Uncategorized

Boe Thein – Not Fear at University (articles)

တက္ကသိုလ်သည် အကြောက်တရားကင်းစင်သည့် ပညာရေးဝန်းကျင်ဖြစ်ရမည်
ဘိုးသိမ်း
သြဂုတ် ၄၊ ၂၀၁၃


ယခုဆောင်းပါးကိုရေးသားဖြစ်တာက၊ အကြောင်းလေးတခုပေါ်လာလို့ပါ။ အကြောင်းလေးကဒီလိုပါ။
ဇွန်လ (၈) ရက်နှင့် (၉) ရက်နေ့တွေမှာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံကြီးတခုကို ရန်ကုန် မြို့ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖိတ်ကြားတဲ့အတွက် ကျွန်တော် အဲဒီညီလာခံကို တက်ရောက်ခဲ့ပါတယ်။ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီ လာခံဟာ ကျွန်တော်တွေးထင်ထားတာထက် အများကြီး ကြီးကျယ်ပါတယ်။
ညီလာခံတက်ရောက်သူတွေဟာ ၁၀၀၀ ခန့်ရှိပြီး၊ အသက်အရွယ်၂၀ ပတ်ဝန်းကျင်ကစပြီး၊ အသက် ၈၀ ပတ်ဝန်းကျင်အရွယ်လောက်အထိပါဝင်ကြပြီး အနယ်နယ်အရပ်ရပ်က အတွေ့အကြုံအမျိုးမျိုးရှိသူတွေ ဖြစ်ကြပါတယ်။ အသက်အကြီးဆုံးက အသက် (၈၅) နှစ်အရွယ်ခန့်ရှိတဲ့ မန္တလေးဆေးတက္ကသိုလ်၊ ဆေးပညာပါမောက္ခအငြိမ်းစား ဒေါက်တာဒေါ်မြင့်မြင့်ခင်ဖြစ်ပါတယ်။ ဒေါက်တာဒေါ်မြင့်မြင့်ခင်ဟာမြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်တဲ့ဆောင်းပါးတွေ အများအပြားရေးသားခဲ့သူဖြစ်ပြီး၊ ပညာရေးစနစ်ပြုပြင်ရာတွင်’’ တို့ကနန်း၊ ဆိတ်ကနန်းပြုပြင်လို့ မရဘူး။ တော်လှန်ရေးကြီးသဖွယ် အမြစ်ကလှန်ပြီးလုပ်ရမှာဖြစ်တယ်’’လို့ နှိုးဆော်နေသူတစ်ဦးဖြစ်ပါတယ်။
အဲဒီပညာရေးညီလာခံကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုတာဝန်ခံတဲ့ ဆရာတော်သံဃာတော် အပါးငါးဆယ်ကျော်၊ ခရစ်ယာန် သီလရှင်တစ်ချို့နှင့် မူဆလင်ဘာသာရေးခေါင်းဆောင်တစ်ချို့ တက်ရောက်လာကြတာကလည်း ထူးခြားမှုတစ်ခုဖြစ်ပါတယ်။
အသက်အရွယ်ငယ်ရွယ်သူတွေကတော့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ် တက္ကသိုလ်တွေ၊ ကောလိပ်တွေကို ကိုယ်စားပြုပြီး တက်လာကြ တဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေဖြစ်ကြပြီး တက္ကသိုလ်၊ ကောလိပ်အသီးသီးက ကျောင်းသားခေါင်းဆောင်တွေလည်း ပါဝင်ကြ ပါတယ်။
အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကတော့ ပညာရေးနယ်ပယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ ဖြစ်ပြီး ကျောင်းသားခေါင်းဆောင်ဟောင်းကြီးတချို့လည်း ပါဝင်တာကိုတွေ့ရပါတယ်။
ပညာရေးနယ်ပယ်ကဆိုရင် အငြိမ်းစားကျောင်းဆရာတွေ၊ ကျောင်းအုပ်ကြီးတွေ၊ မြို့နယ်ပညာရေးမှူးတွေ၊ တိုင်းပညာရေးမှူးတွေကစပြီး၊ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားအထိ တက်ရောက်တာကိုတွေ့ရပါတယ်။ တက္ကသိုလ်ပညာရေးနယ်ပယ်ကတော့၊ တက္ကသိုလ်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာတွေ၊ တက္ကသိုလ်ဆရာများအဖွဲ့အစည်းမှ ဆရာတွေ၊ အငြိမ်းစားတက္ကသိုလ်ဆရာ၊ ဆရာမများ၊ အငြိမ်းစား ပါမောက္ခများ တက်ရောက်ကြပါတယ်။
မြန်မာနိုင်ငံလုံးမှာရှိတဲ့ပညာဒါနကျောင်းများမှကိုယ်စားလှယ်တွေလည်း စုံစုံညီညီတက်ရောက်တာကို တွေ့ရပါတယ်။ ညီလာခံမှာဆွေးနွေး ကြတာကတော့မူလတန်းပညာရေး၊ အထက်တန်းပညာရေး၊ တက္ကသိုလ်ပညာရေး၊ ဘုန်းတော်ကြီးကျောင်းပညာရေးစသဖြင့် ပညာရေးနယ် ပယ်က ကဏ္ဍပေါင်း (၁၃) ခုကို၊ ကိုယ်စားလှယ်အုပ်စု (၁၃) စုခွဲပြီး ဆွေးနွေးကြရပါတယ်။ နောက်ပြီး ညီလာခံတက်ရောက်လာသူ၊ စုံညီ တက်ရောက်သည့် အစည်းအဝေးကြီးမှာ အုပ်စု (၁၃) စုခွဲပြီး ဆွေးနွေးထားတဲ့ဆွေးနွေးချက်တွေကို ပြန်လည်ဖတ်ကြားတင်ပြပြီး ကိုယ်စား လှယ်တွေက ပြန်လည်ဆွေးနွေးကြပါတယ်။
ဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေရဲ့ စိတ်အားထက်သန်မှု၊ ဘာသာရပ်တစ်ခုချင်းအပေါ်မှာ စိတ်ဝင်စားမှု၊ ဆွေးနွေးတဲ့ပညာရေးကဏ္ဍတွေမှာ အတွေ့ အကြုံရှိမှုတွေကြောင့်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကြီးဟာ အနာဂါတ်မြန်မာနိုင်ငံပညာရေးအတွက် အားတက်စရာဖြစ်စေခဲ့ပါတယ်။ ဒီပညာရေးညီလာခံကြီးဖြစ်မြောက်ရေးအတွက စီစဉ်သူ၊ စည်းရုံးသူတွေကိုလည်း လေးစားမိပါတယ်။ကျွန်တော်ကတော့ အဆင့်မြင့်ပညာ ရေးအုပ်စုများမှာ ဆွေးနွေးပါတယ်။
အဆင့်မြင့်ပညာရေးကဏ္ဍမှာ ညီလာခံကျင်းပရေးကော်မတီက အချက်အလက် (၃၀) ကို ရေးပေးထားပါတယ်။ အချက်အလက်တစ်ခုချင်းကိုထောက်ခံသူတွေ၊ ကန့်ကွက်သူတွေ၊ အပြန်ပြန်အလှန်လှန်ဆွေးနွေးကြပြီး၊ အဲဒီအချက်အပေါ်မှာ သဘောတူလျှင်တူကြောင်း၊ မတူလျှင် မတူကြောင်း၊ အကြောင်းပြချက် ပြည့်ပြည့်စုံစုံဖော်ပြပြီး ဆုံးဖြတ်ကြပါတယ်။ ပြင်ဆင်စရာရှိလျှင်လည်း ဘာကြောင့်ပြင်ဆင်သင့်ကြောင်း ဘယ်လိုပြင်ဆင်သင့်ကြောင်း၊ အထောက်အထားအကြောင်းပြချက်တွေနှင့် အကြံပေးရပါတယ်။
အဲဒီအချက်အလက်ခေါင်းစဉ်ငယ် (၃၀) ကိုဆွေးနွေးပြီးတဲ့အချိန်မှာ ဆွေးနွေးသူတွေက ဖြည့်စွက်စရာအချက်အလက်ခေါင်းစဉ်ငယ်တွေ ရှိပါက ထပ်မံဖြည့်သွင်းခွင့်ပြုပါတယ်။
ကျွန်တော်ဆွေးနွေးတဲ့ အဆင့်မြင့်ပညာရေးကဏ္ဍာမှာ ဆွေးနွေးသူတွေက နောက်ထပ်အချက်အလက်ခေါင်းစဉ်ငယ် (၆) ခု၊ (၇) ခုလောက်ထပ်မံဖြည့်စွက်ပေးကြပါတယ်။ အဲဒီထပ်မံဖြည့်သွင်းတဲ့ခေါင်းစဉ်ငယ်တွေထဲမှာ ကျွန်တော်ထည့်သွင်းတဲ့ အချက်အလက် ခေါင်းစဉ်ငယ်က နှစ်ခုပါဝင်ပါတယ်။
ပထမတစ်ခုက တက္ကသိုလ်ကောင်စီရဲ့ တက္ကသိုလ်ဝန်ထမ်းများခန့်ထားနိုင်ခွင့်အာဏာမှာ (Fing autonomy) ဟာ၊ မူလပေးထားတဲ့ အချက် အလက်ခေါင်းစဉ်ငယ် (၃၀) ထဲမှာ ပါမလာခဲ့တဲ့အတွက် ထည့်သွင်းခြင်းဖြစ်ပါတယ်။ ဒုတိယတစ်ခုက ၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာ မသိမ်းမီအချိန်ကရှိခဲ့တဲ့ တက္ကသိုလ်ပညာရေးဝန်းကျင်အခြေအနေကို ပြန်လည်ရရှိနိုင်ရန်အတွက် တက္ကသိုလ်မှာ စာပေပညာသင်ကြားနေတဲ့အချိန်ကာလများတွင် အကြောက်တရားကင်းကင်းနှင့် စာပေသင်ကြားနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေကိုရောက်ရှိအောင် ဖန်တီးပေးရ မည်ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့ပါတယ်။ ညီလာခံကိုယ်စားလှယ်စုံညီ တက်ရောက်တဲ့ အစည်းအဝေးကြီးကို ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အ ဆင့်မြင့်ပညာရေးကဏ္ဍအတွက် ဆွေးနွေးချက်၊ ဖြည့်စွက်ချက်တွေကို ပြန်လည်တင်ပြတဲ့အချိန်မှာ၊ ကျွန်တော်ထပ်မံဖြည့်စွက်ခဲ့တဲ့ တက္ကသိုလ်မှာ စာပေပညာသင်ကြားနေတဲ့ အချိန်ကာလများတွင် အကြောက်တရားကင်းကင်းနှင့် စာပေသင်ကြားနိုင်တဲ့ပတ်ဝန်းကျင်အ ခြေ အနေကိုရောက်ရှိအောင် ဖန်တီးပေးရမည်ဆိုတဲ့အချက်ကို Felicitator က ချန်လှပ်ပြီး တင်ပြသွားပါတယ်။
ကျွန်တော်ဖြည့်စွက်ထည့်သွင်းတဲ့ တက္ကသိုလ်မှာ စာပေပညာသင်ကြားနေတဲ့အချိန်ကာလများတွင် အကြောက်တရားကင်းကင်းနှင့် စာပေ သင်ကြားတဲ့ ပတ်ဝန်းကျင်အခြေအနေကိုရောက်ရှိအောင် ဖန်တီးပေးရမည်ဆိုတဲ့အချက်ဟာ သာမာန်အားဖြင့်ကြည့်ရင် နားလည်သဘော ပေါက်ရန်ခက်ခဲပေမယ့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေအတွက် အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံး ကျောင်းသားအခွင့် အရေး ဖြစ်ပါတယ်။
ဒါကို Felicitator က အနှစ်သာရကိုသဘောမပေါက်တဲ့အတွက် ဘာတွေရေးထားမှန်းမသိဆိုပြီး ချန်လှပ်ထားခဲ့ပုံရပါတယ်။ အဲဒီလို Felicitator အနေနဲ့ချန်လှပ်ထားခဲ့ပေမယ့် ကျွန်တော့်စိတ်ထဲတွင် သူတို့အပေါ်မှာ ဘယ်လိုမှမခံစားရပါဘူး။ အဲဒီအချိန်မှာ ချက်ချင်းလိုပဲ ဗုဒ္ဓစာ ပေတွေမှာ မကြာခဏဖော်ပြတတ်တဲ့ ဥပမာလေးတခုကို ပြန်သတိရပြီးပြုံးမိပါတယ်။ အဲဒီဥပမာက ဒီလိုပါ။
ပင်လယ်ကမ်းစပ်သဲသောင်ပြင်ပေါ်မှာ လမ်းလျှောက်နေတဲ့ လိပ်တစ်ကောင်ဟာ သဲသောင်ပြင်ပေါ်က ပင်လယ်ထဲကို ပြန်ဆင်းသွားပါတယ်။ အဲဒီအချိန်မှာ ငါးတစ်ကောင်က လိပ်ကိုတွေ့တော့ … သူငယ်ချင်း ကိုလိပ် ဘယ်ကပြန်လာတာလဲ… လို့ မေးရင်း နှုတ်ဆက်ပါတယ်။
လိပ်က ငါးကို သူလမ်းလျှောက်ပြီးပြန်လာတဲ့အကြောင်း ပြောပါတယ်။ ငါးအနေနဲ့ လမ်းလျှောက်တယ်ဆိုတာကိုလည်း ဘာမှန်းမသိဘူး။ လမ်းလျှောက်တယ်ဆိုတဲ့ဝေါဟာရကိုလည်း နားမလည်ဘူး။ လိပ်ကကြိုးစားရှင်းပြပေမယ့် ငါးအနေနဲ့ လမ်းလျှောက်တယ်ဆိုတာကို နားမ လည်နိုင်ဘဲဖြစ်နေပါတယ်။
ယခုလည်း Felicitator လေးတွေအနေဖြင့် ၁၉၆၂ ခုနှစ် ဦးနေ၀င်း အာဏာမသိမ်းမီက တက္ကသိုလ်ပညာရေးဝန်းကျင်အခြေအနေကို မ တွေ့ကြုံဘူးတော့ ငါးအနေနဲ့ လမ်းလျှောက်တာကို သဘောမပေါက်သလို သူတို့လည်း သဘောမပေါက် နားမလည်ဖြစ်နေပုံရပါတယ်။ တက္ကသိုလ်နယ်မြေသည် အကြောက်တရားကင်းတဲ့အခြေအနေဖြစ်ရမယ်ဆိုတော့ ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်ရမလားလို့ စဉ်းစားများစဉ်းစား နေမလားမသိဘူး။
ကျွန်တော်လည်း အဲဒီကိုယ်စားလှယ်စုံညီအစည်းအဝေးမှာ ကိုယ်စားလှယ်တွေကို ရှင်းလင်းပြောပြခဲ့ပါတယ်။ ဖြည့်စွက်ရမည့်အချက်တွေ ထဲမှာ ကျွန်တော်ဆွေးနွေးတဲ့အချက်ကို ပြန်လည်ထည့်သွင်းပေးပါတယ်။ ဒါပေမဲ့ အဲဒီကိုယ်စားလှယ်စုံညီအစည်းအဝေးမှာ ဆွေးနွေးမည့် ကိုယ်စားလှယ်တွေကများနေတော့ အများနားလည်သဘောပေါက်နိုင်အောင် အချိန်ပေးပြီး မဆွေးနွေးနိုင်ခဲ့ပါဘူး။
အဲဒီအဖြစ်အပျက်လေးကြောင့် ၁၉၆၂ ခုနှစ်မတိုင်မီအချိန်က တက္ကသိုလ်ပညာရေးဝန်းကျင်ကို မမှီလိုက်သူ တက္ကသိုလ်ကျောင်းသား    ကျောင်းသူများသိရှိရအောင် ယခုဆောင်းပါးကို ရေးသားလိုက်ခြင်းဖြစ်လာပါတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်းအာဏာမသိမ်းမီအချိန်က တက္က သိုလ်ကျောင်းသားတွေရဲ့အခြေအနေကို တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထွက်တဲ့အချိန်ကစပြီး ဖော်ပြသွားပါမယ်။
ယခုခေတ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ပြီးရင် အမှတ်စာရင်းစောင့်ရတယ်။ အမှတ်စာရင်းတွေရပြီးရင် အထက်တန်းပညာဦးစီးဌာနကထုတ်ပြန်ထားတဲ့ တက္ကသိုလ်လမ်းညွှန်စာအုပ်ငယ်ထဲမှာ ညွှန်ကြားထားတဲ့အတိုင်း ဘယ်ဘာသာရပ်ကိုယူရမယ်ဆိုတာကို စဉ်းစားရတယ်။ အထက်တန်းပညာဦးစီးဌာနကဖြန့်ဝေပေးတဲ့ တက္ကသိုလ်ကျောင်းဝင်ပုံစံကိုဖြည့်သွင်းပြီး လိုအပ်သော ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ကောင်စီ (ယခုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး) ထောက်ခံစာတွေနဲ့အတူ အထက်တန်းပညာဦးစီးဌာနကို လျှောက်ထားရပါတယ်။
အထက်တန်းပညာဦးစီးဌာနမှဘယ်ဘာသာတွဲဖြင့် ဘယ်တက္ကသိုလ်မှာတက်ခွင့်ပြုတယ်ဆိုတဲ့စာထွက်လာပြီးမှ အဲဒီတက္ကသိုလ်မှာကျောင်း စတက်ရပါတယ်။
၁၉၆၂ ခုနှစ်မတိုင်မီကတော့ အဲဒီလိုမဟုတ်ပါဘူး။ တက္ကသိုလ်တက်ရန်အတွက် လျှောက်လွှာတင်ရတာ အလွန်ရိုးရှင်းပါတယ်။ အဲဒီအချိန် တုန်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းဟာ မေလအတွင်း ဒါမှမဟုတ် ဇွန်လဆန်းမှာ ထွက်ပါတယ်။
တက္ကသိုလ်ကျောင်းသားကျောင်းသူဟောင်းတွေအတွက် တက္ကသိုလ်ကျောင်းဖွင့်ရက်ဟာ အထက်တန်းကျောင်းတွေလို ဇွန်လဆန်းမှာ ဖွင့်ပါတယ်။ ပထမနှစ် ကျောင်းသားကျောင်းသူတွေကတော့ ဇွန်လလယ်လောက်မှာ ကျောင်းစတက်ရပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထွက်ပြီးလို့၊ စာမေးပွဲအောင်ခဲ့ရင် ယခုခေတ်လို စာမေးပွဲအမှတ်စာရင်း စောင့်နေစရာမလိုပါဘူး။ တက္ကသိုလ်ကျောင်းဝင်ပုံစံ စတင်လက်ခံတဲ့ရက်မှာ ဓါတ်ပုံ (၃) ပုံ ((၃) ပုံလား (၄) ပုံလား သိပ်မမှတ်မိတော့ပါ) ယူပြီး ကိုယ်တက်ချင်တဲ့တက္ကသိုလ်ကိုသွား ၊ကျောင်းဝင်လျှောက်လွှာလက်ခံတဲ့ဌာနမှာ လိုအပ်တဲ့ပုံစံကိုဝယ်ယူခါ၊ အဲဒီမှာပဲပုံစံဖြည့် လျှောက်လွှာတင်လို့ရပါတယ်။ ဘာထောက်ခံစာတွေမှ ပါလာစရာမလိုပါဘူး။
ကျောင်းဝင်လျှောက်လွှာပုံစံမှာလည်း အချက်အလက်တွေ များများစားစား မဖြည့်ရပါဘူး။ ထုံးစံအတိုင်းအမည်၊ နေရပ်လိပ်စာ၊ မွေးသက္က ရာဇ်၊ မိဘအမည်တွေ ဖြည့်သွင်းရပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်စတက်စဉ်အချိန်က မြန်မာနိုင်ငံမှာ အမျိုးသားမှတ်ပုံတင်ကတ်ပြား အသုံးမပြုသေးတော့၊ မှတ်ပုံတင်နံပါတ်တောင် မထည့်ရပါဘူး။ အမျိုးသားမှတ်ပုံတင်ကတ်ပြားအသုံးပြုပြီးနောက်ပိုင်းမှာတော့ မှတ်ပုံတင် နံပါတ်ကိုလည်း ဖြည့်သွင်းရပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့်ပတ်သက်ရင်တော့ စာမေးပွဲခုံနံပါတ်၊ စာစစ်ဌာန၊ စာမေးပွဲအောင်သည့်နှစ်ကို ဖြည့်ရပါတယ်။ တက္ကသိုလ် ၀င်တန်းစာမေးပွဲအောင်သည့်နှစ်ကို ရေးရတာက ယခုခေတ်တက္ကသိုလ်တွေလို တက္ကသိုလ်တက်ချင်လျှင် စာမေးပွဲအောင်သည့်နှစ်မှာ တက္ကသိုလ်တက်မှ တက္ကသိုလ်တက်ခွင့်ရှိပြီး နောက်နှစ်တွေမှာ တက္ကသိုလ်တက်ချင်ရင် တက်ခွင့်မပြုတဲ့စနစ် မဟုတ်သောကြောင့်ဖြစ်ပါ တယ်။
တက္ကသိုလ်ဝင်တန်းအောင်ပြီး၊ မိဘစီးပွားရေးအဆင်မပြေသူတချို့ဆိုရင် အလုပ်တခုကို တစ်နှစ်၊ နှစ်နှစ်လုပ်၊ ငွေစုပြီးမှ တက္ကသိုလ်ပြန် တတ်လို့ရပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်တဲ့နှစ်ကို ထည့်ရေးရတယ်။ တက္ကသိုလ်က စာရင်းတွေနှင့် ပြန်စစ်ဆေးနိုင် ရန်ဖြစ်ပါတယ်။
နောက်ကျောင်းဝင်လျှောက်လွှာပုံစံပေါ်မှာ ကိုယ်သင်ကြားလိုတဲ့ ဘာသာတွဲကို ရေးသွင်းပြီး ကျောင်းဝင်ခွင့်လျှောက်လွှာလက်ခံသည့်ဌာနကိုပြန်ပေးရပါတယ်။ နောက် (၁၅) မိနစ်၊ မိနစ်(၂၀) ခန့်ကြာတဲ့အချိန်မှာအဲဒီကျောင်းဝင်လျှောက်လွှာပေါ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ  နှင့်ပတ်သက်ပြီး ဖော်ပြထားတဲ့အချက်အလက်တွေမှန်ကန်ကြောင်း မော်ကွန်းထိမ်းဌာနမှ အရာရှိတစ်ဦး လက်မှတ်ရေးထိုးပြီး ကျောင်း ၀င်လျှောက်လွှာပုံစံကို ပြန်ပေးပါတယ်။
အဲဒီလိုကျောင်းဝင်လျှောက်လွှာပေါ်မှာ မော်ကွန်းထိမ်းဌာနမှ အရာရှိက မှန်ကန်ကြောင်းလက်မှတ်ထိုးပြီးရင် ငွေစာရင်းဌာနကိုသွားခါ ကျသင့်တဲ့ကျောင်းဝင်းကြေးကိုပေးသွင်းပြီး ကျောင်းဝင်လျှောက်လွှာပုံစံကို ထားခဲ့ရပါတယ်။ အဲဒီလိုငွေသွင်းပြီးရင် တက္ကသိုလ်ကျောင်း သား ဖြစ်သွားပြီ။
တက္ကသိုလ်သင်တန်းတွေ စသင်မယ်လို့ ကြေညာထားတဲ့နေ့ရက်မှာတော့ တက္ကသိုလ်ကြော်ညာသင်ပုန်းမှာ Notice Board မှာ ခုံနံပါတ် တွေ ဘာသာရပ်အလိုက် စာသင်ကြားရမည့်အခန်းနံပါတ်နှင့် အချိန်စာရင်းစသည်တွေကို ကပ်ထားပြီးဖြစ်နေပါတယ်။ ကိုယ့်အမည်ကို ကိုယ်ရှာပြီး တက္ကသိုလ်သင်တန်းတွေ စတက်ရုပါံပဲ။
အဲဒီအချိန်တုန်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်ကျောင်းသားဖြစ်ရတာ ဘယ်လောက်လွယ်ကူရိုးရှင်းပြီး ဘယ် လောက်လွတ်လပ်သလဲဆိုတာ၊ ယခုခေတ်နှင့် နှိုင်းယှဉ်ကြည့်ရင်သိသာပါတယ်။ နောက် ယခုခေတ်ကလေးတွေသိရအောင် အချက်တချက် ကိုပြောပြချင်ပါသေးတယ်။
ပထမနှစ်ကျောင်းသားတွေအတွက် သင်တန်းတွေစတင်ဖွင့်လှစ်ပြီးပေမယ့် ပထမတစ်ပတ်လောက်အတွင်းမှာ ဘာသာရပ်အလိုက် သင် ခန်းစာတွေကို စပြီးမသင်သေးပါဘူး။ စာသင်တန်းတွေအထဲမှာ ကထိကဆရာကြီးတွေက သူတို့သက်ဆိုင်ရာဘာသာရပ်နှင့်ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုပဲ မိတ်ဆက်သဘောပြောပြနေကြပါတယ်။ ဘယ်ကျောင်းသားမဆို အဲဒီလိုမိတ်ဆက် သင်တန်းတွေကို လှည့်လည်နားထောင်လို့ရပါတယ်။
သိပ္ပံဘာသာရပ်တွေမှာဆိုရင် ဓါတ်ခွဲခန်းထဲမှာ စမ်းသပ်တဲ့ စမ်းသပ်ချက်တွေကို စမ်းသပ်ပြနေပါတယ်။ ဓါတုဗေဒဘာသာရပ်မှာဆိုရင် ကထိကဆရာကြီးက ဖန်ပြွန်လေးတွေထဲမှာ ဓာတုဆေးရည်တွေပေါင်းစပ်ပြသပါတယ်။ အရောင်အမျိုးမျိုးပြောင်းသွားတာတွေကို တွေ့ရပါ တယ်။ ဆရာကြီးက တစ်မျိုးပြီးတစ်မျိုး မျက်လှည့်ပြသလို လုပ်ပြနေပါတယ်။ ရူပဗေဒနှင့်ဆိုင်တဲ့စာသင်ခန်းမှာလည်း ဓါတ်ခွဲခန်းပစ္စည်း တွေကိုအသုံးပြုပြီး လျှပ်စစ်သံလှိုင်းတို့၊ အသံလှိုင်းတို့ သံလိုက်စွမ်းအင်တို့ကို ကျောင်းသားတွေစိတ်ဝင်စားအောင် တမျိုးပြီး၊ တစ်မျိုး သရုပ်ပြပါတယ်။
ဘယ်ဘာသာရပ်ကိုယူထားသည့် ကျောင်းသားဖြစ်ပါစေ။ အဲဒီလို မိတ်ဆက်စာသင်တန်းတွေကို လှည့်လည်နားထောင်လို့ရပါတယ်။ လေ့ လာလို့ရပါတယ်။ အဲဒီလိုမိတ်ဆက်သင်တန်းတွေကို လှည့်လည်လေ့လာပြီး ကျောင်းသားတွေကို စဉ်းစားခွင့်ပေးပါတယ်။ ကိုယ်အမှန်တကယ်စိတ်ဝင်စားတဲ့ဘာသာရပ်ကို တစ်လလောက်အတွင်းမှာ ပြောင်းလဲသင်ကြားရန် တက္ကသိုလ်အာဏာပိုင်တွေကို လျှောက်လွှာတင်လို့ ရပါတယ်။ တက္ကသိုလ်အာဏာပိုင်တွေကလည်း ကျောင်းသားစိတ်ကြိုက် ပြောင်းလဲတက်ခွင့်ပြုပါတယ်။ အဲဒီအချက်ကလည်း ယခုခေတ် ကျောင်းသားတွေ သိထားသင့်တဲ့ အချက်တစ်ချက်ပါ။ တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီးတာနဲ့ မိမိဘယ်ဘာသာရပ်ကိုသင်ကြားမယ်လို့ ဆုံးဖြတ်ထားပြီးသူတွေအတွက် ယခုလိုမိတ်ဆက်သင်တန်းတွေဟာ အရေးမကြီးပေမဲ့၊ တက္ကသိုလ်တက်သည့်အချိန်တွင် ဘယ်ဘာသာ ကိုရွေးချယ်ရမှန်းမသိဘဲ ယောင်ဝါးဝါးဖြစ်နေတဲ့ကျောင်းသားတွေအတွက် အဆိုပါဘာသာရပ်မိတ်ဆက်သင်တန်းတွေဟာ အလွန်အရေး ကြီးပါတယ်။ မိမိတစ်သက်တာအတွက် မိမိစိတ်ဝင်စားတဲ့ဘာသာရပ်ကို စိတ်တိုင်းကျရွေးချယ်နိုင်စေရန် အခွင့်အရေးပေးတဲ့အနေနဲ့ အဲဒီ လို ဘာသာရပ်အလိုက် မိတ်ဆက်စာသင်တန်းတွေကို တက္ကသိုလ်က စီစဉ်ပေးတာဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားတဦးချင်းအတွက် ဘာသာရပ်ရွေးချယ်ရာတွင် မှန်ကန်အဆင်ပြေစေရန်အတွက် တက္ကသိုလ်က ဘယ်လောက်အ လေးထားဆောင်ရွက်ပေးတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။ အဲဒီခေတ်တုန်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အမှတ်စာရင်းစောင့် စရာ မလိုဘဲတက္ကသိုလ်ကျောင်းဝင်ခွင့်လျှောက်နိုင်တယ်ဆိုတာက တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ဟာ ကိုယ်ရွေးချယ်တဲ့ဘာသာရပ်အတွက် သော်လည်းကောင်း၊ ကိုယ်တက်ရောက်သင်ကြားလိုတဲ့ တက္ကသိုလ်ကို ရွေးချယ်ရာတွင်သော်လည်းကောင်း၊ အဆုံးအဖြတ်မပေးတဲ့အ   တွက်ကြောင့်ဖြစ်ပါတယ်။ ယခုခေတ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ်မှာမူတည်ပြီး သင်ကြားမည့်ဘာသာရပ်ကို ရွေးချယ်ရပါ တယ်။ တက်ရောက်ရမည့်တက္ကသိုလ်ကိုလည်း စာမေးပွဲရမှတ်အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါတယ်။
ဒါကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ်ဟာ ယခုတက္ကသိုလ်ပညာရေးစနစ်အတွက် အရေးပါအရာရောက်နေပါတယ်။ ဒါကြောင့် အဲဒီ မှာပြဿနာက စပါတော့တယ်။
စာမေးပွဲအောင်မှတ်နဲ့ အဆုံးအဖြတ်ပေးတဲ့စနစ်ဖြစ်တာကြောင့် မိဘတိုင်းဟာ ကိုယ့်သားသမီးကို အမှတ်များများရအောင်ကြိုးစားပါတော့ မယ်။ ပထမတော့ အမှတ်များများရအောင် ကျူရှင်ထားပါတယ်။ ကျောင်းသားတစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ရင်းက အမှတ်ပိုရအောင် ရိုးရိုးကျူရှင်လောက်နဲ့ စိတ်မချတော့ဘဲ ၀ိုင်းကျူရှင်ထားတယ်။ နောက်တဖြည်းဖြည်းနဲ့ ၀ိုင်းကျူရှင်လောက်နဲ့စိတ်မချတော့ပဲ ၀ိုင်းကျူရှင်အ ပြင် စာကျက်တဲ့အချိန်မှာ ကူညီပံ့ပိုးပေးရန် ဂိုက် (Guide) ပါ ငှားရပါတယ်။ တဖြည်းဖြည်းနဲ့ အမှတ်များများရရှိရေးဟာ ပြိုင်ပွဲကြီးပမာဖြစ် လာပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းလွှာစစ်ဆေးတဲ့ နွေရာသီကျောင်းပိတ်ရက်အချိန်မှာ တက္ကသိုလ်နယ်မြေတွင် အမှတ်ပွဲစားတွေ ခြေချင်းလိမ် နေကြပါတယ်။ တက္ကသိုလ်နယ်မြေထဲက စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ အမှတ်ပွဲစားတွေက အဆင့်သင့်ထိုင်စောင့် နေကြပါတယ်။ အဲဒီမှာ ကိုယ်သားသမီး အမှတ်ပိုမိုရရှိရေးအတွက် မိဘတွေကငွေထုတ်ပိုက်ပြီး အမှတ်ဝယ်ကြတယ်။ မှန်မှန်ကန်ကန် အ ဆက်အသွယ်ရှိတဲ့ပွဲစားနဲ့တွေ့ရင်တော့ ငွေကုန်တဲ့အတိုင်း အမှတ်တွေရသင့်တာထက် ပိုပြီးရကြတယ်။ တစ်ချို့ အမှန်အကန်မဟုတ်ဘဲ၊ အဆက်အသွယ်မရှိတဲ့ပွဲစားတွေကတော့ ငွေလိမ်သွားကြတယ်။ အဲဒီလိုအမှတ်ပြိုင်ပွဲကြီးဟာ မဆုံးနိုင်ဘဲဖြစ်နေပါတယ်။ စာမေးပွဲအောင် စာရင်းထွက်လာပြီး အမှတ်စာရင်းရလို့သားသမီးတွေက အမှတ်များများရရင် မိဘတွေအနေနဲ့ မော်မဆုံး၊ ပျော်မဆုံး ဂုဏ်ယူမဆုံး ဖြစ် နေကြပါတယ်။
သားသမီးတွေအနေဖြင့် ဆေးပညာကို ၀ါသနာပါ မပါဆိုတာကို ဂရုမစိုက်ကြတော့ဘဲ သားသမီးတွေ ဆေးတက္ကသိုလ်တက်ခွင့်ရတာကိုပဲ  ဂုဏ်ဒြပ်တစ်ခုအနေဖြင့် ဆေးတက္ကသိုလ်ကို တက်ခိုင်းကြပါတယ်။ တချို့ကျောင်းသားတွေဆိုရင် ဆေးပညာကို လုံး၀၀ါသနာမပါပေမဲ့ မိဘ ဆန္ဒကိုလိုက်လျောတဲ့အနေနဲ့ ဆေးတက္ကသိုလ်တက်ကြရပါတယ်။
အဲဒီဆေးတက္ကသိုလ်ကျောင်းသားတွေဟာ ဆရာဝန်ဖြစ်လာပြီးတော့မှ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေဖြစ်သွားတာလည်း ရှိတယ်။ အဆို တော်ဖြစ်သွားတာလည်းရှိတယ်။ ကျူရှင်ဆရာတွေ၊ ကန်ထရိုက်တာတွေ ကုန်သည်ကြီးတွေဖြစ်သွားတာတွေလဲ အများကြီးရှိနေကြပါတယ်။
အဲဒီဆရာဝန်တွေဟာ ဆေးတက္ကသိုလ်မှာ အချိန်ကုန်၊ ငွေကုန်၊ အပင်ပန်းခံပြီး ဆရာဝန်သင်တန်းမတက်ကြဘဲ သူတို့ဝါသနာပါတဲ့ ဘာသာရပ်နှင့်သက်ဆိုင်သည့်တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားမည်ဆိုလျှင် သူတို့စိတ်ဝင်စားတဲ့လုပ်ငန်းများတွင် ပိုမိုပြီးအောင်မြင်မှုတွေရရှိနိုင်ပါမယ်။ 
ယခုတော့ နိုင်ငံတော်အနေဖြင့် ဆုံးရှုံးမှုနှစ်ရပ်နှင့် ကြုံတွေ့ရပါတယ်။ ပထမတခုက ၀ါသနာမပါဘဲ ဆေးပညာသင်ယူပြီး ဆရာဝန်တွေဖြစ်ပြီးမှ ဆရာဝန်အလုပ်ကိုမလုပ်တဲ့အတွက် နိုင်ငံတော်အနေနှင့် ဆုံးရှုံးရပါတယ်။ ဒုတိယတခုက ဆေးပညာကို အမှန်တကယ်ဝါသနာပါပေမယ့် ဆေးတက္ကသိုလ်တက်ခွင့်ရရန် အမှတ်တမှတ်လို၊ နှစ်မှတ်လိုဖြစ်နေသည့်ကလေးတွေအနေနဲ့ အထက်ကပြောခဲ့တဲ့ ၀ါသနာမပါဘဲ ဆေး တက္ကသိုလ်တက်ကျတဲ့ ကျောင်းသားတွေကြောင့် ဆေးတက္ကသိုလ်တက်ခွင့်ပြုတဲ့အရေအတွက် ပြည့်သွားသဖြင့် ဆေးတက္ကသိုလ်တက်ခွင့်မရဖြစ်သွားပါတယ်။ အဲဒီအတွက် နိုင်ငံတော်အတွက်လိုအပ်နေတဲ့ ဆရာဝန်အရေအတွက် လျော့နည်းသွားရပါတယ်။ အမှတ် တစ်မှတ် နှစ် မှတ်လိုနေတဲ့ ကျောင်းသားအတွက်ရော နိုင်ငံတော်အတွက်ပါ ဆုံးရှုံးရပါတယ်။
ကျွန်တော်’’အကြောက်တရား’’နှင့်ပတ်သက်ပြီး ဆက်လက်ပြောပြပါမယ်။ ယခုအချိန်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ထားသူ တစ်ယောက်အနေဖြင့် တက္ကသိုလ်ကျောင်းသားမဖြစ်မိအချိန်မှာပင် အကြောက်တရားနှစ်ခုနှင့် အရင်ကြုံတွေ့ရပါတယ်။ တစ်ခုက ရဲစခန်းမှာ ထောက်ခံစာသွားတောင်းသည့်အချိန်တွင် တစ်ခုခုများ အဆင်မပြေဖြစ်ခဲ့ရင်ဆိုတဲ့ စိုးရိတ်စိတ်နဲ့ သွားရပါတယ်။ အဆင်မပြေဖြစ်မှာ စိုးရိမ် တဲ့အတွက် ချောဆီ-၁၀၀၀ိ/-၁၅၀၀ိ/- လောက်ယူသွားပြီး ပေးရပါတယ်။ ချောဆီကြိုတင်ပေးမထားရင် သိပ်မချောမွေ့တော့ဘဲ အဖုအထစ် လေးတွေဖြစ်တတ်ပါတယ်။
ဒီလိုပါပဲ ရပ်ကွက်ကောင်စီ (ယခုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး) ကို ထောက်ခံစာသွားတောင်းတော့လဲ တခုခုအဆင်မပြေဖြစ်ရင်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ချောဆီ ၁၀၀၀ိ/-၁၅၀၀ိ/- ဆောင်သွားရပါတယ်။ ချောမွေ့အောင်ပေးရပါတယ်။ ကျွန်တော်တို့ခေတ်တုန်းက တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းမှာ မိမိခုံနံပါတ်နှင့် အမည်ပါလျှင် အားလုံးပြည့်စုံလုံလောက်ပြီး၊ ဘယ်သူဆီကမှ ထောက်ခံစာတောင်းစရာမလိုပါဘူး။ ထောက်ခံစာသွားတောင်းတဲ့အချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့စိုးရိမ်စိတ်၊ ကြောက်ရွံ့တဲ့စိတ်တွေ ဘာမှမပေါ်ခဲ့ရပါဘူး။
ဒါက အကြောက်တရားနှင့် ပတ်သက်တာပါ။ ကျောင်းသားအခွင့်အရေးနှင့် ပတ်သက်လာလျှင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်တဲ့ ကျောင်းသားကျောင်းသူတွေဟာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘ၀မရောက်မီ အချိန်မှာပင် အခွင့်အရေးနှစ်ခုဆုံးရပါတယ်။ 
ပထမ- ဆုံးရှုံးတဲ့ကျောင်းသားအခွင့်အရေးက ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်မှာ ကိုယ်သင်ကြားလိုတဲ့၊ ကိုယ်ကြိုက်နှစ် သက်တဲ့၊ ကိုယ်စိတ်ဝင်စားတဲ့ဘာသာကို ရွေးချယ်ခွင့်မရရှိပါဘူး။ ကျွန်တော်တို့ခေတ်တုန်းက အထက်ကဖော်ပြခဲ့သလို ကိုယ်ကြိုက်နှစ် သက်တဲ့ဘာသာ၊ ကိုယ်စိတ်ဝင်စားတဲ့ဘာသာကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ တက္ကသိုလ်အနေနှင့်လည်း ကျောင်းသား ကျောင်းသူတွေ စိတ် ကြိုက် ရွေးချယ်နိုင်အောင် ဘာသာရပ်အလိုက် မိတ်ဆက်သင်တန်းတွေပေးပြီး ရွေးချယ်ခွင့်ပြုထားပါတယ်။ 
ဒုတိယ = ကျောင်းသားအခွင့်အရေးဆုံးရှုံးတယ်ဆိုတာက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်တဲ့ကျောင်းသား၊ ကျောင်းသူတစ်ယောက် ဟာ ကိုယ်တက်ရောက် စာသင်လိုတဲ့ တက္ကသိုလ်ကို မိမိဆန္ဒသဘောအရ ရွေးချယ်ခွင့်မရှိဘူး။ ဘယ်ရပ်ကွက်မှာနေတဲ့ သူက ဘယ် တက္က သိုလ်ကိုတက်ရမယ်။ ဘယ်မြို့နယ်မှာနေတဲ့သူက ဘယ်ကောလိပ်၊ ဘယ်တက္ကသိုလ်တက်ရမယ် စသဖြင့် ကျောင်းသားကျောင်းသူရဲ့ နေရပ် လိပ်စာကိုလိုက်ပြီး ခွဲတမ်းချထားပါတယ်။
ကျွန်တော်တို့ခေတ်တုန်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်တဲ့ ကျောင်းသားကျောင်းသူတစ်ယောက်ဟာ မြန်မာပြည်အတွင်းက ကိုယ်တက်ရောက်ပညာသင်ကြားလိုတဲ့ တက္ကသိုလ် (သို့မဟုတ်) ကောလိပ်ကို တက်ခွင့်ရှိတယ်။ အထက်ကဖော်ပြခဲ့သလို ကိုယ်တက် ရောက်ချင်တဲ့ကောလိပ် (သို့မဟုတ်) တက္ကသိုလ်မှာ လျှောက်လွှာတင်လိုက်ရုံပါဘဲ။
တောင်ကြီးသားတစ်ယောက်ဟာ တောင်ကြီးမြို့မှာ ကောလိပ်ရှိပေမဲ့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တွေမှာ တက်ရောက်ချင်ရင်တက်ရောက်ခွင့်ရှိပါတယ်။ မန္တလေးသားတစ်ယောက်ဟာ မန္တလေးမြို့မှာ တက္ကသိုလ်ရှိပေမဲ့ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်စာပေသင် ကြားချင်ရင် သင်ကြားလို့ရပါတယ်။
ဒါကြောင့် ယနေ့တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်တဲ့ ကျောင်းသားကျောင်းသူတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသား ကျောင်းသူ မဖြစ်မီအချိန်မှာတင် အကြောက်တရားနှစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး၊ ဘ၀တသက်တာအတွက် အရေးကြီးတဲ့ ကျောင်းသားအခွင့်အရေးနှစ်ခုဆုံးရှုံးနေပါတယ်။ တက္ကသိုလ်တွေဖွင့်လို့ ကျောင်းစတက်ပြီဆိုတဲ့နေ့မှာ မိဘတွေက သားသမီးတွေကိုမှာတယ်။ ကျောင်းမှာ အေးအေး ဆေး ဆေးနေနော်-ဟိုပါ ဒီပါမပါနဲ့ – ဟိုအသင်းဝင် ဒီအသင်းဝင် မ၀င်နဲ့။ အကြောက်တရားဟာ ကျောင်းသား ကျောင်းသူတွေဆီမှာတင်မကဘဲမိဘတွေဆီကိုပါ ရောက်သွားပါတယ်။
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကလဲ တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့အချိန်ကာလတစ်ခုလုံးမှာ ဟိုလူနဲ့ အပေါင်းအဖော်မ လုပ်ရဲ၊ ဟိုအသင်းမှာ မပါရဲနှင့် ကြောက်တဲ့စိတ်နဲ့ ကျောင်းတက်နေရပါတယ်။ ဘာသာတွဲတစ်ခုစီမှာ အမှတ်ကောင်းသူတွေက ကြောက်စိတ် ပိုရှိကြပါတယ်။
ဟိုလူနဲ့ပေါင်းတဲ့အတွက်ဂုဏ်ထူးတန်းမတက်ရရင်ကော၊ ဟိုအသင်းမှာ အသင်းဝင်အဖြစ်ပါဝင်မိလို့၊ မဟာတန်းတက်ခွင့်မပြုရင်ကော၊ ဆိုတဲ့ ကြောက်စိတ်တွေကိုရင်မှာပိုက်ပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူ ဘ၀တလျှောက်လုံး စိုးရိမ်စိတ်နဲ့ ကျောင်းတတ်နေရပါတယ်။
၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇) ရက်မတိုင်မီအချိန်က တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေဟာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံထဲကို အ၀င်အထွက်ပြုလုပ်ခဲ့ရင် ပညာသင်ထောက်ပံ့ကြေးများဖြတ်တောက်ခံရမလားဆိုတဲ့ စိုးရိမ်စိတ်၊ တကသရွေးကောက်ပွဲမှာ အမှု ဆောင်အဖြစ် အရွေးခံခဲ့ရရင် ဂုဏ်ထူးတန်းတက်ခွင့်ပိတ်ပင်ခံရမလားဆိုတဲ့ ကြောက်လန့်ရတဲ့စိတ်၊ အတိုက်အခံနိုင်ငံရေးသမားရဲ့သား သမီးဖြစ်နေလို့၊ မဟာတန်းတက်ခွင့် ပိတ်ပင်ခံရလေမလားဆိုတဲ့ စိုးရိမ်စိတ် စသဖြင့် အဲဒီလိုကြောက်စိတ်မျိုးတွေ ကင်းကင်းရှင်းရှင်းနဲ့ စာ ပေသင်ကြားနိုင်ခဲ့ပါတယ်။
အဲဒီလို အကြောက်တရားကင်းတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူဘ၀ကို ပိုမိုသဘောပေါက်အောင် ကျွန်တော့်ကိုယ်တွေ့ အဖြစ်အ ပျက်ကို တင်ပြပါမယ်။ ကျွန်တော့်မိဘနှစ်ပါးဟာ၊ ကျွန်တော်ဆယ်ကျော်သက်အရွယ်မှာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြပါတယ်။ ကျွန် တော့ကို ကျွန်တော့်အဒေါ်နှစ်ယောက်နဲ့ ကျွန်တော့်အစ်ကိုတို့က ကျောင်းထားပေးပါတယ်။
ကျွန်တော် လမ်းမတော်ဆေးကျောင်းရောက်တဲ့နှစ်စပိုင်းမှာ ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာ ခေါ်ယူတဲ့ကြော်ငြာ၊ ကြော်ငြာသင်ပုန်းမှာ ကပ်ထားတာတွေ့ရတာကြောင့် ကျွန်တော်ပညာသင်ထောက်ပံ့ကြေး လျှောက်လွှာတင်ခဲ့ပါတယ်။
ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာတင်တဲ့အချိန်မှာ မိဘနှစ်ပါး အမှန်တကယ်ကွယ်လွန်ခဲ့ပြီးဖြစ်ကြောင်း ပြန်ထမ်းဝင်အရာရှိနှစ်    ယောက်ရဲ့ ထောက်ခံစာနဲ့အတူ လျှောက်ထားရပါတယ်။ ယခုခေတ်လိုရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာများတင်ပြရန် မလိုပါဘူး။
ကျွန်တော်ဟာ ရန်ကုန်တက္ကသိုလ်ကို စတင်တက်ရောက်တဲ့ ပထမနှစ်မှစတင်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦးမှာ ပါဝင်လှုပ်ရှားနေတဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရပညာသင်ထောက်ပံ့ကြေးလျှောက်လွှာကို တင်သွင်းလျှောက်ထားခဲ့သော်လည်း ကျွန်တော်စိတ်ထဲမှာပညာသင်ထောက်ပံ့ကြေးရရှိလိမ့်မယ်လို့ မထင်မှတ်ခဲ့ပါ။ ပညာသင်ထောက်ပံ့ကြေးခံစားခွင့်ပြုသည့်စာရင်းကြေညာတဲ့အချိန်မှာ ကျွန်တော့်အမည်ပါလာပါတယ်။
အဲဒီအချိန်က ပညာသင်ထောက်ပံ့ကြေး ၇၅ ကျပ်ရရှိပါတယ်။ အဲဒီပညာသင်ထောက်ပံ့ကြေး ၇၅ ကျပ်ဟာ ကျောင်းဆောင်နေခ ၆၀ ကျပ် နှင့်ကျောင်းလခ ၁၅ ကျပ်အတွက် လုံလောက်တဲ့ငွေကြေးဖြစ်ပါတယ်။
ကျွန်တော် ဆေးသိပ္ပံတွင်စာသင်နေစဉ်ကာလအတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦးရဲ့ ဒုဥက္ကတာဝန်နဲ့ ရန်ကုန်တက္က သိုလ်ကျောင်းသားသမဂ္ဂရဲ့ ဒုဥက္ကဋ္ဌတာဝန်များကို တာဝန်ယူခဲ့ပါတယ်။
ကျွန်တော် ကျောင်းသားတပ်ဦးခေါင်းဆောင်ဖြစ်သဖြင့်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်ဖြစ်သဖြင့် ကျွန်တော့်ပညာသင် ထောက်ပံ့ကြေးကို ဖြတ်တောက်ပစ်ခြင်းမရှိခဲ့ပါ။ ပညာသင်ထောက်ပံ့ကြေးကို ကျွန်တော်ဆေးသိပ္ပံတွင် ပညာသင်ကြားနေစဉ် (၅) နှစ်လုံး လုံးခံစားခဲ့ရပါတယ်။
ယခု ကျွန်တော့်ပညာသင်ထောက်ပံ့ကြေးအကြောင်းတင်ပြတာက ကျွန်တော် ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်နေလို့၊ ကျွန်တော်ကျောင်း သားသမဂ္ဂခေါင်းဆောင်တစ်ယောက်ဖြစ်နေလို့ ကျွန်တော့်ပညာသင်ထောက်ပံ့ကြေးကို ဖြတ်တောက်ခံရလေမလားဆိုတဲ့ကြောက်စိတ်ရှိ စရာမလိုခဲ့တဲ့အကြောင်းကို သိစေချင်လို့ဖြစ်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့နာမည်ကျော် သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်းဟာ ၁၉၄၅ ခုနှစ်မှာ၊ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအ ဖြစ်တာဝန်ယူခဲ့ပြီး ၁၉၄၆ မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဘွဲ့ရသွားပြီးနောက် မဟာဝိဇ္ဇာသင်တန်းတက်ခွင့်ရပါတယ်။ နောက်နိုင်ငံခြားကို ပါရဂူသင်တန်းရွေးချယ်စေလွှတ်ခံရပါတယ်။ မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ ပါမောက္ခရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်တစ်ယောက်က မဆလလက်ထက် ပညာရေးဝန်ကြီး ဒေါက်တာညီညီဖြစ်ပါတယ်။ ဒေါက်တာညီညီဟာ ၁၉၅၀ ခုနှစ်မှာ ရန်ကုန်တက္က သိုလ်တွင်ဖွဲ့စည်းခဲ့တဲ့ မာက် (စ) ၀ါဒလေ့လာရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ အဲဒီ မာက် (စ) ၀ါဒလေ့လာရေးအဖွဲ့ဟာ ရန်ကုန်တက္ကသိုလ်တိုးတက်သောကျောင်းသားအင်အားစုရဲ့ ရှေ့ပြေးအဖွဲ့ဖြစ်ပါတယ်။ တိုးတက်သောကျောင်းသားအင်အားစုဟာလည်း ၁၉၅၄ ခုနှစ်မှာ ရှမ်း၊ ကရင်၊ ရခိုင်၊ မွန်၊ ကချင်စသည့်တိုင်းရင်းသားလူမျိုးစုကျောင်းသားအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦးဖြစ်လာပါတယ်။
ဒေါက်တာညီညီဟာ မာက် (စ) ၀ါဒလေ့လာရေးအဖွဲ့ကို တည်ထောင်သူတစ်ဦးဖြစ်ခဲ့ပေမဲ့ မဟာသိပ္ပံတန်းတက်ခွင့်ရပါတယ်။ နောက်ပါရဂူဘွဲ့ အတွက် ပညာတော်သင်ရွေးချယ်ခံရပါတယ်။ နောက် ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ကျွန်တော်တို့ဆေးသိပ္ပံမှာလည်း ဆေးသိပ္ပံကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာလှဦးဟာဆရာဝန်ဘွဲ့ရရှိပြီးနောက် ပြည်တွင်းမှာ ဘွဲ့လွန်သင်တန်းတက်ခွင့်ရပါတယ်။ နောက်နိုင်ငံခြားပညာတော်သင်ရွေးချယ်ခံရပြီး အင်္ဂလန်နိုင်ငံ တော်ဝင်ကော်လိပ်မှာဘွဲ့လွန်တက်ခွင့်ရပါတယ်။ အင်္ဂလန်နိုင်ငံက တော်ဝင်အဖွဲ့ဝင်ဆရာဝန်ကြီးအဖြစ် မြန်မာပြည်ကိုပြန်ရောက်လာပြီး၊ မန္တလေးဆေးတက္ကသိုလ်နှင့် ရန်ကုန်ဆေးတက္ကသိုလ် (၁) မှာ ရောဂါဗေဒပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီဥပမာတွေဟာ ၁၉၆၂ ခုနှစ်ဇူလိုင် (၇) ရက်မတိုင်မီအချိန်က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားအဖွဲ့အစည်းတွေမှာပါဝင်ခဲ့၊ ခေါင်း ဆောင်ခဲ့တဲ့အတွက် ပညာရေးအခွင့်အလမ်းများမှာ အတားအဆီးအနှောင့်အယှက်တစ်ခုအနေနဲ့ဖြစ်သွားလေမလားဆိုတဲ့ ကြောက်လန့်တဲ့စိတ်ရှိစရာမလိုတဲ့အကြောင်း ဖြစ်ပါတယ်။ ယခုလို တက္ကသိုလ်ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး၊ တက္ကသိုလ်ဥပဒေပြန်လည်ရေးဆွဲ ရေးတွေပြုလုပ်ရတဲ့အချိန်မှာ တက္ကသိုလ်သည် အကြောက်တရားကင်းစင်သည့်ပညာရေးဝန်းကျင်ဖြစ်ရေးကိုရရှိနိုင်တဲ့အစီအမံတွေလည်းပါဝင်ရန်လိုအပ်ပါတယ်။
အမှန်တကယ်တော့ တက္ကသိုလ်သည် အကြောက်တရားကင်းစင်သည့်ပညာရေးဝန်းကျင်ဖြစ်ရေးဆိုတဲ့အခြေအနေဟာ စစ်မှန်တဲ့ဒီမို ကရေစီရရှိမှသာ ဖြစ်နိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်လိုက်ရင်တော့ တက္ကသိုလ်သည် အကြောက်တရားကင်းစင်သည့် ပညာရေးဝန်းကျင်ဖြစ်ရေးမှာ ပြည့်ဝတဲ့ဒီမိုကရေစီအခွင့်အရေးရရှိရေးဟာ အခရာဖြစ်ကြောင်းတင်ပြအပ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts