ အင်္ဂလိပ်တို့ သိမ်းပိုက်ထားသော မြန်မာနိုင်ငံအောက်ပိုင်းရှိ အင်္ဂလိပ်သြဇာခံ သတင်းစာများက မြန်မာမင်းနှင့် မြန်မာအစိုးရအကြောင်းကို မကြာခဏ အမနပစကား ရေးသားကြသည်ကို တန်ပြန်ချေဆို ရေးသားနိုင်ရန် လိုအပ်သည် တစ်ကြောင်း၊ ဤသို့သော အကြောင်းများကြောင့်….´ ရတနာပုံ နေပြည်တော် သတင်းစာကို ထုတ်ဝေသည်ဟု ဆိုပါသည်။
ဆရာကြီးဇေယျ၏ အဆိုသည် မှန်ပါလိမ့်မည်။ စင်စစ် ဗြိတိသျှပိုင် အောက်မြန်မာပြည်တွင် သတင်းစာများ တွင်ကျယ်ခေတ်စားနေသဖြင့် ရတနာပုံနေပြည်တော်သတင်းစာကို ထုတ်ဝေခြင်း ဖြစ်ပေလိမ့်မည်။ ရတနာပုံနေပြည်တော်သတင်းစာ မထုတ်မီက အောက်မြန်မာပြည်တွင် `မြန်မာသံတော်ဆင့်သတင်းစာ´၊ `မြန်မာဂေဇက်သတင်းစာ´၊ `မြန်မာသတင်းစာ´၊ `လောကီသုတပညာသတင်းစာ´ များ ထုတ်နေကြလေပြီ။
`ရတနာပုံသတင်းစာ´  ကား ဘုရင့်သတင်းစာ ဖြစ်၏။ သို့ရာတွင် ထိုသတင်းစာနှင့် ပတ်သက်၍ ဘုရင်ဖြစ်သူ မင်းတုန်းမင်းတရားကြီးက အောက်ပါအတိုင်း အမိန့်တော် ချမှတ်ချက်ကား ရာဇဝင်တွင်ထိုက်လှတော့သည်။
`ငါဘုရင် မကောင်းလျှင် မကောင်းသလို ငါ့ကို ရေး၊ မိဘုရားတွေမကောင်းလျှင် မိဘုရားတွေကိုရေး၊ သားတော် သမီးတော် မင်းညီမင်းသားတွေ နည်းလမ်းမကျလျှင် မကျသလိုရေး၊ လွှတ်တော် တရားသူကြီးတွေ လွဲမှားလျှင် လွဲမှားသလို ရေး၊ မြို့ဝန်မတရားလျှင် မြို့ဝန်ကိုရေး၊ မင်းတို့ သတင်းစာမှာ ဘာအပြစ်မျှ မရှိစေရ။ နန်းတွင်းကို သတင်းစာတိုက် လူတွေ ဝင်စေ၊ ထွက်စေ၊ အဆီးအတား မရှိစေရ´
ရတနာပုံနေပြည်တော် သတင်းစာ ထုတ်ဝေရေးအတွက် ကင်းဝန်မင်းကြီး ဦးဆောင်ကြိုးပမ်းရာတွင် ရှေးဦးစွာ စာတိုက်တည်ထောင်ရန် ဥပဒေကို ရေးဆွဲပြီး မင်းတုန်းမင်းကြီးထံ တင်ပြကြသည်။ မင်းတုန်းမင်းကြီးက ထိုဥပဒေကို ၁၂၃၅ ခု ၀ါခေါင်လပြည့်ကျော် ၇ ရက်နေ့တွင် အတည်ပြုပေးသည်ကို အမျိုးသားစာကြည့်တိုက်ရှိ ပုရပိုက်မူအရ သိရှိရပေသည်။
အဆိုပါ ဥပဒေကို ကြည့်ခြင်းဖြင့် သတင်းစာ၏ ရည်ရွယ်ချက် အဘယ်မျှ ခေတ်မီသည်ကို သိနိုင်သည်။ သတင်းစာတိုက် တည်ထောင်ရန် ဥပဒေကို မည်သူတွေ ပါဝင်ရေးဆွဲကြသည်ကိုလည်း ပုရပိုက်မူတွင် ပါရှိပေသည်။ ဥပဒေမှာ အောက်ပါအတိုင်း ဖြစ်သည်။ (မူရင်း စာလုံးပေါင်းအတိုင်း ဖော်ပြထားပါသည်။)
သတင်းစာတိုက်တော်တည်ရန် ဥပဒေလက်ခံဘုရား
သတင်းစာတိုက်တော်တည်ရန် ရွှေမြို့တော်မှာ သင့်မည်။ ရန်မြို့မှာ သင့်မည်။ ညှိနှိုင်းတင်လျှောက်စာ။ ဘုရား အမိန့်တော်မြတ်ကို ဦးထိပ်တက်ဆင်ရွက်ရသည့်အတိုင်း။ ညှိနှိုင်းကြရာ။ ရွှေမြို့တော်မှာ တည်လုပ်စေရန်။ သင့်သည်ဖြစ်၍ သတင်းစာတိုက်တော် တည်လုပ်ရန် ဥပဒေဘုရား။
မြန်မာဘာသာ။ အင်္ဂလိပ်ဘာသာ။ အက္ခရာနှစ်မျိုး ဆက်စပ်၍။ ရွှေမြို့တော်က သတင်းစာ ရိုက်ထုတ်ရလျှင်။ ခံစားရန် အကျိုးဘုရား။
၁-ချက် ။ ။ မန္တလေး ရတနာပုံ ရွှေမြို့တော်ကြီးက။ ရိုက်ထုတ်သည့် သတင်းစာဟူသော ဒေါင်းတံဆိပ်နှင့်။
အပြည်ပြည်ထောင် သိုးဆောင်းနိုင်ငံများသို့။ ဖြန့်ဖြူးပေးကမ်းရလျှင်။ ရောင်းရေးဝယ်မှု။ ပညာ။ အကြံအစည်။ မြန်မာနိုင်ငံတော်မှာ။ အရာခပ်သိမ်း တိုးတက်ရန် ရှိကြောင်း။ ကျော်စောပြန့်နှံ့၍။ နိုင်ငံခြားအစိုးရများနှင့်။ ကုန်သည်။ အလုပ်သည်။ ပညာသည်တို့နှင့်။ အတိုင်းထက်အလွန်။ ဆက်ဆံ မှီခို။ အများ လာရောက်။ ပွင့်လင်း စည်ပင်။ တိုးတက်ရန် အကျိုး။
၂-ချက် ။ ။ နိုင်ငံတော်သို့ မှီခိုလာရောက်မည့် ကုန်သည်တို့။ ရောင်းလိုသော ကုန်စည်။ ၀ယ်လိုသောကုန်စည်များကို။ ကုန်သည်များနှင့်။ နိုင်ငံတော်ရှိ ကုန်သည်တို့။ အရောင်းအ၀ယ် ကြီးကျယ်။ အင်အားတိုးတက်ရန် အကျိုး။
၃-ချက် ။ ။ ဥရောပတိုက်။ အိနြ္ဒိယနိုင်ငံ။ တရုတ်နိုင်ငံ။ ယိုးဒယားနိုင်ငံ စသည်များက။ အရပ်ရပ်အကြောင်းကြောင်းကို။ ကြားသိရသဖြင့်။ နိုင်ငံသားတို့။ အလုပ်အကိုင်။ အကူးအသန်း။ အကြံအစည်။ တိုးတက်ရန် အကျိုး။
၎-ချက် ။ ။ ဥရောပတိုက်။ အိနြ္ဒိယနိုင်ငံ။ ရန်ကုန် စသည်များက။ မြန်မာနိုင်ငံတော်ကို ထိခိုက်၍။မကောင်းသတင်း ရိုက်ထုတ်ခဲ့လျှင်။ ရွှေမြို့တော် သတင်းစာတိုက်က။ ပြန်လှန်ချေဆို။ နိုင်ငံတကာ ကြားသိကျေလည်။ ယုံကြည်ရန် အကျိုး။
၅-ချက် ။ ။ ဘုန်းတော် ဂုဏ်တော်။ နိုင်ငံတော် ကြက်သရေကို။ နိုင်ငံတကာ မပြတ်ကြားသိကျေညာအောင်။ အလိုရှိသမျှ ထည့်ရိုက်ကြော်ငြာ၍။ ဘုန်းတော် ဂုဏ်တော်။ ကြက်သရေတော်။ အတိုင်းထက်အလွန်။ ကျော်စောပြန့်နှံ့ရန် အကျိုး။
၆-ချက် ။ ။ ပြည်သူတို့ အကြံအစည်။ အဆိုး အကောင်း။ အကြောင်းအရာများကို။ အစိုးရလူကြီးတို့။ မပြတ်ကြားသိ။ တိုင်းထွာဆင်ခြင်ပြုပြင်၍။ နိုင်ငံတော် အခြေခိုင်ပြီး။ ကြီးကျယ်တိုးတက်ရန် အကျိုး။
၇-ချက် ။  ။ သိုးဆောင်းနိုင်ငံများနှင့်။ ဆက်ဆံဥပဒေပါ။ အစိုးရအကြောင်း ကုမ္ပဏီအသင်းတို့အကြောင်း။ကြော်ငြာရန် ရှိသည်များကို။ ၄င်း သတင်းစာတွင်။ ထည့်ရိုက်ကြော်ငြာရန် ရှိသည်များကို။ ၄င်းသတင်းစာတွင်။ ထည့်ရိုက်ကြော်ငြာစေ၍။ နိုင်ငံခြားလူတို့။ နှစ်သက်ကြည်လင်။ အရောင်းအ၀ယ်။ ကြီးကျယ်စည်ကား။ တိုးတက်ရန်အကျိုး။
၈-ချက် ။ ။ ပြည်သူတို့တွင် မတော်ပြုကျင့်သူ ရှိခဲ့လျှင်။ ၄င်းသတင်းစာက။ ကဲ့ရဲ့ကြော်ငြာ၍။ပြုမိသူနှင့်တကွ။ လူအများ ရှက်ကြောက် ရွံရှာကြသဖြင့်။ အတိုင်းထက်အလွန်။ ကောင်းမွန်ကြရန် အကျိုး။
၉-ချက် ။ ။ အခြားနိုင်ငံက။ ပညာစာ။ နိုင်ငံတော်ရှိ လောကီ လောကုတ္တရာ ပညာစာများကို။ ၄င်းသတင်းစာတိုက်က ပုံရိုက်၍ အဖိုးအနည်း ငယ်နှင့်။ ရောင်းချသဖြင့်။ နိုင်ငံတော်သားတို့။ ပညာ ပြန့်ပြောတိုးတက်ရန် အကျိုး။
၁၀-ချက် ။ ။ ၀ိနည်း ပိဋကတ်တော် စသည်များကို။ မင်္ဂလာကုန်မှူးကုန်သည်ကြီးတို့က ဖြစ်စေ။ သတင်းစာတိုက်ဆရာက ဖြစ်စေ။ ပုံနှိပ်ရောင်းချ၍။ ပိဋကတ်တော် အထောင်အသောင်း ပွားများခြင်း။ ပုဒ်ပါဋ္ဌ် အက္ခရာဝဏ္ဏ၊ မှန်ကန်ညီညွတ်ခြင်း။ ငွေ ၁ဝဝဝိ တန်သည့် စာကို။ ၂၀ိ၊ ၂၅ိ နှင့်။ မည်သည့်အခါမဆို အလိုရှိသမျှ ရနိုင်၍ ပြည်သူတို့ အလွယ်တကူ။ ဝယ်ယူလှူဒါန်း ပူဇော်။ သာသနာတော်မြတ် အကျိုး တိုးတက်ရန်။
၁၁-ချက်။ ။ ရွှေမြို့တော်မှာ။ သတင်းစာတိုက်တော် တည်လုပ်မိလျှင်။ ၄င်းသတင်းစာတိုက်ကိုအကြောင်းပြု၍။ ပြည်သူတို့။ ပစ္စည်းဘဏ္ဍာ။ စာချုပ်အမှတ်အသား။ ထာဝရအရှည်။ တည်ကြည်ငြိမ်သက်သည့် အရာများကို စောင့်ရှောက်ရန်။ ခိုင်ခန့်မြဲမြံသည့် အရာများကို စောင့်ရှောက်ရန်။ ခိုင်ခန့် မြဲမြံစေသော။ အစိုးရ သက်သေခံဥပဒေ တည်လုပ်ရလျှင်။ ရွှေ ငွေ စိန်ကျောက်။ အဝတ်အထည် စသော။ တဒင်္ဂရောင်းဝယ်မှု။ ရွှေ့ပြောင်းနိုင်သည့် သာမညပစ္စည်းမှတစ်ပါး။ သင်္ဘော။ တိုက်အိမ်။ စက်ရုံ။ လယ်ယာဥယျာဉ်။ ခြံမြေ အမွေခံအမွေလွှဲ။ အကြွေအငန်း ရောင်းဝယ်မှု။ ငွေချေမှု စာချုပ်မှစ၍။ မြဲမြံခိုင်ခန့်စေသည့်အရာ။ မရွှေ့မပြောင်းနိုင်သည့် အရာများကို။ အစိုးရသက်သေခံ ဥပဒေရှိရာ။ တိုင်ကြားစေ၍။ ဥပဒေရှင်တို့က။ အမှုအင်အားနှင့် ထောက်ချင့်။ သတင်းစာတွင်။ ရက် လ ပိုင်းခြားထည့်ရိုက် ကြော်ငြာ၍။ တံဆိပ်တော်ခတ်မတ်။ မြဲမြံစေခြင်းဖြင့်။ ပြည်သူတို့မှာ။ လုဆိုငြင်းပွား။ တရားအရှုပ်အထွေး နည်းပါးခြင်းအကျိုး။ အရောင်းအ၀ယ် အကူးအသန်း ခိုင်ခန့် မြဲမြံစေသော။ အစိုးရသက်သေခံ။ ဥပဒေရုံတော်တည်ထောင်။ သတင်းစာတိုက်တော်က။ ကြော်ငြာတံဆိပ်တော် ခတ်မှတ်ရကြောင်းကို။ နိုင်ငံအများကြားသိပြန့်နှံ့၍။ နိုင်ငံတော်မှာ။ တိုးတက်ကြောင်းထင်ရှားသဖြင့်။ အပြည်ပြည်ထောင်က နှစ်သိမ့်ချီးမွမ်းရန်အကျိုး။ သက်သေခ ဥပဒေရှင်တို့က။ သတင်းစာ ထည့်ရိုက်ကြော်ငြာ တံဆိပ်တော် ခတ်မှတ်ရသမျှကို။ ကြော်ငြာ မှတ်သားရ၍။ ၁၀၀ လျှင် ၆ ကျပ် စသဖြင့် ခံယူလျှင်။ ခွန်တော်များစွာ။ ကြီးကျယ်တိုးတက်ရန် အကျိုးများကို ခံစားရန်။
၁၂-ချက်။ ။ ရွှေမြို့တော်မှ သတင်းစာတိုက်တော် တည်လုပ်ရန်။ စက်ကိရိယာဘိုး အရင်းအနှီး ငွေတော် ၆၅၀၀ိ သတင်းစာဆရာ ငရှင်ကလေးကို။ ထုတ်ပေးမစတော်မူ၍။ တည်လုပ်စေမည်။
၁၃-ချက်။ ။ သတင်းစာမှာ။ ရက်တပတ် အမှန် ထုတ်ဝေ၍။ အများ ၀ယ်ယူကြည့်ရှုနိုင်အောင်။ သတင်းစာ တစ်စောင်ကို။ တစ်လလျှင် ၁ိ ကျသာ ခံယူစေမည်။
၁၄-ချက်။  ။ သတင်းစာတိုက်မှာ လစဉ် စရိတ်နှင့် ကျေလောက်အောင်။ ပြည်သူတို့ မ၀ယ်ခြမ်းမီအတွင်း။ အဦးအစ။ တစ်နှစ်တန်သည်။ နှစ်နှစ်တန်သည်။ အစိုးရက မစ၍။ သတင်းစာ ၅၀၀ ယူကြစေမည်။
၁၅-ချက်။ ။ တစ်နှစ် နှစ်နှစ်ရှိ၍။ အများဝယ်ယူ။ အင်အားရှိသည်ကာလ။ အစိုးရများက။ မစ၀ယ်ယူသည့် သတင်းစာကို လျှော့၍ အလိုရှိသမျှသာ။ ယူကြစေမည်။
၁၆-ချက်။ ။ အရင်းစိုက်ထုတ်။ မစတော်မူရသည့် ငွေတော် ၆၅ဝဝိ မှာ နှစ်နှစ်နှင့် ပြေလည်အောင်။ သတင်းစာဆရာ ငရှင်ကလေးက။ ဆက်သွင်းစေမည်။ မကြေမလည်ရှိခဲ့လျှင်။ အလိုတော် ရှိရာ။ ပိဋကတ်စာများကို။ ပုံရိုက်စေ၍။ ပေတော်ရေ ၁၀ အင်္ဂါဝင်သည့် စာအုပ် ၅၀၀ က အထက်ကို။ တစ်အုပ်လျှင် ၅ိ ကျ။ ၁ဝဝဝ က အထက်ကို။ တစ်အုပ်လျှင် ၃ိ ကျနှင့်။ ပုံရိုက်ဆက်သစေမည်။
၁၇-ချက်။ ။ မစတော်မူရင်း ငွေတော်မပြေမီအတွင်း။ အစိုးရနှင့်ဆိုင်သည့် ကြော်ငြာစာ။ လေလံစာများကို အဖိုးအခမယူ။ ရိုက်ထုတ်ကြော်ငြာစေမည်။ မဟာမိတ်ဖြစ်ပြီး ဖြစ်ဆဲ၊ အဝေးနိုင်ငံများသို့။ ဖြန့်ဖြူးပေးကမ်းရန်။ ၇ ရက် တစ်ပတ်လျှင် သတင်းစာစောင်ရေ ၂ဝဝ ဆရာငရှင်ကလေးက ဆက်သွင်းစေသည်။
၇ ရက်နေ့ ရှေ့ဆောင်တော်တွင် ခန်းပတ်မြို့စားမင်းကြီး။ ကနီအတွင်းဝန်မင်း။ အတွင်းဝန်ဆောမြို့စားမင်း။အတွင်းဝန် ယောမြို့စားမင်း။ ရွှေတိုက်အတွင်းဝန်မင်း။ ၀န်ထောက်ပုပ္ပားမြို့စားမင်း။ ဗန်းမော်ဝန်ထောက်မင်း။ ပုဂံဝန်ထောက်မင်းတို့စုံညီ။ သတင်းစာတိုက်တည်ရန် စကားကို။ ကင်းဝန်မင်းကြီးက အမိန့်တော်မြတ်ခံရာ။ ရွှေမြို့တော် အနောက်ပြင်တွင်။ တည်လုပ်ပြီး ရှိသည့် တိုက်တော်များတွင်။ သင့်ရာ တိုက်ကို ရွေးချယ်၍။ သတင်းစာတိုက်ပြုလုပ်စေ။ ဘုရားအမိန့်တော်မြတ်ကို ဦးထိပ်ထက်တင်ရွက်ရသည်ကို။ သံတော်ဆင့် မင်းလှစည်သူကျော် မှတ်သားချက်။
သတင်းစာကို တစ်လလျှင် ၄ ကြိမ် ထုတ်၏။ လဆန်း ၇ ရက်၊ လဆန်း ၁၃ ရက် လဆုတ် ၇။ လဆုတ် ၁၃ ရက်နေ့တို့တွင် ဖြစ်၏။ အများအားဖြင့် အလျား ၉ လက်မ၊ အနံ ၁၁ လက်မ (ရွိုင်ရယ် ၄ ချိုး) အရွယ်ရှိသော စာမျက်နှာ ၆ မျက်နှာမှာ ၈ မျက်နှာထိ ထုတ်ဝေလေ့ရှိ၏။ အထူးထုတ်လျှင်ကား ၁၀ မျက်နှာခန့်အထိ ရှိသည်။ သတင်းစာ၏ ခေါင်းစီးနေရာတွင် `ရတနာပုံနေပြည်တော်သတင်းစာ´ ဟု ရေး၍ ထိုအောက်က ဒေါင်းရုပ်ဝိုင်းတစ်ခု ပါ၏။ ဒေါင်းရုပ်အောက်က တစ်ဖန် အင်္ဂလိပ်ဘာသာဖြင့် မန္တလေးဂေဇက် (Mandalay Gazette) ဟု ရိုက်နှိပ်ထား၏။
သတင်းစာကို ၀န်ကြီး၊ ၀န်ထောက်၊ မြို့ဝန် စေသော မင်းမှုထမ်းတို့အား ဘုရင့်အမိန့်တော်နှင့် ၀ယ်ယူဖတ်ရှုစေသည်။ တစ်နှစ်လျှင် သတင်းစာကြည့်ခနှုန်းကို ဒေါင်းဒင်္ဂါး ၁၀ိ ပေးရလေသည်။
သတင်းစာကို စတင်ထုတ်ဝေသောအခါ မော်လမြိုင်သား တရုတ် မြန်မာ ကပြား၊ စာပုံနှိပ်အတတ်နှင့် တရုတ်၊ မြန်မာ၊ အင်္ဂလိပ်၊ မွန်၊ ကုလား၊ ကရင် စသော ဘာသာ ခြောက်မျိုးတတ်သူ အဟီးကို နေမျိုးသီဝသိဒ္ဓိနှင့် သံတော်ဆင့်ရာထူးပေးပြီး ဦးဆောင်လုပ်ကိုင်စေ၏။ ထိုစဉ်က `ရတနာပုံသတင်းစာ´ မှာ လူကြိုက်မများလှပေ။
ထို့နောက် မောင်လွင် ခေါ် မောင်ထင် အမည်ရှိ ဘိုးဝဇီရ ၀င်ရောက်လုပ်ကိုင်မှ သူ၏အရေးအသားကြောင့် လူကြိုက် များလာ၏။ ဘိုးဝဇီရအား `သတင်းစာဆရာ´၊ `စာတိုက်စာရေး´၊ `စာရေးတော်´ ဟူသော အခေါ်အဝေါ်များဖြင့် ခေါ်ဝေါ်ကြသည်။ ယခုကာလ အခေါ် အယ်ဒီတာပင် ဖြစ်၏။
အဟီးက ကြေးနန်းသတင်းများကို ဘာသာပြန်၍ ဘိုးဝဇီရက အခြားသတင်းများကို ရေးသည်။ရတနာပုံသတင်းစာသည် ထူးခြားထင်ရှားသော သတင်းရေးပုံတို့အတွက် နာမည်ထွက်ခဲ့၏။ ဘိုးဝဇီရသည် မိမိ၏ ကဗျာစွမ်းဖြင့် သတင်းများကို ကနွဲ့ကလျဖြစ်အောင် ကာရန်နဘေများဖြင့် ခြယ်သဆင်ယင်ကာ ရေးသားသဖြင့် သတင်းစာကို လူကြိုက် အလွန်များလာလေသည်။
စိန်စားသတင်း၊ ကြိုးဆွဲချသတင်း၊ တောင်ပုဘုရားပွဲသတင်း၊ မြင်းပေါ်က ကျသော ဆောင်းပါးသတင်း စသည်တို့မှာ ထင်ရှားလှသည်။ ထို့ကြောင့် `ရတနာပုံသတင်းစာ´ ကို `စိန်စားသတင်းစာ´ `တောင်ပုသတင်းစာ´ ဟူ၍ပင် ခေါ်ဝေါ်ခဲ့ကြသည် ဆို၏။
ရတနာပုံသတင်းစာနှင့် ပတ်သက်၍ အင်္ဂလိပ်တို့ကမူကား `ထူးဆန်းသော သတင်းစာ´ ဟူ၍ ခရစ်နှစ် ၁၈၇၉ ခု ဒီဇင်ဘာလအတွင်း လန်ဒန်မြို့မှ ထုတ်ဝေသည့် ဒေးလီးနယူးစ် (Daily News) သတင်းစာ၌ ဖော်ပြ၍ `ဆန်းပြားသော အိပ်မက် မြင်ခြင်းများ၊ အတိတ်တဘောင်စနည်းများနှင့် ထူးခြားယုံကြည်မှုများကို ဖော်ပြတို့ဖြင့် ပြည့်နှက်နေသည်ဟု´ ဝေဖန်ထားလေသည်။ ထိုသတင်းမှာ ရန်ကုန်မြို့ရှိ ၄င်းတို့ သတင်းထောက်က နိုဝင်ဘာလ ၉ ရက်နေ့စွဲဖြင့် ပို့လိုက်သည့် သတင်း ဖြစ်သည်။
`ရတနာပုံသတင်းစာ´  တွင် ခေါင်းကြီးပိုင်းယူ၍ အမြဲတမ်း ရေးလေ့မရှိ။ တစ်ခါတစ်ရံ မှူးမတ်ကြီးများကလည်း မည်သို့မည်ပုံ ရေးရန် ပြောဆိုသည့်အခါမှ တစ်ပါး ခေါင်းကြီးပိုင်းဟူ၍ မရှိချေ။
အခြား ပါဝင်လေ့ရှိသော အခန်းများမှာ-
၁။ ပြက္ခဒိန် (မြန်မာ လရက်၊ အင်္ဂလိပ် လရက်တို့ကို တွဲပြထားသည်)
၂။ သတင်းစာ ဝယ်ယူဖတ်ရှုသူတို့ စာရင်း
၃။ နေပြည်တော်သတင်း
၎။ တလိုင်းသုံးရပ်သတင်း
၅။ နိုင်ငံခြား ကြေးနန်းသတင်း
၆။ ဆောင်းပါး
၇။ သတင်း ကောက်နုတ်ချက်တို့ ဖြစ်ကြ၏။
`ရတနာပုံသတင်းစာ´  တွင် အဟီးနှင့် မောင်ထင် (နောင် ဘိုးဝဇီရ) အပြင် မောင်စံမောင် နှင့် မောင်ခို ဆိုသူ သူငယ်နှစ်ဦး ရှိ၍ သူတို့က သတင်းထောက်ခြင်း၊ သတင်းစာကို လက်လီရောင်းခြင်း၊ နှစ်ကြေးပေး၍ ကြည့်ကြသူ မှူးမတ်အရာရှိကြီးများထံ သတင်းစာ ပို့ပေးရခြင်းတို့ကို ပြုလုပ်ရ၏။ မောင်စံမောင်နှင့် မောင်ခိုတို့သည် လခ ၁၀ိ စီရ၏။ အဟီးမှာ ၁၅၀ိ ရ၍ မောင်ထင် (ဘိုးဝဇီရ) မှာ ကနဦးတွင် ၁၅ ကျပ်၊ နောက် ၆ဝ ရ၏။
ရတနာပုံသတင်းစာမူဟောင်းတစ်ခုကို ပြန်လည်ထုတ်ဝေသည့် ဟံမင်းဝေး၏ `ရတနာပုံနေပြည်တော် သတင်းစာသမိုင်း အကျဉ်းချုပ်´ ကို ညွှန်းရသော် – `၁၂၄ဝ ပြည့်နှစ်၊ နှစ်ဆန်းစလောက်၌ စာရေးတော်(အယ်ဒီတာ) မောင်ထင်သည် လက်မောင်းတွင် အနာပေါက် ခေတ္တအနားယူ နုတ်ထွက်ရာမှ နောက်ထပ်တစ်ဖန် ဆက်၍ သတင်းစာတိုက်တွင် အမှုမထမ်းတော့ဘဲ အဟီးပင် ဆက်လက်အုပ်စိုးရလေသည်။

၁၂၄ဝ ပြည့်နှစ်၊ တော်သလင်းလတွင် မင်းတုန်းမင်းတရားကြီး မကျန်းမမာတော်မူသဖြင့် `ရတနာပုံနေပြည်တော်သတင်းစာ´ ကို ခေတ္တပိတ်ထားရလေသည်။ ထို့နောက် သီပေါမင်း တက်လာသောအခါ အဟီးပင် ဦးစီးခေါင်းဆောင်ပြု၍ သတင်းစာကို ဆက်လက်ထုတ်ဝေခဲ့ပေ၏။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts