>ကိုကီးပေၞ – ဟင့်အင်း …ေူဖဘူး၊ေူဖဘူး

>

ဟင့်အင်း… ဖြေဘူး ဖြေဘူး
ကိုကြီးပေါ်

ဇန်န၀ါရီ ၂၄၊ ၂၀၀၈

မီဒီယာခေတ်ကြီးမှာ မီဒီယာတွေက သိပ်ကို “စတား” ဖြစ်လေတော့ ကိုကြီးပေါ် တယောက်လည်း မီဒီယာတွေထဲမှာ တ၀ဲလည်လည် ဖြစ်နေရတယ် ခင်ဗျ။ တနေ့တနေ့ ပြည်တွင်းပြည်ပ မီဒီယာတွေကို စုံအောင်စေ့အောင် ဖတ်မယ်, နားထောင်မယ်, ကြည့်ရှုမယ် ဆိုရင်၊ အလိုလေးလေး ဒီစကြ၀ဠာထဲက အချိန်နဲ့တော့ လောက်နိုင်မယ် မထင်။ အင်း… “မီဒီယာတွေထဲမှာ ပေါ့်ကိုထားရစ်ခဲ့” လို့ ၀တ္ထုတပုဒ်လောက် ရေးလိုက်ရရင် ကောင်းမလား။

ဖြစ်ပုံက အရေးတကြီး သတင်းတွေကို လိုက်လိုက်ဖတ်တာ များသွားလို့လား မသိပါဘူး၊ အရေး မကြီးတကြီးတွေကို သိပ်စိတ်မ၀င်စားချင်တော့ဘူး။ အဲဒီ သိပ် စိတ်မ၀င်စားတဲ့ အထဲမှာ မြန်မာတိုင်းမ်စ် (Myanmar Times) ဆိုတာလည်း ပါတယ် ခင်ဗျ။ မြန်မာတိုင်းမ်စ် ဆိုတာကြီးကို ကိုကြီးပေါ်က နှစ်ဆယ့်တစ်ရာစု “ချစ်တီး” လို့ပဲ မြင်မိတာပါပဲ။

ဘာကြောင့်လဲဆိုတော့ ဗြိတိသျှခေတ်က ချစ်တီး ဆိုတာက ခွက်တလုံးလက်စွဲလို့ ဗမာပြည်ရောက်လာပြီး၊ ဗြိတိသျှပေးတဲ့ အခွင့်အရေးနဲ့ ဗမာလယ်သမားတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်သူပဲလေ။ ဒန်ကလေ ကကော ဘာထူးလို့လဲ။ စာနယ်ဇင်း ထုတ်လုပ်သူ ဆိုတဲ့ ဆိုင်းဘုတ်ကလေး ထောင်ပြီး ပြည်ထဲဝင်လာ၊ ဗိုလ်ခင်ညွန့်နဲ့ပေါင်းပြီး အခွင့်ထူးတွေရယူ၊ ပြီးတော့ လူထုဆီက ချွေးနည်းစာကို ညှစ်ယူသွားတာပဲ မဟုတ်လား။

အခွင့်ထူးခံ စာနယ်ဇင်း အဖြစ် မိန့်မိန့်ကြီးနဲ့ ဖိန့်ဖိန့်ကြီး လုပ်စားနေတာ။ အရှင်မွေးတော့ နေ့ချင်းကြီးပေါ့ဗျာ။ အဟဲ… အရှင် ခွေးဖြစ်တော့ သူလည်း ချက်ချင်းကြီး “ဂန့်”တာပေါ့။ ခြေသလုံးဖက် ကောင်းလွန်းလို့ ဂျာနယ် ရပ်မသွားပေမယ့်၊ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားတာ အားလုံး အသိပါ။ ဇာတ်ကြောင်းတွေကို ပြန်ပြောင်း ပြောမနေချင်ပါဘူး။ တို့ဗမာ ပရိသတ်တွေက ဆတ်ခနဲ လှစ်ပြရင် ထပ်ခနဲဖြစ်အောင်ကို သိပြီးသားတွေပါ။

နအဖရဲ့ လက်တံတိုတမည် လက်တံရှည်တသွယ် လုပ်လာတဲ့ မြန်မာတိုင်းမ်စ်ကလေးဟာ ဗိုလ်ကျော်ဆန်း နဲ့ ၀င်းကျော်ဦး တို့ရဲ့ လျှပ်တပြက် “နှုတ်ဝှေ့ပွဲ” အမှတ်မထင် ဖြစ်သွားရာက အစ နည်းနည်းကလေး လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ (နှုတ်ဝှေ့ပွဲ ဆိုတာ လက်သီးနဲ့ မထိုးဘဲ နှုတ်နဲ့ထိုးလို့ ကိုကြီးပေါ် ထွင်လိုက်တဲ့ စကားလုံးပါ။)

အခုတော့ နှုတ်ဝှေ့ပွဲ ကနေ “ဘေဘော” ပွဲကို ပြောင်းသွားတယ် ခင်ဗျ။ (Baseball မဟုတ်ပါ။ ၄င်းနှင့်အသံဆင်သော ဘေဘော ဖြစ်ပါတယ်။ ဘေ ဆိုတာ သိတယ် ဟုတ်။) မြန်မာတိုင်းမ်စ်က ဘောပစ်သူ၊ ဗိုလ်ကျော်ဆန်းက ဘောဘေသူပေါ့။ ဒီတပွဲမှာ ဗိုလ်ကျော်ဆန်းက ၀င်းကျော်ဦးကို ဘေလိုက်တာ မြန်မာတိုင်းစ်ပါ “ဂိ” သွားပါတော့တယ်။

နှစ်ဆန်းက ရှစ်ပေ စလောင်းတွေကို အခွန် ဆယ်သိန်း ဆောင်ရမယ်လို့ ဆက်သွယ်ရေးဌာနက လုပ်လိုက်တော့ လူထုကြားမှာ အုတ်အော်သောင်းတင်းကို ဖြစ်သွားတယ်လေ။ လူထု မကျေနပ်သံက အတော်ပြင်းတော့ သကောင့်သားတွေ အသာပြန်ကုပ်သွားပြီး၊ အခွန်ဆောင်ဖို့ ခေတ္တဆိုင်းငံ့ပါတယ်လို့ လုပ်လိုက်ကြပြန်ရော။

ဒီအကြောင်းကို မြန်မာတိုင်းစ်က မျက်နှာဖုံးမှာ ဖော်ပြလိုက်တယ်လို့ သိရတယ် ခင်ဗျ။ အဲသဟာကို အကြောင်းပြုပြီး မြန်မာတိုင်းစ်ကို စာပေစိစစ်ရေးက တပတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ အယ်ဒီတာ သုံးယောက်နဲ့ သတင်းထောက်ချုပ် တယောက်ကိုလည်း အလုပ်ဖြုတ်လိုက်တယ်၊ ဒါဟာ ပြန်ကြားရေးဌာနက ဖိအားပေးလို့ ဖြစ်တယ် ဆိုပါတယ်။

ချင်းမိုင်အခြေစိုက် ဧရာဝတီမဂ္ဂဇင်းက စာပေစိစစ်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေကို မြန်မာတိုင်းမ်စ် ပိတ်တာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းတော့ ဖုန်းသာကိုင်ပြီး ဘာမှ ပြန်မဖြေဘူးလို့ ရေးတာ ဖတ်လိုက်ရပါတယ်။ ကြည့်ရတာ ဗိုလ်မှူးတင့်ဆွေက ကိုယ့်ပါးစပ်ကိုယ်ပါ ကိုယ်ကိုယ်တိုင် ဆင်ဆာ လုပ်ထားပုံ ရပါတယ်။ သူများကို ဆင်ဆာလုပ်လိုက်၊ ပိတ်လိုက် ဖြုတ်လိုက် လုပ်ပါများတော့ အကျင့်ပါသွားပြီး ကိုယ့်ရဲ့ ပါးစပ်တွေ မျက်စိတွေကိုလည်း ဆင်ဆာလုပ်ထားပဲ ဖြစ်မယ် ထင်တာပါပဲ။

အဲ… ဒီထက် နည်းနည်းထူးတာက အဆိုပါ စာတည်းမှူးနှင့် သတင်းထောက်ချုပ်တို့အား ရာထူးမှထုတ်ပယ်သည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာတိုင်း(မ်) ဂျာနယ်အား ဖုန်းဆက်သွယ်မေးမြန်းရာ ယင်းသတင်းနှင့် ပတ်သက်၍ မည်သူမျှ ဖြေကြားခွင့်မရှိကြောင်း၊ ရော့စ်ဒန်ကလေမှာလည်း ခရီးထွက်နေကြောင်း ပြောဆိုသည်။ တဲ့ဗျာ။ ခေတ်ပြိုင်သတင်းမှာ ဖော်ပြထားတာပါ။

ဘယ်နဲ့ဗျာ၊ ကိုယ်တိုင်ကတော့ ပြန်ကြားရေးဝန်ကြီး ဆိုတာကြီးအထိ တက်ပြီး မေးလိုက်မြန်းလိုက်၊ ဟိုဌာန ဒီဌာန သွားပြီး မေးလိုက်မြန်းလိုက်၊ ဟိုဈေး ဒီလမ်း လျှောက်ပြီး မေးလိုက်မြန်းလိုက်။ အခု သတင်းဌာနက မေးတော့ ဘာမှ ပြန်မဖြေဘူးတဲ့။ သတင်းဌာနကြီး တခုလုပ်ပြီး သူများသတင်းဌာနက မေးတာကျတော့ မဖြေဘူးဆိုတော့။ ဒုက္ခော… ကိုကြီးပေါ်လည်း ဘယ်လိုမှကို နားမလည်တော့ပါဘူးဗျာ။

သြော်… သူတို့ခမျာလည်း သူများကိုပဲ မေးရမယ်၊ ကိုယ့်ကိုမေးရင် မဖြေရလို့ သင်တန်းက ပို့ချတဲ့အတိုင်း ကျင့်သုံးတယ် ထင်ပါရဲ့။

ချစ်တီး ဆိုတဲ့သူကလည်း ဘီဘီစီက သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး – ဗိုလ်ကျော်ဆန်းက ဖိအားပေးလို့ ၀န်ထမ်းတွေကို ဖြုတ်ပစ်တာလား – လို့မေးတော့၊ သွားဖြဲနှာဖြဲ တဟဲဟဲလုပ်ပြီး “ပတ်ကြောင်လည်ဝှေ့” ဖြေသွားလေရဲ့။

ပြည်ပ မီဒီယာတွေက ပြည်တွင်း ဌာနဆိုင်ရာတွေကို ဖုန်းဆက်မေးမြန်းရင် ခေါ်မရ, ဖုန်းမကိုင်, ပြန်မဖြေ, မသိပါ, ပြောခွင့်မရှိပါ စတဲ့စတဲ့ အဖြေတွေကိုပဲ ရတတ်လေ့ ရှိပါတယ်။ ဒီတခါ မြန်မာတိုင်းမ်စ် ကလည်း “ဟင့်အင်း ဖြေဘူး” လို့ လုပ်လိုက်တော့၊ ကိုကြီးပေါ် အထင်ပြောရရင် “ဂန့် ရာက ဂိ၊ အခု ဂိ ရာကနေ ဂိန်း သွားမှာကို စိုးရိမ်နေတယ် ထင်ပါရဲ့။

(ဓာတ်ပုံမြာ – သတင်းထောက်ခဵပြ် ၀င်းကေဵာ်ဦူးဖစ်သည်။ ထိုငိးိုံင်ငံလာစဉ်က တြေႚရတဲ့ပုံပၝ။ – မိုးမခ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts