Uncategorized

Ohm Naing – Articles


ပေါင်းတည်မြို့ က  ရှစ်လေးလုံး  ဆန္ဒပြပွဲ (၁၀)
အုန်းနိုင်
သြဂုတ်လ ၁၊ ၂၀၁၃


(၈.၈.၈၈) နေ့   မနက်  ရုံးကို  ရောက်တဲ့  အခါထုံးစံအတိုင်း    စားပွဲ ပေါ်ရောက်နေတဲ့  အမှုတွဲတွေကို  ကြည့်လိုက်တော့ဒီနေ့   စီရင်ချက်ချရမဲ့   မူးယစ်ဆေးဝါးမှု  တခုပါနေတာကို  တွေ့ လိုက်ရတယ်..။မူးယစ်ဆေးဝါးမှု  က… ဆေးခြောက်မှုပါ..။ဒီ အမှုက  အပြစ်ပေးရမှာသေချာသလောက်  ဖြစ်နေပါတယ်..။တရားခံက  အမျိုးသမီးပါ..။ဒါကြောင့်  အမှုတွဲကို  သေသေချာချာပြန်ဖတ်ပါတယ်..။ဖတ်နေရင်းကလဲနေ့ လည် (၁၁)နာရီခွဲ  အထကရဲ့  ကျောင်းဆင်းချိန်ကို    စိတ်စော  နေမိပါတယ်..။
မကြာခင်မှာပဲ  နေ့လည်ကျောင်းဆင်းလို့  ပြန်လာတဲ့ ကျောင်းသားတွေရဲ့  ဘိုင်စကယ်ဘဲလ်သံတွေကို  ကြားရပါတယ်..။စားပွဲက  ထပြီး  အပြင်ထွက်ကြည့်လိုက်တော့ကျောင်းသားတွေရဲ့   ဘိုင်စကယ်တန်းကြီးကို မြင်ရပါတယ်..။နောက်နားဆီကို  ဆိုင်းငံ့ဆိုင်းငံ့ နဲ့ လှည့်ကြည့်ရင်း  လျှောက်လာနေတဲ့ ကျောင်းသား တချို့ ကိုလည်း  တွေ့ လိုက်ရပါတယ်..။စီစီ ညံညံ အသံတွေလည်းကြားရပါတယ်..။အဲဒီနောက်နားမှာ
တော့  သိပ်ညီညီညာညာ မရှိလှ ပေမဲ့    ကြွေးကြော်သံတွေ အော်လာတဲ့ ကျောင်းသားတစုကို  တွေ့ လိုက်ရပါတယ်..။
တချို့ က  မျက်မှန်အမည်းကြီးတွေတပ်ထားကြတယ်..။တချို့ ကတော့  ခေါင်းစွပ်တွေကို မျက်စိဖုံး လုနီးဆွဲစွပ်လာကြတယ်..။တချို့ ကတော့  ပုဝါနီကလေးတွေကို  နှာခေါင်းတ၀က်ကနေအောက်ပိုင်းအထိ   စည်းထားကြတယ်..။တချို့ကတော့  ဒီအတိုင်း  ဗလာမျက်နှာနဲ့ ပဲခပ်တင်းတင်း စာရွက်ကလေးတွေကြည့်ပြီး  ကြွေးကြော်သံတွေ  အော်လာကြတယ်..။
ကျောင်းသား  သတ်တာ…စစ် အစိုးရ
စစ်အစိုး ရ  ..အလိုမရှိ…။
တပါ တီ စနစ်….အလိုမရှိ..။
ကျောင်း သားအခွင့် အရေး..ချက်ချင်းပေး..။
ဖမ်း ထားတဲ့   ကျောင်းသားတွေ …ပြန်လွှတ်ပေး..။  ဆိုတာမျိုးတွေ  ပါသလို..။ကျောင်းက  သူတို့မုန်းတဲ့   ဆရာတချို့  ရဲ့   အမည်တွေကို  အော်ပြီး..အလိုမရှိဆိုတာမျိုးတွေလည်း  ပါပါတယ်..။ကျောင်းသားတွေရဲ့   ဘေးမှာတော့  တချို့ ဆရာတွေက  ခိုက်ရန်မဖြစ်အောင် ထိန်းဖို့
လိုက်လာကြပါတယ်..။သမီး..ဆရာမကိုလည်း  ဘိုင်စကယ်တွန်းပြီး  မားမားကြီး ပါလာတာကို  တွေ့လိုက်ရတယ်..။သူတို့ဟာ  ရှစ်လေးလုံးနေ့ မှာဆန္ဒပြမယ်  ဆိုတာပဲ  ရှိပုံရပါတယ်..။အစီအစဉ်  စနစ်တကျ  ရှိမရှိ  မသိရပါ..။
တက္ကသိုလ်ပိတ်ထားလို့   နယ် ပြန်ရောက်နေတဲ့   ကျောင်းသားကျောင်းသူတွေ နဲ့    သူတို့မိတ်ဆွေ.လူငယ်တချို့ တွေကလည်း   ဒီနေ့  ဖြစ်မှဖြစ်ပါ့မလားလို့  ..ရန်ကုန်လမ်းထိပ်  နဲ့  မိုးမခဆိုင်  တ၀ိုက်  လောက်ကစောင့်ကြည့်နေကြပါတယ်..။
ကျနော်လည်း  ချက်ချင်းပဲ  ကြိုတင်ပိုင်းဖြတ်ထားတဲ့   အတိုင်း   ကောင်စီဥက္ကဌ  ဗိုလ်မှူးစိုးမြင့်  ရဲ့   ရုံးဘက်ကို  ပြေးသွားမိပါတယ်.။ကောင်စီရုံး ရှေ့ အပေါက်ဝမှာ   အခြားကောင်စီဝင်များ နဲ့  အတူ  ရပ်ကြည့် နေတဲ့ ကောင်စီဥက္ကဌ ကို  တွေ့ ပါတယ်..။ကျောင်းသားတွေကလည်း  ကောင်စီရုံးရှေ့ရောက်တဲ့  အခါ   တွန့်ဆုတ်တွန့်ဆုတ်   ဖြစ်တဲ့  သူတချို့  ရှိပေမယ့်..။အများစုကတော့  ပိုပြီးတော့တောင်  ကြွေးကြော်သံတွေကို  ကျယ်ကျယ်  အော်ကြပါတယ်..။အဲဒီ အထဲမှာ  စကောက်ဦးထုပ်အဟောင်းကြီးကို  မျက်လုံးပေါ်အထိ  ဖုံးအောင်  ဆောင်းထားပြီး  ကြွေးကြော်သံတွေ  အော်နေတဲ့ ကျောင်းသားကို     မြို့ နယ်…. ကောင်စီ အတွင်းရေးမှူး ကမှတ်မိသွားပါတယ်…။
“ ဟို..စကောက်ဦးထုပ်ကြီး  ဆောင်းထားတာ..ကိုဘဆွေကြီးသား..မင်းဆွေဇင်ပေါ့”
ကိုဘဆွေ ကြီး  ဆိုတာက  ပညာရေးမှူး ရုံးကစာရေးကြီးပါ..။ပြီးတော့  သူက  သူ့ရပ်ကွက်မှာ ရပ်ကွက်  ကောင်စီအတွင်းရေးမှူး လည်း လုပ်ပါတယ်..။ငယ်ငယ်တုန်းက  ကျနော်ရယ်..၊ကောင်စီဥက္ကဌရယ်၊ကိုဘဆွေကြီး  ရယ်က  ဆယ်တန်း အထိ  အတူတူ  တက်ခဲ့ ရတဲ့ ကျောင်းနေဘက်တွေပါ..။လူရင်းတွေပေါ့.။
ဘာလုပ်ရမလဲ  ဆိုတာ  ဇဝေဇ၀ါ ဖြစ်နေတဲ့  ကောင်စီဥက္ကဌ  က  ..ဗြုန်းခနဲကျောင်းသားအုပ်ထဲ ၀င်သွားပြီး..။
“  မင်း…ကိုဘဆွေကြီး  သား   ….မဟုတ်လား”  လို့ ပြောလည်းပြော..ဆွဲလည်း..ဆွဲ  လုပ်ပါတော့တယ်။ကျနော်က  ကောင်စီဥက္ကဌ  နောက်က  ကပ်လိုက်သွားပြီး  “ မလုပ်နဲ့..။ဒီလို..မလုပ်နဲ့ ..” လို့   ပြောပြီး   ကောင်စီဥက္ကဌ ကိုလိုက်ဆွဲပါတယ်..။ကိုဘဆွေသား  ကျောင်းသားလေးကလည်း  အတင်းရုန်းပြီး..“ ဘာဆိုင်လဲ..ဘာဆိုင်လဲ ” လို့  အော်ပြီး  ရုန်းတယ်..။ဒီအချိန်မှာရုတ်ရုတ်သည်းသည်း ဖြစ်သွားတယ်..။ကျောင်းသား အချင်းချင်း  ဆွဲ တဲ့ သူကဆွဲ..။ကောင်စီဥက္ကဌ ကို  တွန်းထုတ်သူကထုတ်..။
အနီးအနားမှာ  အဆင်သင့် စောင့်နေကြတဲ့   လူငယ်တချို့ ဆီကလည်း  .“ကျောင်းသားကို ထိရင်တော့  ချကွာ..ချကွာ” ဆိုတဲ့ အသံတွေ
ထွက်လာပါတယ်..။ကျနော်လည်း  လူအုပ်ထဲက  ကောင်စီဥက္ကဌကို  ဆွဲထုပ်လာခဲ့ တယ်..။သူကလည်း    တကယ့်တကယ်  အရေးကျတော့   သူ့လူအုပ်ထဲဝင်သွားချိန်မှာ  သူ့နောက်မှာကျနော်က လွဲပြီး  ဘယ်သူမှ ပါမလာတာကို  သိပြီး..ကိုယ်ရှိန်သတ်ပြီးပြန်လိုက်လာပါတယ်..။
ကျနော်လည်း  နောက်ဘက်လှည့်ပြီး  “သွားကြတော့ ” လို့ ယူဆချင်လည်း  ယူဆ..။ကျနော်ကိုယ်တိုင်လည်း  ဘယ်လိုသဘောနဲ့  လုပ်ခဲ့ တာလို့  အတိအကျမပြောနိုင်ဘူး..။လက်ပြ လွှတ်လိုက်ပါတယ်။
အဲဒီတော့မှ  ကျောင်းသားအုပ်ဟာ  ရန်ကုန်လမ်းအတိုင်း  ဈေးဘက်ကို ဆက်သွားတယ်..။မိုးမခရှေ့ က  မယောင်မလည် နဲ့  အခြေအနေစောင့်ကြည့်  နေတဲ့   လူအုပ်လည်းပါသွားကြတယ်..။ ကျနော်တို့ နောက်ကနေ  လှမ်းကြည့် နေတုန်းမှာပဲ(၅)လမ်းထိပ်နား  ရောက်တော့  လူတန်းကြီးက အတော်ရှည်နေပြီ။ရိုးရိုးကျောင်းဆင်းတဲ့ သူတန်းကလည်း  တဆက်တည်း လိုက်ပါသွားတဲ့   သဘောဖြစ်မယ်..။
ကောင်စီဥက္ကဌက  နောက်လှည့်ပြီး  ကောင်စီဝရံတာမှာရပ်နေတဲ့   ရဲတွေကို    ချက်ချင်းတန်းစီခိုင်း လိုက်ပါတယ်.။ပြီးတော့မှ   ပြည်သူ့ရဲ တပ်ဖွဲ့   မြို့ နယ်မှူးကိုလူစစ်ခိုင်း၊  လက်နက် စစ်ခိုင်းပြီး  ကျောင်းသားအုပ်  နောက်ကို  လိုက်ပါတော့တယ်..။ကျနော်လည်း  သူတို့ နောက်ကိုလိုက်ခဲ့ ပါတယ်….။  ကောင်စီ အတွင်းရေးမှူး  ကတော့   အသံချဲ့ စက်တပ်ထားတဲ့   ဂျစ်ကားပေါ်ကို  တက်လိုက်ပါ တယ်..။
ကျောင်းသား အုပ်က  ဈေးထောင့်က   အာဇာနည်ကျောက်တိုင်  ရှေ့မှာ  ရပ်လိုက်ကြပါတယ်.။လူအုပ်ကြီးကလည်း  အများကြီး ဖြစ်သွားပါပြီ..။ဘုရားငါးဆူက  သူငယ်ချင်းကိုသိန်းလှကိုလည်း  ဆိုင်တဆိုင်ရှေ့ မှာ  ကျောင်းသားတယောက်ကို  ကြွေးကြော်သံတွေ    အတိုင်အဖောက်လုပ်ပေးနေတာ တွေ့ လိုက်တယ်။
သူကလည်း  ဗဟိုနိုင်ငံရေး သိပံက နေဆင်းလာပြီး   မြို့ နယ်တောင်သူလယ်သမားအစည်းအရုံးမှာ လုပ်နေရင်း  ပါတီက သန့်စင်ခံလိုက်ရသူပါ..။သူ့မှာလည်း  တပည့်တပန်းတွေရှိမှာပေါ့..။ကျောင်းသားတွေကလည်းအဲဒီအချိန်မှာတော့  တယောက်တပေါက်စီ ဖြစ်နေတုံးပါ..။ဝီစီ မှုတ်သံတွေလည်းကြားရပါတယ်..။ဝီစီ မှုတ်တဲ့   နေရာကို  လူတွေက  စုသွားလိုက် နဲ့   ယောက်ယက်ခတ်နေပါတယ်..။
ကျနော် နဲ့  အတူ   မြို့ နယ်ပညာရေးမှူး  ဦးထွန်းလှိုင်လည်းပါလာပါတယ်..။အာဇာနည်ကျောက်တိုင်ရှေ့ က  ကျောင်းသားတွေ ကြားထဲ ကျနော်  ၀င်လိုက်ပါတယ်..။ကျောင်းသားလေးတွေရဲ့  မျက်နှာတွေဟာတင်းမာ နေပါတယ်..။ပုဝါနီကလေးတွေ   စည်းထားတဲ့   မျက်နှာပေါ်က  သူတို့မျက်လုံးကလေးတွေဟာပြောင်လက်  နေပါတယ်..။တကယ်ကို ဆုံးဖြတ်ချက် ချထားတဲ့ ပုံစံတွေပါဘဲ..။ဝီစီ မှုတ်လိုက်ပြီး  လူစုမိတဲ့ နေရာမှာ  အော်ပြီး ပြောနေကြတယ်..။တချို့   စကားလုံးတွေကလည်းပုဝါစည်းထားတာမို့   သိပ်မပီသပါ။ကျနော်တို့  မကျေနပ်လို့  ဆန္ဒပြနေတယ် ဆိုတာလောက်ကိုတော့  မှန်းဆလို့  ရပါတယ်..။
ကျောင်းသားတွေက  ကျနော့်ကို  ရှောင်ဖယ်  ဖယ်လုပ်ကြပါတယ်..။တချို့ ကျောင်းသားက…ခင်ဗျားတို့  ကောင်စီက  လူတွေ  မလာနဲ့ ..လို့    ခပ်တင်းတင်းပဲပြောပါတယ်..။ဟေ့..ဆရာကြီးကွ..။ဆရာကြီးကို  မပြောနဲ့ ..လို့   တားတဲ့ သူကလည်း  တားပါတယ်..။
နောက်ဘက်  ပြန်လှည့်ကြည့်လိုက်တော့   ကောင်စီဥက္ကဌဗိုလ်မှူး စိုးမြင့်၊မြို့ နယ်ရဲတပ်ဖွဲ့ မှူးဦးလှစိုး တို့နဲ့   လက်နက်ကိုင်  ရဲတပ်သား(၂၀)လောက်ဟာ  ဘုရားကြီးရှေ့ ကပါကစ္စတန်ထမင်း ဆိုင်ရှေ့ မှာ  ကျောင်းသားတွေဘက်ကို  လှည့်ပြီး  စီတန်း ရပ်နေ တာကို  တွေ့လိုက်ရပါတယ်..။အသံချဲ့ စက် တပ်ထားတဲ့  ဂျစ်ကားပေါ်မှာ  ကောင်စီ အတွင်းရေးမှူး  ဦးမောင်မောင်ချစ်ကိုလည်း တွေ့ လိုက်ရပါတယ်..။အဲဒီအချိန်မှာ  သတ္တု အချင်းချင်း  ပွတ်တိုက်သံ ကြားလိုက် လို့  သေနတ်ကျီထိုးတယ်  ထင်တာကြောင့်..ကောင်စီ ဥက္ကဌ ဆီကို  ကပျာကသီ ပြေးသွားရတယ်..။
“ ဟေ့..ကိုစိုးမြင့်..။အရမ်း လျှောက်  မလုပ်နဲ့  ဦး..။ကျနော်ထိန်းကြည့် ဦးမယ်..။ကျနော့်ကို  အချိန်နဲ နဲ..ပေးပါ”        ….လို့ ပြောလိုက်ပါတယ်..။
ကောင်စီဥက္ကဌက “ အချိန်  ဘယ်လောက် စောင့်ရမလဲ”    “ နာရီ ၀က်..ပေါ့ဗျာ” လို့   ကျနော်က ပြောတော့ကောင်စီ ဥက္ကဌ က  “ နာရီ ၀က်  မပေးနိုင်ဘူ..။၁၅ မိနစ် ဘဲ”လို့  ပြန်ပြောပါတယ်..။
ဘာပဲ ဖြစ်ဖြစ်  သူ့ကို  ခနတော့  ထိန်းလိုက်နိုင်ပါပြီ..။နောက်ပြီး..သူ့ကို ခွင့်တောင်းပြီး..လူအုပ်ထဲဝင်သွားတဲ့ ဟာမို့  သူလူအုပ်ထဲကို  ပစ်ချင်ရင်တောင်မှ  ကျနော့်ကိုတော့အရင်လာဆွဲထုတ်ရမဲ့  သဘော(တာဝန်) သူ့မှာ  ရှိနေပါပြီ..။
ကျောင်းသားတွေ ဆီကို   ကျနော်  ခပ်သွက်သွက်ပြန်ဝင်လာခဲ့ တယ်..။       ကျနော်နဲ့ ကောင်စီ ဥက္ကဌ   အပြန်အလှန်  ပြောဆိုနေတာတွေ ကိုလည်း   သူတို့ အနီးအနားကကြားကြမှာပါ..။ကျနော့်နောက်က  ပါတီယူနစ်ကော်မတီဝင်  လူငယ်စည်းရုံးရေး ကော်မတီဝင်ဦးကြည်မောင်လဲ  ပါလာပါတယ်..။လူအုပ်ထဲက  သူငယ်ချင်း ကိုသိန်းလှကြီးက  “ သူငယ်ချင်း..ငါရှိတယ်”  လို့ ပြောပါတယ်..။ဦးကြည်မောင်ကလဲသူနဲ့  မျက်မှန်း တမ်း မိတဲ့   လူငယ်တွေကို  ပြောနေပါတယ်..။သူ..ဘာတွေပြောတယ်ဆိုတာတော့  ကျနော်မသိပါ..၊ကျနော်ကတော့  ကျောင်းသားတွေကို    တနေရာတည်း  စုပြီး  ပစ်ကွင်းအဖြစ်မခံနဲ့ ..။နေရာရွှေ့ လို့ပြောပါတယ်..။
ဒီ အချိန်မှာပဲ  အနားမှာ ရှိတဲ့   ဆိုင်တဆိုင်ကစားပွဲ တလုံးကို  သယ်လာပြီး  လူအုပ်ကြားထဲကို ချလိုက်ပါတယ်..။ကျောင်းသား တယောက်က  စားပွဲ ပေါ်တက်လိုက်တယ်..။သူ့လက်ထဲမှာလည်း  စာရွက်တရွက် ပါလာတယ်..။သူက  စာရွက်ကို ကြည့်ပြီး ဖတ်တော့   သူတို့ ကျောင်းက
ဆရာတွေကို  တဦးချင်း နံမယ်ပြောင်  ပေးထားတဲ့  စာရွက် ဖြစ်နေပါတယ်..။
“ ကျနော်တို့ ကျောင်းက  ဆရာ  ဦး…..ကိုတော့  အိုပီလာမော့   လို့   ခေါ်ပါတယ်”
ကျနော်က  အနားကပ်သွားပြီး  သူ့ကို  ဆွဲချလိုက်ပါတယ်..။မင်းတို့ဒီအချိန်မှာ ဒါမျိုးတွေ မပြောရဘူးကွ..လို့ ဆိုတော့  အဲဒီကျောင်းသားက  ကျနော့်ကို  ရန်လိုတဲ့  အကြည့်နဲ့ ကြည့်ပါတယ်..။ဒီအချိန်မှာပဲတခြားကျောင်းသား တယောက်က   “ဆရာကြီးပြောတာ..ဟုတ်တယ်..” လို့ ပြောပြီးစားပွဲ ပေါ်ကို တက်သွားပါတယ်..။သူက  “ ၇န်ကုန်မှာ  ကျနော်တို့  ကျောင်းသားတွေကို  ရန်သူလိုသဘောထားပြီး ..သတ်နေပါတယ်
ကျောင်းသားတွေကို  ဖမ်းပြီး နှိပ်စက်  နေပါတယ်..။ဒါကို  အမြန်လွှတ်ပေးဖို့  ကျနော်တို့  တောင်းဆိုပါတယ်..”လို့   ပြောပြီး  ဘုရားကြီး  ရှေ့ က  ရဲတွေဘက် ကို  လှည့်ပြီး..“ ဒီမှာ…ခင်ဗျားတို့လည်း   ကျနော်တို့ ကျောင်းသားတွေကိုပစ်ဦးမှာလား..။ပစ်လိုက် စမ်းပါ”  ဆိုပြီး  ရင်ကော့ပြလိုက်  ပါတယ်..။နောက်  တယောက်ကလည်း  စားပွဲပေါ် တက်လာပါတယ်..။
“ ခင်ဗျား တို့   …ပစ်ရဲရင်  ပစ်လိုက်စမ်းပါ” လို့   ပြောပါတယ်..စားပွဲပေါ်မှာ တင်  လူသုံးယောက် ဖြစ်သွားပါတယ်..။
ဒီ အချိန်မှာပဲ  ကောင်စီ အတွင်းရေးမှူး ရဲ့   ဂျစ် ကားက   ဘုရားကြီး ဘက်ကို  နောက်ဆုတ်ပြီးတောင်ဘက်ကို  ဦးပြန်လှည့်လိုက်ပါတယ်..။အဲဒီကားရဲ့   ရှေ့ မှန်ကနေရောင်ကြောင့်လား..တော့ မသိ.။အာဇာနည်  ကျောက်တိုင်ရဲ့   နောက်ဘက်   အဆောက်အဦရဲ့   အပေါ်ထပ်  ရွှေမန်းကြည်ဓါတ်ပုံတိုက်  ဆီကမှာအလင်းရောင် တချက်  ၀င်းခနဲ  လက်သွားပါတယ်..။
“ ဟေ့….ဓါတ်ပုံရိုက်တယ်ဟေ့..။ဓါတ်ပုံ ဆိုင်ကို ..ချကွာ”   ဆိုတဲ့  အသံတွေ ထွက်လာပြီး..ဓါတ်ပုံဆိုင်ဆီကို  လူအုပ်ကြီးက ပြိုဆင်းသွားပါတယ်..။အဲဒီအချိန်မှာပဲ  အတွင်းရေးမှူးရဲ့ ဂျစ်ကားဆီက  အသံချဲ့ စက်သံ ထွက်လာပါတယ်..။
“ မဆိုင်သူတွေ..။ကိုယ့်သွားစရာ ရှိတာ  ဆက်သွားကြပါ..။ရပ်ကြည့် မနေပါနဲ့ ”ဆိုတဲ့   သဘောမျိုး  ပြောပါတယ်..။စကားလုံး အတိအကျ တော့  မမှတ်မိတော့ပါ..။
ရွှေမန်းကြည်  ဓါတ်ပုံတိုက် ရဲ့   အပေါ်ထပ်ကိုတက်သွားသူတွေထဲ မှာ  ပါတီယူနစ်ကော်မတီကလူငယ်တာဝန်ခံ ဦးကြည်မောင်  က  ရှေ့ ဆုံးကပါ..။သူကလျှင်ပါတယ်..။ရွှေမန်းကြည်  ဓါတ်ပုံတိုက် ပိုင်ရှင်ဦးမြင့်ဇင်  ဆီကနေ  ဖလင် တလိပ်  တောင်းလိုက်ပြီး..။နောက်က  တက်လာတဲ့ ကျောင်းသားတွေဘက်ကိုလှည့်လိုက်ပါတယ်..။
“ ဒီမှာ..ဖလင်..ဆွဲထုတ်ခဲ့ ပြီ ”  ဆိုပြီး  ဖလင်လိပ်ကို  ဖြန့်ချပြလိုက် ပါတယ်..။ဖလင်ကို ကျောင်းသားတွေဆီကို  လက်ဆင့် ကမ်းလိုက်ပါတယ်..။ဖလင်ပြားကြီး ကိုင်ထားတဲ့  ကျောင်းသားက“ဒီ မှာ..ဖလင်ရခဲ့ ပြီဟေ့..။ပြန်ဆင်း.ပြန်ဆင်း”  ဆိုလို့    အားလုံး ပြန်ဆင်းလာကြပါတယ်..။                ဒီအချိန်မှာ  အတွင်းရေးမှူး  ကားက  တောင်ဘက်ကို  ၀ူးခနဲထွက်သွားပါတယ်..။ဗိုလ်မှူးစိုးမြင့်ကလည်း   လူအုပ် နဲ့  ရဲအင်အား  မမျှလို့လား..။ပစ်မိန့် ပေးရင်တိုင်းကောင်စီ ဥက္ကဌ ဆီ  အသိပေးရမယ်..ဆိုတာ  အမှတ်ရလို့ လား..။ဒါမှ မဟုတ်   လူအုပ်ထဲမှာ  ကျနော်(တရားသူကြီးအဖွဲ့ဝင်) နဲ့   ပါတီယူနစ်ကော်မတီဝင်  ဦးကြည်မောင်  ရှိနေလို့  ပစ်လို့ မဖြစ်ဘူးဆိုတာသဘောပေါက်လို့လား..။ဘာကြောင့်လဲ  ဆိုတာတော့သူမှပဲ  သိပါမယ်..။ရဲတပ်ဖွဲ့ဝင်တွေကို  ကောင်စီရုံးဘက်  ပြန်ခေါ် သွားပါတယ်..။
အသံချဲ့ စက်ကားက  ရှေ့ ကအော်..။ရဲနဲ့  ကောင်စီဥက္ကဌ တို့ကနောက်က  လိုက်သွားတာကို မြင်လိုက်တော့   ဘယ်သူက  ဘယ်လိုစလိုက်တယ်..မသိပါ..။ကျောင်းသားနှစ်ယောက်..ဖမ်းသွားတယ်..ဆိုတဲ့ သတင်းက  လူအုပ်ထဲကို  ချက်ချင်း ပျံ့ သွားပြန်ပါတယ်..။လူအုပ်ကလည်း  အထကကျောင်းသားလေးတွေ  ချည်း မဟုတ်တော့ပဲ..တက္ကသိုလ်ပြန် ကျောင်းသားလေးတွေ နဲ့မြို့ က   လူငယ်တွေပါ  ပါလာပါပြီ..။တချို့ က   ကောင်စီ ရုံးဘက်  ကိုပြေးလိုက်မယ်  လုပ်တယ်..။ကျနော်ကအနားက  ၀ီစီကိုင် ထားတဲ့  ကျောင်းသားတယောက်ကို  ၀ီစီမှုတ်ခိုင်းပြီး  လူပြန်စုစေလိုက်တယ်..။အဲဒီအချိန်မှာကောင်စီရုံးဘက်ကို  ပြေးကြ လွှားကြ..။လူအုပ်ကြီးဟာ   ယောက်ယက် ခတ်နေကြတယ်..။အများစုကတော့ကျောင်းသားဖမ်းသွားတယ်..ဆိုတဲ့ သတင်းကြော င့်  ကောင်စီနဲ့  ရဲဌာနဘက်ဆီကို  ဦးတည်ပြီးစုဝေးချီတက်ကြတယ်..။အော်သံ  ဟစ်သံတွေကကျယ်လောင် လာသလို..။ဒေါသနဲ့  ရိုင်းပျတဲ့   ဆဲဆိုသံတွေ..။ချကွာ..ဆိုတဲ့ အသံတွေ  ပါလာပါတယ်..။
ကျနော်လည်း   ကောင်စီ ရုံးဘက်  တခါပြေးရပြန်တယ်..။ဒီလို အချိန်မျိုးမှာ  တပည့်တဦးက“ ဆရာကြီး သမီး   နီနီမာကြီးရယ်  ဆန္ဒပြတဲ့   ဆိုင်းဘုတ်တွေ  ၀င်ရေးနေတယ်” လို့  မျက်နှာလို  အားရ လာတိုင် ပါတယ်..။သူကြိုက်တာ ..သူလုပ်တာ..။လုပ်ပစေ..ကွာ” လို့ ပြန်ပြောလိုက်မှ  ကုပ်ချောင်းချောင်းနဲ့  ထွက်သွားတယ်..။ကောင်စီ ရုံးရှေ့နားရောက်တော့  သစ်သား ဘုတ်ပြား..လား.။စားပွဲ မျက်နှာပြင် လား.. မသိတဲ့ တခုပေါ်မှာ  “ ငြိမ်းချမ်းစွာဖြင့်  ဆန္ဒပြ ကြပါ” လို့ စာလုံးသော့သော့ကြီးတွေကို  မြေဖြူနဲ့  ရေးပြီးထောင်ကိုင်ထားတဲ့  ကျောင်းသားအုပ်ကို  တွေ့ လိုက်ရပါတယ်..။သမီးကိုလည်းအဲဒီအနားမှာ  ရပ်နေတာတွေ့လိုက်ရတယ်..။
ဒီ အချိန်မှာ   လူအများ မြင်သာလောက်တဲ့   စာလုံးအရွယ်နဲ့  ရေးထားတဲ့   “ ငြိမ်းချမ်းစွာ  ဆန္ဒပြကြပါ..” ဆိုတဲ့   စာလုံး ရှစ်လုံးဟာ    သိပ်တာ သွားပါတယ်..။
ကျနော်  ကောင်စီ ရုံးထဲကို  ၀င်လိုက်တယ်..။မြို့ နယ်ရဲတပ်ဖွဲ့မှူး ဦးလှစိုးက  သူတို့ ကျောင်းသားတဦးမှ  မဖမ်းထားကြောင်း  ပြောပြပါတယ်..။ကျနော်က  တရားရုံးဘက်  အပေါက်ကပြန်ထွက်ပြီး  ကျောင်းသားအုပ်ကို  ရင်ဆိုင်ပါတယ်..။ ကျောင်းသားဖမ်းတယ်  ဆိုတာမဟုတ်ကြောင်းပြောပြပြီး  ..။ဒီလို တနေရာတည်းမှာ  စုမနေနဲ့ ..။နေရာရွှေ့ ပြီး  ဆန္ဒပြကြဖို့ပြောလိုက်ပါတယ်..။ကျောင်းသားနဲ့ လူအုပ်ကြီးဟာ  ၀ီစီသံတရွှီရွှီ နဲ့   မြို့  အနောက်ဘက်  ပါတီယူနစ်ရုံးဘက်ကိုဆက်ချီတက်သွားကြတယ်..။ပါတီယူနစ်ရုံး ရှေ့ မှာတော့  တံခါး ပိတ်ထားပြီး..။ပါတီဥက္ကဌ နဲ့   ယူနစ်ကော်မတီဝင်တွေကရုံးရှေ့ ကနေ  ထွက်ကြည့်နေကြတယ်..။ကျနော်လည်း လူအုပ်ကို  ဖျက်ဆီးတာ ..မီးရှို့ တာမျိုး  တွေမဖြစ်အောင်  လိုက်ထိန်းပါတယ်..။အခုတော့  ဆန္ဒပြ  လူအုပ်ကြီးက  ကျနော့်ကို  ကောင်းကောင်း  လက်ခံ သွားပါပြီ..။
ပါတီယူနစ်  ဥက္ကဌ ၊အတွင်းရေးမှူး နဲ့   ကော်မတီဝင်တွေဟာရုံးရှေ့ ဘက်မှာ  ဆန္ဒပြနေတဲ့ လူအုပ်ကြီးကို  ခပ်တည်တည်  ရပ်ကြည့်နေပါတယ်..။ဦးကြည်မောင်က  ဥက္ကဌ ဆီသွားပြီး..သူနဲ့  ကျနော်တို့ဆန္ဒပြ ကျောင်းသားတွေကို   အကြမ်းဖက်တာတွေ  မဖြစ်အောင်  ၀ိုင်းထိန်း နေတဲ့ အကြောင်း  ပြောပြတယ်။
ပါတီ ဥက္ကဌ က …” “ဒီပုံစံကို…ထိန်းနိုင်တယ်..ခေါ်သလား” လို့ ပြန်မေးတယ်..။ကျနော်က “ဟုတ်တာပေါ့..။လမ်းမှာ  ဘာတခုမှ  မဖျက်ဆီးခဲ့ ဘူး..။အခုလည်း  ရုံးရှေ့ မှာ  အော်နေတာပဲရှိတယ်..။ခဲနဲ့ ထုတာတွေ ဘာတွေ  မရှိဘူး..။လူနံမယ် အော်ဆဲတာမျိုး တောင်မရှိဘူး..။ဒါမျိုးကို အခြေအနေ  ထိန်းနိုင်တယ်လို့ ..သဘော ထားရမှာပေါ့ ဗျ” …လို့   ခပ် ငေါ့ ငေါ့  လေးပြန်ပြောလိုက်တယ်..။ဒီတော့  သူက..”ကောင်းပါတယ်..။
ခင်ဗျား လုပ်တာ    ကောင်းပါတယ်..”  လို့   မျက်နှာမကြည်မသာနဲ့ ခပ်ငေါ့ငေါ့ ပဲ  ပြန်ပြောပါတယ်.။သူ့မျက်နှာပေးကတော့  ကြည်ပုံမရပါ..။မိုက်တိုက်တိုက် ပုံစံမျိုးနဲ့   ပေါ့..။
ကျောင်းသား  အုပ်ကလည်း  ကြွေးကြော်သံတွေ   အတော် ညီညီအော်လာနိုင်ကြပြီ..။ကျနော်နဲ့ ပါတီဥက္ကဌ  ပြောနေသံတွေကို  ကြားတော့  သူတို့  အော်သံဟာပိုကျယ်လာသလိုလို..။ဒေါသ စွက်  လာသလိုလို..။စိတ်ထဲမှာ  ခံစားမိလို့   ကျောင်းသားအုပ်ဘက်ကိုပြန်လှည့်လာပြီး..ကျောင်းသားထဲက  ခေါင်းဆောင်ဖြစ်မဲ့ သူကို  ရှာကြည့်ပါတယ်..။လုပ်သာနေရတယ်..။အခုထိ  မျက်မှန်းတမ်းမိတဲ့ သူတွေကို  မတွေ့ ရသေးဘူးသမီးတွေ  တူတူမတွေ နဲ့   သူတို့ အပေါင်းအသင်းတွေကလည်း   ကျနော့်ကိုတမင်ရှောင်နေကြတာ လား မသိပါ..။ခနနေတော့  ညနေတိုင်း  ကျနော်တို့တင်းနစ်ကွင်းမှာ  လာလာပြီး  အမှတ်ခေါ်ပေးလုပ်ပေးတဲ့  ဘုရားကြီးလမ်းကမောင်တင်ဦးကို   လှမ်းမြင်တယ်..။
ဒါနဲ့   သူ့ကို  လှမ်းခေါ်ပြီး..။   …””ဒီလိုကြာကြာ    တနေရာထဲမှာ       ရပ်နေရင်  မလိုလား အပ်တာတွေ  ဖြစ်ကုန်မယ်..။ထပ်ပြီး  နေရာရွှေ့ ကြဦး ”  လို့ ပြောတော့..။သူတို့ကပဲ..” ကျနော်တို့ ..မြို့ ပတ်လှည့် ရင်  မကောင်းဘူးလား” လို့   ပြောတယ်..။အဲဒီလို ပြောနေတုံး အနားမှာလည်း  လူတွေက တော်တော်များများ  စုမိလာပြန်ပြီမို့..။”အေး..ကောင်းသားပဲ..။ကြွေးကြော်သံတွေကိုသာ  နဲနဲ ကြည့်ထိန်းပေး ။သိပ်ပြီးတော့  ကြမ်းကြမ်းတမ်းတမ်း   မဖြစ်စေနဲ့ ”  ဆိုတော့   သူတို့အချင်းချင်း  နဲနဲ ညှိနှိုင်းကြပြီး..မကြာခင်ပဲတယောက်ကို  တယောက်  လှမ်းခေါ်ကြ..။စုကြလုပ်ပြီး..။တဖြေးဖြေး…လူတန်းကြီး  ဖြစ်သွားပါတယ်..။
ရွှေတောင်လမ်း အတိုင်း  မြောက်ဘက်ကို ကြွေးကြော်သံတွေ တိုင်ပြီးချီတက်သွားကြပါတယ်..။ဈေးနားက  လူတွေလည်း  နောက်ကနေ  အမီပြေးလိုက်သွားကြတယ်..။
တာပွန်လမ်းကို  ရောက်တော့  လူတန်းကြီးက  တော်တော်စနစ်တကျ ဖြစ်နေပါပြီ..။ဒါနဲ့ ..ကျနော်လဲ  ရုံးဘက်ကို  ပြန်လှည့် ခဲ့ ပါတယ်..။ဈေးရှေ့ ရောက်တော့  လူစုစုမြင်တဲ့   ကိုသန်းထွန်းလျှပ်စစ်ပစ္စည်း ဆိုင်မှာ  ခန၀င်ထိုင်  ပါတယ်..။ကိုသန်းထွန်းက  ရှေ့ မှာ ရှိတဲ့ မြင့်ကဖီး  ကနေ  လက်ဘက်ရည် လှမ်းမှာလို့   လက်ဘက်ရည် သောက်ရပါတယ်..။ဒီတော့မှ  လူဟာ  စိတ်မောလူမောဖြစ်နေတာကို  သတိပြုမိပါတော့တယ်..။     ။

(အပိုင်း  (၁၁)  မှာ….ပုဒ်မ (၁၄၄) ကို  တင်ဆက်ပါမယ်..)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts