>ကိုဳကီးေပၞ – ဘ၀င္မကဵမိတဲ့ အသုံးအႎႁန္း အခဵႂိႚ

>

ဘ၀င်မကျမိတဲ့ အသုံးအနှုန်းအချို့

ကိုကြီးပေါ်
ဇန်န၀ါရီ ၁၇၊ ၂၀၀၈

“သတင်းစာများသည် သမိုင်းကို ပြောနေကြသည်” တဲ့။ ဆရာကြီး လူထုဦးလှ ရဲ့ နာမည်ကျော် စာအုပ်နာမည် ဖြစ်ပါတယ်။ ကိုကြီးပေါ် ငယ်ငယ်က အဲဒီစာအုပ်ကို ဖတ်မိတဲ့အခါတုန်းကတော့ သိတာက နည်းနည်း မသိတာက များများပေါ့။ အဲ အခုတော့ ငယ်ငယ်ကထက် နည်းနည်းပါးပါး ကလေးလောက် ပိုသိလာတော့ သြော်… သတင်းစာဆိုတာ သမိုင်းကို ပြောသူ ဖြစ်ရမှာပါလားလို့ နားလည်မိတယ် ခင်ဗျ။ ပြောသ၊ူ ပြောနေသူ၊ ပြောခဲ့သူ ဖြစ်ရမယ်ပေါ့လေ။

အရင်ကတော့ သတင်းစာလို့ ဆိုပေမယ့် ဒီနေ့မှာတော့ ခေတ်မီအောင် မီဒီယာလို့ ပြောင်းသုံး ရမှာပေါ့နော်။ မီဒီယာ ဆိုတာကလည်း ဒီနေ့ခေတ်မှာတော့ စတားပါပဲ။ ကျယ်ပြန့် မြန်ဆန် ထိရောက် ဆိုတာတွေကလည်း အလွန့်အလွန်ကို ကြီးကျယ်လွန်းလို့ ကိုကြီးပေါ်ဖြင့် လိုက်မမီ နိုင်အောင်ပါပဲ။ မီဒီယာက အရေးကြီးတယ်တဲ့။ မီဒီယာက အဓိကတဲ့။ ထားပါတော့။ ဒီထက်သာတာက လာလိုက်သေး၊ မီဒီယာကို မီဒီယာနဲ့ တိုက်ရမယ် ဆိုပဲ။ ဘယ်လိုတွေ တိုက်မယ် ဖိုက်မယ် ဆိုတာတွေတော့ ကိုကြီးပေါ်က သိပ်မသိပါဘူး။ မှတ်သားထားမိတာလေး တခုကတော့ စာနယ်ဇင်း မီဒီယာဆိုတာ ခေတ်သမိုင်းကို အကောင်းဆုံး မှတ်တမ်းပြုထားနိုင်သူ ဖြစ်တယ် ဆိုတာပါပဲ။

မီဒီယာရဲ့ တန်ဖိုးတွေ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကိုတော့ တတ်ကျွမ်းသူ ဆရာကြီးများက ပြောကြပါလိမ့်မယ်။ ဘာမဟုတ် ညာမဟုတ်တဲ့ ကိုကြီးပေါ် ပြောချင်တာကတော့ မီဒီယာတွေက ပြောနေ ရေးနေတဲ့ အသုံးအနှုန်း အချို့အကြောင်းပါ။

ဒီလိုပါ။ မီဒီယာတွေ ဆိုတာက နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာမျိုးစုံကို လူထုထံ ပြန်ကြားနေရသူတွေဆိုတော့ အကြောင်းအရာ အဖြစ်အပျက်အလိုက် လိုအပ်တဲ့ စကားလုံး အသစ်တွေကိုလည်း တီထွင် ရပါတယ်။ အသုံးအနှုန်းတွေကိုလည်း ဖန်တီးရပါတယ်။

မီဒီယာတွေက အဲသလို အသုံးအနှုန်း စကားလုံးတွေကို တီထွင် ဖန်တီးပြီးတော့၊ ပထမ စမ်းသပ် သုံးကြည့်တယ်။ လူထုက လက်ခံရင် တွင်တွင်ကျယ်ကျယ် ဆက်သုံးတယ်။ ဒီလိုနဲ့ စကားလုံး အသစ်တွေ၊ အသုံးအနှုန်း အသစ်တွေဟာ လူထုထဲမှာ ပြန့်နှံ့စွဲမြဲသွားတယ်။ မီဒီယာတွေက စတင်လိုက်တဲ့ အဲသလို အသုံးအနှုန်းတွေဟာ ခေတ်သမိုင်းရဲ့ ကြေးမုံတွေ အဖြစ် “တွင်” ကျန်ရစ်တော့တာပါပဲ။

မြန်မာ့သမိုင်းကို ပြန်ကြည့်ပါ။ “တူသာသင်း”၊ “လှိုင်ပုကျော်”၊ “ဖေပုရှိန်” ဆိုတာတွေဟာ သတင်းစာတွေက အတိုကောက် သုံးနှုန်းရာက တွင်သွားတဲ့ အမည်တွေပါ။ “၂၁ ဦး”၊ “ငါးပွင့်ဆိုင်”၊ “၀ံသာနု”၊ ”ဓားမပါတီ” ဆိုတာတွေကလည်း သတင်းစာတွေက ပေးလိုက်တဲ့ အမည်တွေပါ။ အခုဆို သမိုင်းစာအုပ်ကြီးတွေထဲမှာကို အကျအန နေရာယူထားကြပြီလေ။ အဲသည် အမည်တွေရဲ့ အဓိပ္ပာယ်ကို လေ့လာကြည့်တာနဲ့တင် သမိုင်းကို လေ့လာပြီးသား ဖြစ်သွားနိုင်ပေတာပေါ့။

စစ်ပြီးခေတ်နဲ့ ဖဆပလခေတ်တလျှောက် ပေါ်ပေါက်ခဲ့တဲ့ အသုံးအနှုန်း စကားလုံးတွေကို ပြန်ရှာကြည့်ရင် စာတအုပ် ရေးရလောက်မယ် ထင်ပါရဲ့။ အခုပြောနေကြတဲ့ “အလံနီ”၊ “အလံဖြူ”၊ “ရဲဘော်ဖြူ”၊ “ရဲဘော်ဝါ” စတာတွေဟာလည်း သတင်းစာတွေက တီထွင်သုံးစွဲရာက တွင်သွားတဲ့ အမည်တွေပါ။ အဲသလို မီဒီယာတွေက တီထွင်သုံးစွဲရာမှာ “ဖော်လံဖား”၊ “စားဖား”၊ “ခွတုတ်”၊ “ကိုင်းကူး”၊ “လက်ကိုင်တုတ်”၊ “ခါးပိုက်ဆောင်တပ်”၊ “ခြေပုန်းခုတ်” စတဲ့ စကားလုံးတွေဟာ အဲသည်ခေတ် နိုင်ငံရေးပုံရိပ်ကို ထင်ဟပ်နေတဲ့ စကား အသုံးအနှုန်းတွေပါ။ လူပုဂ္ဂိုလ်နဲ့ ပတ်သက်တဲ့ “ဘ၀ရှင်မင်းတြားကြီး”၊ “၀ိဓူရ”၊ “ဖော်ကောင်”၊ “ကျွန်းပြန်” စတဲ့ စကားလုံးတွေရဲ့ သမိုင်းကြောင်းတွေဟာလည်း အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဗိုလ်နေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပေါ်လာတော့ သတင်းစာတွေက “မဆလ” လို့ တညီတညွတ်တည်း သုံးခဲ့ကြတာ တွင်သွားပါလေရော။ နောက်တော့ “မဆလာ“လို့ လူတွေက အပြောင်ပြောတာနဲ့ မဆလလို့ မသုံးရဆိုပြီး ပညတ်တော့တာပါပဲ။

ဒီနေ့ခေတ် မီဒီယာတွေက “န၀တ”၊ “နအဖ” လို့ တညီတညွတ်တည်း သုံးနေတာ တွေ့ရတော့ သြော် တို့ခေတ်လူတွေလည်း တာဝန်ကျေကြပေတာပဲလို့ ဘ၀င်ကျမိပါရဲ့။ သို့ပေတဲ့ ဘ၀င်မကျမိတဲ့ အသုံးအနှုန်းတွေလည်း တွေ့နေရသေးတယ် ခင်ဗျ။ အားမနာ ပါးမနာ ပြောကြည့်လိုက်ဦးမယ်နော်။

နေပြည်တော်

နအဖက ရန်ကုန်ကနေ ပျဉ်းမနားမြို့နားက ကြပ်ပြေးရွာကို ကြောက်လန့်တကြား ပြောင်းပြေးပြီးတဲ့နောက် အဲဒီ မြို့သစ်ကို “နေပြည်တော်” လို့ အမည်သမုတ်သတဲ့။ တကယ်တော့ တရားဝင် ကြေညာထားတာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ ရေးနေ ပြောနေတာပါ။ နေပြည်တော် ဆိုတဲ့ စကားလုံးဟာ ကိုယ်ပိုင်နာမ်မှ မဟုတ်ဘဲ။ ဒါ မျိုးပြနာမ် စကားလုံးပဲ။ အဓိပ္ပာယ်က “မြို့” ပေါ့။ ရှင်ဘုရင် နေတဲ့မြို့ကို နေပြည်တော်လို့ ခေါ်တာပါပဲ။ ရှေးအသုံးပါ။ ခုခေတ်မှာ “မြို့တော်” လို့ပဲ သုံးပါတယ်။

ရှေးအသုံးကို ဖုန်ခါပြီး ပြန်သုံးချင်တယ်ဆိုရင်လည်း သုံးပေါ့၊ မတားပါဘူး။ သို့သော် ကိုယ်ပိုင် အမည်တခုတော့ ရှေ့က ထည့်ရမှာပေါ့။ ရှေးက အမည်တွေကို ကြည့်ရင် “ရတနာပုံနေပြည်တော်”၊ “အင်းဝနေပြည်တော်”၊ “ဟံသာဝတီနေပြည်တော်” စသဖြင့် တွေ့ရမှာပါ။ အဲဒီလိုပဲ ကိုယ်ပိုင်အမည်တခု တပ်လေ။ ဘာမှမပါဘဲ နေပြည်တော် တလုံးထဲဆိုတော့၊ အင်း… တကယ့်ကို ကြောင်စီစီပါပဲ။ ကျနော့်နာမည် “ဦး” ဆိုသလို ဖြစ်နေတယ်။

နအဖက ကြောင်တာ အရေးမကြီးပါဘူး။ သူတို့ကြောင်တာ လူတိုင်း သိပြီးသား။ ကိုကြီးပေါ်တို့ မီဒီယာတွေက နအဖလို လိုက်မကြောင်ဖို့တော့ အရေးကြီးတယ် ထင်ပါတယ်။ ရှေးက သတင်းစာကြီးများရဲ့ လမ်းစဉ်ကိုလိုက်ပြီး လိုအပ်နေတဲ့ အမည်ကို ဖြည့်စွက်ပေးလိုက်ဖို့တော့ မီဒီယာသမားတွေမှာ တာဝန်ရှိတယ်လို့ ကိုကြီးပေါ်က ဆော်သြချင်သပ။ ဒါမှ ဒီခေတ်မှာပေါ်တဲ့ ဒီအမည်ဟာ ဒီအကြောင်းတွေကြောင့်ပဲဟေ့လို့ သမိုင်းတွင်ရစ်မပေါ့။ မဟုတ်ဘူးလားဗျာ။ ကိုကြီးပေါ်က ဘယ်လိုသုံးပါလို့ ပြောပိုင်ခွင့် မရှိပါဘူး။ မီဒီယာဆရာတွေ ရွေးချယ်ကြဖို့ပါ။ ကိုကြီးပေါ် တယောက်တည်းအဖို့တော့ “ကြပ်ပြေးနေပြည်တော်” ဆိုတဲ့ အမည်ထက် အဆင်တည့်တာ မတွေ့မိသေးဘူးခင်ဗျ။ ကြပ်တောင် မနေနိုင်လို့ ပြေးရတဲ့မြို့လို့ ဆိုချင်ရင်လည်း ဆိုလို့ရသလေ။ နိပ်တယ်နော်။

စွမ်းအားရှင်

နအဖက သူတို့ ကျောသပ်ပြီး ခိုင်းကောင်းတဲ့ နလဗိန်းတုံးတွေကို “စွမ်းအားရှင်”လို့ အမည် လှလှလေး ပေးလိုက်တယ်။ အဲဒါကို မီဒီယာတွေက ငြင်းချက်မရှိ လိုက်သုံး လိုက်ပြောနေကြတာ တွေ့နေရပါတယ်။ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပာယ်နဲ့ သူတို့ရဲ့ တကယ့်လုပ်ရပ်နဲ့ လားလားမှ မသက်ဆိုင်တာ အားလုံး အသိပါ။ ဒါနဲ့တောင် ဘာကြောင့် ဆက်သုံးနေကြတယ် မသိ။

ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ ပြန်မပြော။ အကောင်းအဆိုး အမှားအမှန် ခွဲခြားမသိ။ ရိုက်ဆိုရိုက်၊ ဆဲဆိုဆဲ၊ အရိုင်းတုံး၊ အမိုက်တုံး၊ အောက်တန်းအကျဆုံး လူ့တိရစ္ဆာန်တွေအတွက် စွမ်းအားရှင် ဆိုတဲ့ အမည်ဟာ လားလားမျှ မသက်ဆိုင်ပါဘူး။ သူတို့လိုလူတွေအတွက် အရင်က “လက်ကိုင်တုတ်”၊ “ခါးပိုက်ဆောင်” စတဲ့ စကားလုံးတွေ သုံးခဲ့ကြပါတယ်။ နောက်ထပ် ဘာတွေ ရှိသေးလည်း ရှာကြည့်သင့်ပေတာပေါ့။ သူတို့နဲ့ ထိုက်တန်တဲ့ စကားလုံးကို သုံးမှ ပညတ်နဲ့ ဓာတ် ဟပ်မိပြီး သမိုင်းမှာ မှတ်တမ်းဝင်တော့မပေါ့။ နအဖ သုံးသလိုသာ ရောယောင်ပြီး လိုက်သုံးနေရရင် သူတို့ကို အားပေး လက်ခံသလို ဖြစ်နေမယ် ထင်တာပါပဲ။

ကိုကြီးပေါ်ကို စိတ်နုတယ် ပြောချင်လည်း ပြောကြပေရော့။ သူတို့အတွက် သင့်လျော်တာက “စစ်ခွေး” ဆိုတဲ့ စကားလုံးလို့ပဲ မြင်မိတာပဲ။ စစ်တပ်က မွေးထားတဲ့ ခွေးအစစ်ကမှ အစာမစားရရင် ခိုင်းတာ မလုပ်ဘဲနေဦးမယ်။ ဟောဒီ လူစကားပြောတဲ့ စစ်ခွေးတွေကတော့ နေ့တွက် သုံးထောင်ကို အကြွေးနဲ့ခိုင်းရင်လည်း လုပ်သဗျ။

NLD

နအဖ သတင်းစာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့ အမည်ကို လုံးဝမသုံးချင်လို့ NLD လို့ပဲ ရေးလေ့ပြောလေ့ ရှိတာကို တွေ့ရပါတယ်။ အခုခေတ်မှာ အင်္ဂလိပ်စကားလုံးနဲ့ ရေးတဲ့ မြန်မာဝါကျတွေက မတွေ့ချင်မှအဆုံး မဟုတ်လား။ ဒီတော့ ပညာတတ်ကြီးတွေက အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားကြဟန်တူပါတယ်။ သို့ပေမဲ့ အင်္ဂလိပ်စာမတတ်တဲ့ မြန်မာပြည်အရပ်ရပ်က တောသူတောင်သားတွေအတွက်တော့ အဲဒီကိစ္စက အတော် ထိရောက်တယ်ခင်ဗျ။

စာရေးတဲ့အခါ NLD လို့ရေးလိုက်တယ်။ သတင်းကြေညာတဲ့အခါ အင်အယ်ဒီလို့ အသံထွက် ကြေညာလိုက်တယ်။ ဒီတော့ အင်္ဂလိပ်စာတတ်သူတွေ၊ နိုင်ငံရေးနဲ့ နီးစပ်သူတွေက နားလည်ပေမယ့်၊ တချိန်တည်းမှာပဲ နားမလည်သူတွေ အများကြီး ရှိနေတယ်ဆိုတာ မီဒီယာ ဆရာသမားတွေ သတိပြုသင့်တယ် ထင်ပါတယ်။ ဒီအချက်ကို နအဖက သိလို့ တမင်တကာ ရေးသား ပြောဆိုနေတာပါ။ အင်္ဂလိပ်လို ရေးလိုက်တော့ နိုင်ငံခြားက အဖွဲ့အစည်းလိုလို ဘာလိုလို ထင်ယောင်ထင်မှား လုပ်နိုင်သေးတယ်လေ။ ဒါဟာ နအဖ မီဒီယာတွေက လူထုမီဒီယာတွေကို ထိုးနှက်နေတဲ့ အချက်လို့လည်း ပြောမယ်ဆိုရင် ပြောနိုင်ပေတာပေါ့။

မြန်မာပြည်သူတွေက “အောင်ဆန်း” ဆိုရင် သိတယ်။ “အောင်ဆန်းစုကြည်“ ဆိုရင် သိတယ်။ “စုကြည်” ဆိုတော့ ဗြုန်းခနဲ ဘယ်သူမှန်း မသိတော့ဘူး။ ဒီလိုပါပဲ။ NLD ဆိုတော့ နည်းနည်း တော့ ယောင်နန ဖြစ်သွားနိုင်သေးတာပဲ။

ကိုကြီးပေါ်ကတော့ မြန်မာစာရေးတာ မြန်မာလို ပီသလေ ကောင်းလေပဲလို့ ထင်တာပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လို့ ရေးရမှာ လက်ညောင်းရင်၊ ပြောရမှာ လေကုန်တယ် ဆိုရင် “အဖွဲ့ချုပ်” လို့ ရေးပေါ့၊ ပြောပေါ့။ ဒါဆိုရင် မြန်မာလိုလည်းဖြစ်တယ်၊ အများလည်း နားလည်မယ် ထင်တာပါပဲ။ NLD လို့ တကူးတကကြီး ရေးနေရတာကိုက နအဖကို အားပေးနေသလိုများ ဖြစ်နေသလားလို့ပါ။

နောက်ထပ်လည်း အများကြီး ရှိပါသေးတယ်။ “သူပုန်”၊ “သင်္ကန်းဝတ်”၊ “… များဆိုသူ”၊ “… အပေါင်းပါ”၊ “သောင်းကျန်းသူ”၊ “ပြည်ခိုင်ဖြိုး”၊ “စွမ်းဆောင်ရှင်” စသဖြင့် ပေါ့လေ၊ အများအပြား ရှိပါလိမ့်ဦးမယ်။

ကိုကြီးပေါ်ကတော့ ဆရာကြီးများ မိန့်ဆိုသွားသလို၊ မီဒီယာဆိုတာ သမိုင်းကို ပြောနိုင်ရမယ်၊ ခေတ်ကို ထင်ဟပ်နိုင်ရမယ်လို့ပဲ နားလည် မိပါတယ်။ ဒီတော့ သမိုင်းအဖြစ်မှန်ကို ဖော်ပြနိုင်တဲ့၊ ခေတ်ကို ထင်ဟပ်နိုင်တဲ့ စကားအသုံးအနှုန်းတွေနဲ့ ရေးကြ ပြောကြရင် တို့မီဒီယာတွေ တာဝန်ကျေပေတယ်လို့ သမိုင်းမှာ မော်ကွန်းတင်နိုင်မယ် ထင်တာပဲ။ နို့မို့ရင် အဲသလိုမဟုတ်ဘဲ ခေတ်ကိုထင်ဟပ်တဲ့ စကားလုံးနဲ့ အသုံးအနှုန်းများ မတီထွင်နိုင်ခဲ့သော ကာလတခု ဖြစ်လေသတည်းလို့ နှောင်းလူတွေက မှတ်တမ်းရေးမှဖြင့်။ အင်း… ခက်မှ ခက်ရချေသေးရဲ့။

(သရုပ်ဖော် ကာတနြ်း – အော်ပီကဵယ် စာအုပ်မြ ကောကိုံတ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts