>
လွတ်လပ်ရေး သီဟနာဒ ၊ ခြင်္သေ့ဆီနဲ့ မောင်းတဲ့ ခြေဖ၀ါး
ဇင်ဝေသော်
ဇန်န၀ါရီ ၇၊ ၂၀၀၈
ဇန်န၀ါရီလ(၃)ရက် ၊ ည(၁၁)နာရီ
“ ဒကာကြီးက အေအိုအေဘီ ကဆရာဇင်ဝေသော်မဟုတ်လား … “
” ဇင်ဝေသော်တော့ ဟုတ်ပါတယ်၊ ဆရာတော့ မဟုတ်ပါဘူး၊ ဘာအကြောင်းများလဲ ဘုရား “
” သတင်းပေးတာပါ … တကာကြီး အနေနဲ့ ဆောင်းပါး ရေးချင်ရေးလို့ ရအောင်လို့ပါ၊ သတင်းအနေနဲ့ကတော့ သတင်းဌာနကြီးတွေကို အကြောင်းကြားထား ပြီးပါပြီ။ “
” မနက်ဖြန် ဇန်န၀ါရီလ ၄ ရက်နေ့ မှာ ဦးဇင်းတို့ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့က ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြကြမလို့ပါ ။ သံဃာတော် စုစုပေါင်း ၅၃ ပါး ပါဝင်ကြမယ်၊ အခု ဦးဇင်းတို့အားလုံး ဂေါ (Galle) မြို့ကို ရောက်နေကြတယ်။ မနက်ဖြန် မနက် ၇ နာရီမှာ ဂေါမြို့ ကနေ မြို့တော် ကိုလံဘို အထိ ငြိမ်းချမ်းစွာ ဆန္ဒပြ လမ်းလျှောက်ကြမယ်။ ၇၂ မိုင်ဝေးတာပေါ့ ၅ ရက်ကြာ ခရီး ဆိုပါတော့ ။”
” သံဃာနည်းသွားရတာက BPU ( Buddhist and Pati University ) က စာမေးပွဲ မပြီးသေးလို့ပါ။ ဒါကြောင့် BPUက သံဃာတွေအနေနဲ့ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ကြရပါတယ်။ စာမေးပွဲကလည်း ရက်ရွေ့လို့ မရ ၊ လွတ်လပ်ရေးနေ့ကလည်း ရက်ရွေ့လို့ မရလေ။”
” တကာကြီးတို့ စင်ကာပူက လှူတဲ့ သင်္ကန်းတွေ၊ န၀ကမ္မ ၀ထ္တုတွေလည်း ရကြပါတယ်။ အဲဒီ သင်္ကန်းတွေကို ရုံပြီး လမ်းလျှောက်ကြမှာပါ။ ဒါတွေအတွက် ဦးဇင်းတို့က ကျေးဇူးတင်တဲ့ အကြောင်းလည်း ထည့်ရေးလိုက်ပါဦး။ ယပ်တောင်တွေလည်း ထမ်းထားကြဦးမယ်၊ အဓိပ္ပါယ်ကတော့ တိုင်းသူပြည်သားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခ၊သုခတွေကို ဦးဇင်းတို့က မျက်ကွယ်ပြုမထားကြပါဘူး၊ မျှဝေ ထမ်းပိုးထားကြမယ် ဆိုတဲ့သဘောပါ။”
” ဒါပါပဲ … ဒကာကြီးရာ။ အိပ်များနေပြီလားလို့ အားနာနာနဲ့ ဆက်လိုက်ရတာ၊ နောက်ကျသွားရတာက အားလုံးစီစဉ်ပြီးမှ ဆက်လိုက်ရလို့ပါ။ ဒါပါပဲ တကာကြီး။ ဒီကိစ္စပြီးရင် ဦးဇင်းတို့လည်း စင်္ကာပူ ခဏကြွခဲ့ ကြဦးမယ် “
ဇန်န၀ါရီ ၄ ရက်
ဒီနေ့
ဆံပင် တချောင်းစ၊ နှစ်ချောင်းစ ဖြူနေပြီဖြစ်တဲ့ မကောင်းဆိုးဝါး လက်ဖ၀ါးကြမ်းထဲက နှစ်ခြောက်ဆယ်မြောက် ကျွန်တော်တို့ လွတ်လပ်ရေးနေ့ ။
ဒီနေ့
မျိုးချစ်စိတ်ရှိတဲ့ စာရေးဆရာတိုင်း မီးဖုတ်ထားတဲ့ သံချောင်းနဲ့မှ ရေးလို့ရမယ် ဆိုရင်တောင် အမျိုးသားရေး စာတပုဒ် ပြီးအောင် ရေးကို ရေးရမဲ့နေ့ ။
ဒီနေ့
အနုကြမ်း စီးခံထားရတဲ့ လွတ်လပ်ရေးပြန်ရဖို့၊ တို့ဖခင်ကြီးရဲ့ မိန့်ခွန်းတွေကို ရိုကျိုးစွာ နာခံရင်း၊ တို့ဖခင်ကြီးရဲ့ သွေးတွေကို ဌားရမ်းရင်း၊ ရင်ခုန်သံပြင်းပြင်းတွေ အသက်ပြန်သွင်းရမဲ့ နေ့ ။
ဒီနေ့
ဗိမာန်ဦးမှာ ဘီလူးကြမ်းတို့ စောင့်ပါစေ ၊ အာဇာနည်ဗိမာန်ကို အရောက်သွားပြီး အာဇာနည်များကို ရိုကျိုးစွာအလေးပြုရမဲ့နေ့ ။
ဒီနေ့
မနေ့က မဟုတ် ၊ မနက်ဖန် မဟုတ်တဲ့နေ့ …
မကောင်းဆိုးဝါးတွေက မိစ္ဆာကြိမ်နဲ့ ရိုက်ပြီး၊ အမေ့ခိုင်းတာတောင် ကျောကွဲခံပြီး ငါတို့ သတိရနေမဲ့ နေ့။ မိစ္ဆာကြိမ်များ ကျရှုံးတဲ့နေ့ ၊ ရဲရင့်သူတို့ နှလုံးသွေးများ ပွင့်စင် လင်းလက်တဲ့ နေ့။
ဒီနေ့
မြင့်မြတ်တဲ့ ခြေဖ၀ါးများ လမ်းလျှောက်တဲ့နေ့ ၊ ခြင်္သေ့နှလုံးသားများ မင်းမူစိုးအုပ် တဲ့နေ့၊ ခြင်္သေ့ဟောက်သံတွေနဲ့ တောခြောက်တဲ့နေ့ ၊ ကမ္ဘာမကြေသီချင်း အကြိမ်တစ်ထောင် ဆိုရမဲ့နေ့။
ကဲ … ခင်ဗျားတို့ ကြည့်လိုက်ကြ …
၇၂ မိုင် ဝေးတဲ့ ခြေလျင်ခရီး တဲ့၊ ငါး ရက် ကြာ ခရီးတဲ့ … ပူစပ်စပ် ရာသီမှာ သင်္ကန်းကြီးတွေ ရုံလို့ တဲ့၊ ယပ်တောင်ကြီးတွေ ထမ်းလို့ တဲ့၊ ပြည်သူ့ရဲ့ အပူကို စာနာရင်း မျှဝေယူဖို့တဲ့၊ မကောင်းဆိုးဝါးတွေကို မောင်းထုတ်ဖို့ တဲ့ ။
လွတ်လပ်ရေးနေ့ ကို ဂုဏ်တူ ၀ိသေသနပြုလိုက်တဲ့ အက်ဂျက်တစ် (adjective) ခြေဖ၀ါးများ …
ဒါနဲ့ပဲ ကျနော့် ရင်ဘက်ကို အရှင်မြတ်တွေရဲ့ ခြေဖ၀ါးနဲ့ အပေါက်ခိုင်းပြီး အရှင်မြတ်တို့သွေးတွေ ကူးစက် ပျော်ဝင်စေပြီး ခပ်ရိုင်းရိုင်းကြီး ရင်ခုန်ပစ်လိုက်တယ်။ လက်ဖျားမှာလည်း သွေးတွေနဲ့ နီစို့လို့ ၊ နှုတ်ဖျားကလည်း ” လွတ်လပ်ရေး သီဟနာဒ၊ ခြင်္သေ့ဆီနဲ့ မောင်းတဲ့ ခြေဖ၀ါးများ …” လို့ အရူးတယောက်လို တတွတ်တွတ် ရွတ်နေမိတယ်။
အကြွေစောခဲ့တဲ့ ကြယ်ပွင့်ကြီး ” တာရာမင်းဝေ ” ရဲ့ ကြမ်းရှရှ စကားလုံးတွေကလည်း တအုံးအုံးနဲ့ မြောက်ကြွ လာပြန်တယ်။
” ငါ့ရှင်တို့က ဘာလဲ …
ငါက ဘာလဲ …
နာမည်တွေ မြေကြီးပေါ် ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်။
တနေ့နေ့တော့ တွေ့ကြမယ်
ငါကတော့ မြက်ဖိနပ်နဲ့ …
ဒါပေမဲ့ …
မြင်းမိုရ်တောင်ကိုလည်း
လိုက်တက်ခဲ့မယ်။
သွားနှင့်ကြပါ …
ဟိုမှာ … ဘုရားရှင် ရှေ့တော်မှောက်က
အိပ်မက်တွေ နဲ့
ဒူးထောက် လဲကျ နေတဲ့လူ …
သူ့ကို ကူပါရစေဦး။ ။ ”
(တာရာမင်းဝေ)
ဧ၀ရက်တောင်ကို တောင်ကြီး ဖ၀ါးအောက် လုပ်ပစ် ခဲ့ကြတဲ့ ခြေဖ၀ါးတွေရဲ့ အဓိပ္ပါယ်ကို ဖော်ကြည့်ဖူးခဲ့ ကြပါသလား။ တချို့တွေက ကိုယ့်အတ္တကို ပွတ်တိုက် အရောင်တင်၊ အလံ လွင့်ထူဖို့။
တစ်ချို့က သူတစ်ပါးရဲ့ ဆင်းရဲတွင်း နက်နက်ကို ကူညီ မြေညှိပေးဖို့။
ကဲ … ကြည့် …။ ဧ၀ရက်တောင် တက်တာခြင်း အတူတူ၊ မတူညီတဲ့ ခြေဖ၀ါးတွေရဲ့ ဦးတည်ရာ ။
တချို့က “ငါ တောင်ထိပ်ပေါ် ရောက်ခဲ့တယ် ..” ဆိုတဲ့ “ငါ” ဆိုတဲ့ အတ္တအတွက်။ တချို့တွေက ဒီခရီးအတွက် ရလာသမျှ အလှူခံ ငွေတွေကို AIDS ရောဂါသည်တွေ ကူညီဖို့၊ အာဖရိက လူငယ်တွေ ကို ကူညီဖို့၊ တောင်တက်ကြတယ် ….
ဒီ အရှင်တွေရဲ့ ခြေဖ၀ါးတွေ ဘယ်ကို ဦးတည် နေသလဲ ။
ကိုလံဘိုမြို့တော်ဆီကိုလား…..
မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်စကားကို နားထောင်ပေးကြပါ ၊ ဒီအရှင်တွေ ဦးတည်တဲ့ ရပ်ဝန်းဟာ ကိုလံဘိုကို မဟုတ်ဘူး။ ၅၂ သန်း ကျော် လူထုရဲ့ ဒုက္ခတွင်းဆီကိုပါ။
ကဲ … ပြောကြ။
လူသားတစ်ယောက်မှ မပါဘူး၊ သံဃာ ၅၃ ပါး။
ဘုန်းကြီးတွေ ဆွမ်းစားပြီးရင် ခေါင်းမြီးခြုံပြီး အိပ်ကြတော့တာပဲ လို့ ၊ ဒီလို ခပ်ညံ့ညံ့ စကားလုံးတွေ ဟာ ဒီအရှင်မြတ်တွေရဲ့ နန်းတော်တံခါးဝမှာ ခြေဦးတောင် လှည့်ခွင့် မရဘူး၊ အဲဒီ တံခါးဟာ ရဲရင့်တဲ့ ခြင်္သေ့တွေ စောင့်ကြပ်တယ်။
အဲဒီ နန်းတော်ဟာ မေတ္တာနက် (Mettanet) နဲ့ စကြာဝဠာကို ဖြန့်ကျက်တယ်၊ အဲသလို ခမ်းနားတဲ့ နန်းတော်ဟာ စစ်အစိုးရရဲ့ မိစ္ဆာအိမ်အိုကို ပြန်ပြီး ခြောက်လှန့်နေလိမ့်မယ်။ ဒါဟာ သေချာလွန်းမက သေချာ လွန်းလှရဲ့။
တိုင်းပြည်ကြီး အေးချမ်းသာယာတော့ အရှင်မြတ်တွေရဲ့ ခြေဖ၀ါးတွေဟာ အမတသုခ “နိဗ္ဗာန်” ဆီကို ဦးတည်လို့ ၊ အရှင်မြတ်တွေရဲ့ စိတ်ဟာ သမာဓိတွေနဲ့ သက်ငြိမ် စီးမျောလို့၊ အရှင်မြတ်တွေရဲ့ နှုတ်ခမ်းတွေဟာ ပိဋကတ်တော်တွေနဲ့ ထုံမွှမ်းလို့၊ အရှင်မြတ်တွေရဲ့ သင်္ကန်းအရောင်တွေဟာ တာဝတိံသာကိုတောင် တုန်လှုပ် ရိုက်ခတ်လို့ ၊ ဘုရားရှင်ရဲ့ ရှေ့တော်မှောက်မှာ ဒူးထောက် ရိုသေလို့ ။
အခု……..
တိုင်းပြည်ကြီး မကောင်းဆိုးဝါးလက်ဖ၀ါးကြမ်းထဲ ရောက်နေတော့ အရှင်မြတ်တွေရဲ့ ဖ၀ါးတွေဟာ တိုင်းသူပြည်သားတွေရဲ့ လွတ်လပ်ရေးဆီကို ဦးတည်လို့။ အရှင်မြတ်တွေရဲ့ စိတ်ဟာ မျိုးချစ်စိတ်တွေနဲ့ ထုံပြီး ဗလောင်ဆူလို့ ။ အရှင်ဘုရားတွေရဲ့ နှုတ်ခမ်းမှာ မေတ္တာပို့သံ တချို့ ၊ အံကြိတ် တောက်ခေါက်သံတချို့ ရောပြွမ်း ထုံမွှမ်းလို့ ၊ အရှင်မြတ်တွေရဲ့ သင်္ကန်းရောင်တွေကလည်း မကောင်းဆိုးဝါး မိစ္ဆာတွေကို မောင်းထုတ်ဖို့ တလူလူ ကြီးလွှင့်လို့ ။
မြတ်စွာဘုရားရဲ့ ရှေ့တော်မှောက်မှာတောင် အကြောပြိုင်းပြိုင်းထအောင် တင်းတင်းကြီးဆုပ်ထားတဲ့ အရှင်ဘုရားတို့ရဲ့ လက်သီးတွေ ဖြေလို့ ရတော်မူပါရဲ့လား။
အံတင်းတင်းကြိတ်ထားတဲ့ အရှင်ဘုရားတို့ရဲ့ မေးရိုးကားကားတွေ ဘုရားရှင်ရှေ့မှောက် မှာတောင် ဖြေလျော့လေသလား ။
ဘုရားရှင်ရဲ့ ရုပ်ထုကိုပဲ အကြောပြိုင်းပြိုင်း လက်သီးတွေ၊ လေးထောင့်စပ်စပ် မေးရိုးတွေနဲ့ ဦးညွှတ်နေတော်မူကြသလား။
မသိ၊ မသိတော့။ ကျွန်တော် ဘာမှ မသိတော့ ၊ ဖြစ်မယ်ဆို ဘာမဆို ဖြစ်နိုင်တာပဲ။ ကျွန်တော်ကတော့…..
“ လွတ်လပ်ရေးသီဟနာဒ ၊ ခြင်္သေ့ဆီနဲ့မောင်းတဲ့ ခြေဖ၀ါး ”
ဒါတွေနဲ့ပဲ ဇန်န၀ါရီ ၄ ရက် ညကို ကျော်လွန်ခဲ့ရတယ်။ မအိပ်ခဲ့ရဘူးလို့ ပြောရင် ခင်ဗျားတို့ လည်း ယုံမှာမဟုတ်။