အုန်းနိုင်

Ohm Naing – Articles

ပုဒ်မ (၁၄၄) ထုတ်မယ်တဲ့ (၁၁)
အုန်းနိုင်
သြဂုတ် ၁၀၊ ၂၀၁၃
ဆန္ဒပြလူအုပ်ကြီး က     မြို့ တောင်ပိုင်းကိုဆက်ချီတက်သွား       နေတုံးမှာ    အထကရဲ့   ကျောင်းအုပ်ဆရာမ ကြီးကလွှတ်လိုက်တဲ့    သူ့လက်ထောက်  အထက်တန်းပြဆရာ   တဦး   ရောက်လာပါတယ်..။ဆရာမကြီးက  သူခြေကျိုးထားတာမို့  ကြာကြာ မရပ်နိုင်လို့ဒုတ်ကောက်လည်း  မပါတာမို့  ပြန်ခွင့်ပြုပါလို့  လာပြောပါတယ်..။
“ဟ..ကိုယ့်ဘာသာ  ကိုယ် ပြန်ချင်လည်း  ပြန်ပေါ့..။ငါလည်း  ဒီမှာဘယ်သူမှ  ခိုင်းလို့  လာလုပ်နေတာမဟုတ်ဘူး..။ဘယ်သူမှလည်း အမိန့်ပေး   နေတာမဟုတ်ဘူး..။ဘယ့်နှယ်..ငါ့ဆီလာပြီး  ခွင့်တိုင်နေရတာလဲ…လို့  ပြန်ပြောလိုက်မိတယ်..။သူတို့ စိတ်ထဲမှာ ဒီနာရီ ပိုင်း အတွင်းအဖြစ်အပျက်တွေကို  ကြည့်ပြီး ကျနော့်လူအုပ်ကို ထိန်းနေတာကို  မြင်တော့  ဒီ အရေးအခင်းကို  ခေါင်းဆောင်နေသူလို့ များ  ထင်နေကြလား ..မသိပါဘူး..။
ဒီလိုနဲ့   ဦးသန်းထွန်း ဆိုင်ကနေ   တရားရုံးဘက်ကိုပြန်လာတော့..။ လမ်းမှာ ကောင်စီရုံးကနေလှမ်းခေါ်ပါတယ်..။ကျောင်းသားတွေ အခြေ အနေ   ဘယ်လိုရှိလဲလို့ မေးတာပါ..။ကျောင်းသားတွေ စည်းကမ်းတကျ  တာပွန်လမ်းဘက်ကို  ဆက်လှည့်သွားပြီလို့   ကျနော်က  ပြောပါ တယ်..။ကောင်စီဥက္ကဌ က.“.ပုဒ်မ (၁၄၄) ထုတ်ဖို့  လိုမလား ”လို့   မေးပါတယ်..။ကျနော်က..    “ မလိုပါဘူး..။ပုဒ်မ (၁၄၄)ထုတ် လိုက်ရင်  အဲဒါကို  တည်အောင် လုပ်ဖို့က ခက်မယ် ”လို့ ပြန်ပြောတယ်..။
“မထုတ်ရင်  အခြေအနေ  ပိုဆိုး မလာနိုင်ဘူး လား”
“ပို မဆိုးပါဘူး..။အခုလဲ  ထိန်းနိုင် နေတာဘဲ”
“ခင်ဗျား..ထိန်းနိုင်မယ်လို့   သေချာသလား ”
“ ဒီဘက်က  စပြီး  မကြမ်းရင်  …သူတို့ဘက်ကလည်း  မကြမ်းပါဘူး..”
ဒီလို အချီအချတွေ  ပြောနေချိန်မှာ  ခပ်လှမ်းလှမ်းက  တယောက်က ..
“သူ့ သမီးတွေ..တူတူမ တွေ  ပါနေတာပဲ ။ သူကပြောမှာပေါ့ ”  လို့  မကြားတကြား ပြောသံကြားလိုက်ပါတယ်။ဘယ်သူ့အသံလည်း  တော့  သိပ်မသဲကွဲ လိုက်ပါ..။
“ ကဲ..လာဗျာ..။ကောင်စီ အီးစီ  အစည်းအဝေးလုပ်မယ်..။ကျနော့အခန်းကိုလာ..။ကိုအုန်းနိုင်လည်း  လာထိုင်ဦး  ဗျာ”  လို့  ကောင်စီ ဥက္ကဌ
က  ပြောပါတယ်..။
“ ကျနော်က  ကောင်စီ  အီးစီမှမဟုတ်တာ” လို့   ကျနော်က  ပြန်ပြောပေမယ့်ကောင်စီ အလုပ်အမှုဆောင်တဦး  ဖြစ်တဲ့   ဦးအုန်းကြိုင်က  လက်ကုပ်ပြီး  ခေါ်ပါတယ်..။ဒါနဲ့ အစည်းအဝေး ထိုင်ကြတော့  ကောင်စီဥက္ကဌကပဲ  “ ကဲ..ပုဒ်မ (၁၄၄) ထုတ်ဖို့  လိုမလား ” လို့ ထပ်မေးပါတယ်..။ဘယ်သူကမျှ  ဘာမှ မပြောကြပါ..။
ကျနော်ကလည်း  ခုနကတင်  ပြောပြီးသားဖြစ်လို့  မို့ ထပ်မပြောပါ..။ပြီးတော့ ..ဒါက သူတို့ ကောင်စီအမှုဆောင် အစည်းအဝေးလေ..။ကျနော်က  ကောင်စီ  အမှုဆောင်  မဟုတ်ပါ..။ဒီတော့အမှုဆောင် တဦးဖြစ်တဲ့  ဦးအုန်းကြိုင်ကပဲ  “ ခုန  ဆရာကြီးပြောသလို ဆိုရင်…အခြေအနေဆိုးလာမလား..။မဆိုးဘူးလား..။တနေ့လောက်တော့ စောင့်ကြည့်ရင် ကောင်းမယ်..” လို့   ပြောပါတယ်..။ဒီတော့ ကျန်တဲ့သူတွေက  ဘာမျှမပြောတာကြောင့်  ကောင်စီဥက္ကဌ ကပဲ  “ဒါ..အားလုံး  သဘောတူ  ဆုံးဖြတ်တာနော်..”လို့   ပြောပြီး အစည်းအဝေးကို ဖြုတ်လိုက်ပါတယ်..။
ဒီအချိန်မှာပဲ     ကောင်စီဥက္ကဌ    ဗိုလ်မှူးစိုးမြင့် ရဲ့ ယောက်ဖ   တော်သူ      မြေစာရင်း ဦးစီးမှူး  ဦးခင်မောင်ရင်   ဘိုင်စကယ်နဲ့   ရောက်လာ ပါတယ်..။“ပါတီဥက္ကဌက   ပုဒ်မ (၁၄၄) ထုတ်ရမယ် တဲ့ ..။အခု  ကောင်စီမှာ  အစည်းအဝေးလာလုပ်မယ်..။သူ့အတွက်ကားတစီး လွှတ်ပေး ပါ ။ သူလာမယ်..တဲ့ ”   လို့  ပြောပါတယ်..။
“ ဒီမှာ  အခုပဲ    ပုဒ်မ (၁၄၄)မထုတ်သေးပဲ  စောင့်ကြည့်ဘို့ ဆုံးဖြတ်ထားတယ်” လို့  တယောက်က ၀င်ပြောတယ်..။ဦးခင်မောင်ရင်ကလည်း    “ အေးဗျာ..စောင့်ကြည့်ဖို့ တော့    ကောင်းသေးတယ်”  လို့  ပြောတုံး..တယ်လီဖုန်းသံမြည် လာပါတယ်..။တယောက်က  ကောက် ကိုင်ပြီး “ဟုတ်ကဲ့ ..။ဟုတ်ကဲ့ ..” တွေပြောပြီး  တယ်လီဖုန်းချလိုက်ပါတယ်..။”ပါတီဥက္ကဌ ဦးအောင်သန်းမြင့် က   ကားချက်ချင်းလွှတ်လို့ 
ပြောတယ်..။ကဲ..ကားမောင်းတဲ့ သူ..သွား..ပါတီဥက္ကဌကို  သွားခေါ်ချေ ”  လို့   ပြောလိုက်တယ်..။ကားက အသံချဲ့စက်  တပ်ထားတဲ့ မော်တော်ကားပါ..။ဦးခင်မောင်ရင်ကပဲ “ ကဲ..ဆရာကြီး.ရေ။ပါတီ ဥက္ကဌကိုခင်ဗျား  နဲနဲ  ပြောကြည့်ပါလား..။လာဗျာ..။ခင်ဗျားပါ လိုက်ခဲ့  ပါ ” လို့  ခေါ်လို့   ကားပေါ်ကိုဦးခင်မောင်ရင် နဲ့  အတူ  တက်လိုက် သွားပါတယ်ပါတီ ရုံး ရှေ့ မှာ  ကားရပ်လိုက်ပြီးဆင်းကြပါတယ်..။ပါတီဥက္ကဌက  အပြင်မှာ အတွင်းရေးမှူး နဲ့မတ်တပ်ရပ် ပြီး  စကားပြောနေပါတယ်..။ကျနော်က  “ ဥက္ကဌ..(၁၄၄)ထုတ်ရင်အဲဒါကို  တည်အောင် လုပ်ဖို့ အင်အား လိုတယ်..။လူအုပ်ကို  လူစုကွဲ အောင်   ဘယ်လိုလုပ်မလဲ ”  လို့ ပြောတော့   သူက  မျက်နှာတင်းတင်း  နဲ့   “ ဒီမှာ ဆရာကြီး..။ခင်ဗျား သံဗုဒ္ဒေ လာရွတ်မနေနဲ့ တော့ ”လို့   ပြောပါတယ်..။ ကျနော်လည်း သံဗုဒ္ဒေရွတ်ရအောင်  ခင်ဗျားက  သရဲလားလို့   ပြောတော့မဲ့ ဆဲ ဆဲပါ..။ဒါပေမယ့်  ဒီအချိန်မှာ  ကိုယ်က  စိတ်တိုရမဲ့  သူမဟုတ်ဘူး..လို့ ဆုံးဖြတ်လိုက် ပါတယ်..။
ကောင်စီ ရုံးကို  ရောက်တော့    တခါ  အစည်းအဝေး  ထိုင်ဖို့ ဥက္ကဌ  အခန်းကို  ၀င်ကြရပြန်ပါတယ်..။ကောင်စီ ဥက္ကဌက  ခုလေးတင်  အ စည်းအဝေးထိုင်ပြီး  စောင့်ကြည့်ကြဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်..။ပါတီဥက္ကဌ ကတော့  “မဟုတ်ဘူး..။ပြန်ပြင်  ဆုံးဖြတ်ရ မယ်..။ဒါတွေကို ဒီအတိုင်း  ထိုင်ကြည့်နေရင်  ခေါင်းပေါ်တက်  ချီးပါဖို့  ပဲ  ကျန်တော့တယ်..”လို့ ပြောပါတယ်.။ကျန်တဲ့ သူတွေထဲ ကလည်း တချို့ ကဒီတနေ့   စောင့်ကြည့်ပြီးမှ   ပုဒ်မ(၁၄၄) ထုတ်ဖို့လိုရင်  လည်း  ညကျမှလိုက်ကြေညာဖို့ အထိ  ပြောတဲ့သူကပြောပါသေးတယ်..။ပါတီဥက္ကဌကတော့  ဘယ်လိုမှ  ပြောမရပါ..။ဗိုလ်မှူးစိုးမြင့်က “ ကိုအုန်းနိုင်..ဘယ်လိုလုပ်မလဲ”  လို့  မေးပါ တယ်..။ပါတီဥက္ကဌက “ သူ့ မေးမနေနဲ့ တော့” လို့ ပြောပါတယ်..။လမ်းကတော့  ဆုံးသလောက်  ရှိသွားပါပြီ..။ကျနော်  နောက်ဆုံးကြိုးစားချက် အနေနဲ့   “ ဒီလို  ဆိုရင် ..ကျောင်းသားတွေကိုသူတို့ဟာ သူတို့ လူစု ကွဲချင်လဲ  ကွဲ သွားအောင် ကျနော်   ကြိုပြီးသွားပြောချင်တယ် ။ဒါတော့ ကျနော့်ကို  ခွင့်ပြု ပါ”  ဆိုတော့  “သွား..သွား..။ကားယူ သွား” လို့   ခွင့်ပြုချက်  ရပါတယ်..။
ကျနော်  ကားပေါ်တက်ပြီး  အရှေ့ လမ်း  အတိုင်းတောင်ဘက်ကို  မောင်းခိုင်း လိုက်ပါတယ်..။ကားမောင်းသူက  အခြေအနေကို  မေးလို့   ပြောပြတော့  သူကလည်း  ကျနော့် ရှေ့မို့လားတော့ မသိပါ..။ကျနော့် သဘောကို  ထောက်ခံ ပြောပါတယ်..။ဟုတ်သားပဲ..။သူတို့  အော်ရုံပဲ
အော်ပြီး ဆန္ဒပြကြတာ..လို့ ပြောပါတယ်..။(၁၅)လမ်း  ရောက်တော့ ကွေ့ ခိုင်းပြီး  (၁၆)လမ်းထဲကိုဝင်..။(၁၆)လမ်းနဲ့  (၁၇)လမ်းထောင့်မှာ
ကားကို ရပ်ခိုင်းပြီး   ဒီနေရာက စောင့်နေ..။ငါ လူချည်းဆင်းသွားမယ်..။မင့်ကားက  လော်စပီကာကြီးနဲ့ မို့လူအုပ်ကို ရင်ဆိုင်လို့   မဖြစ် ဘူး..။မင်းလဲ  ကားကို  ဈေးဘက်  ပြန်ပြီးဦးလှည့်ထားပါ” လို့ ပြောပြီး  (၁၇)လမ်းကနေ  အရှေ့ လမ်းကို  ထွက်ပါတယ်..။အရှေ့ လမ်းကနေ   တောင်ဘက်ကိုကြည့်လိုက်ရင်ပဲ  (၁၉)လမ်းထိပ်လောက်က  ထွက်လာတဲ့   လူအုပ်ကြီးရဲ့  ဦးပိုင်းကို  မြင်လိုက်ရပါပြီ..။ခပ်မြန်မြန်လေး  သွားတော့ (၁၈)လမ်းနဲ့  (၁၉)လမ်း ကြားလောက်မှာပဲ  ကျနော့်ကို  မြင်လို့  လူအုပ်ထဲကထွက်လာတဲ့   မောင်တင်ဦးကို  တွေ့ ပါတယ်..။
“ ဆရာကြီး..ဘာလဲ..ဘာလဲ ”  လို့   သူကလည်း အလောတကြီး  မေးပါတယ်..။    “ အေး..သူတို့  ပုဒ်မ (၁၄၄)ထုတ်တော့မလို  ဖြစ်နေ တယ်..။ငါ ခဏ  ထားခဲ့ပြီး  လာခဲ့ တာ..။မင်းတို့ဘယ်လို  လုပ်မှာလဲ ”  လို့  မေးတော့   သူက  ပြန်ပြောပါတယ်..။  “ ကျနော်တို့  ခေါင်း ဆောင်တွေ   အကုန်တိုင်ပင် ပြီးပြီ..။မြို့ တပါတ်ပတ်မယ်..။မြောက်ပိုင်း  ကုန်းမြင့်ကြီးအထိ  စွယ်တော်ပတ်လှည့်တဲ့   လမ်းအတိုင်း  သွား မယ်.” လို့   ပြောပါတယ်..။“  သတိတော့  ထား..။သူတို့ ဖမ်းတာတွေ ဘာတွေ  လုပ်ရင်   အရမ်း  ရုတ်ရုတ်..ရုတ်ရုတ်  မဖြစ်စေနဲ့..။ တဗိုလ် ကျ   တဗိုလ်တက်  ဖြစ်အောင်လည်း    စီစဉ်ထား  ”  လို့ ပြောပြီး ပြန်ခဲ့ ပါတယ်..။
ဒီ အချိန်မှာ  မိုးကလည်း  ချက်ချင်း  သဲသဲမဲမဲရွာချလိုက် ပါတယ်..။ကျနော် ဒီလို လုပ်နေတဲ့ အချိန် ကတော့  တဖြည်းဖြည်း  ကုန်လာပြီ..။တကယ် အမိန့်ထုတ်တဲ့  အချိန်နဲ့ သူတို့  လူစုကွဲချိန်  အချိန်ကိုက်  ဖြစ်ရင်တော့   ဒီနေ့  ပြသနာ တော့   တထစ် ရွှေ့ လိုက်   နိုင်မှာပဲလို့  …စိတ်ထဲမှာ တွေးပြီး..။မိုးရေထဲမှာပဲ  အစိုရွှဲ ခံပြီး    လမ်းလျှောက်  လာပါတယ်..။ဒီ အချိန်မှာပဲ  အရှေ့လမ်း   အရှေ့ ဘက်  တန်းက  အမျိုးသမီး  အသက်ကြီးကြီး  တယောက်က  ခမောက်ပြန့်ကြီး  တလုံးကို  ကိုင်ပြီးထွက်လာပါတယ်..။ပြီးတော့“ ဆရာကြီး  ဆောင်းသွားပါ ”  လို့  ပေးပါတယ်..။ကျနော့်ကို  သူတို့သားသမီးတွေ ရဲ့   ဆရာကြီးအနေနဲ့ ပေးတာလား..။ဒီနေ့   နာရီပိုင်း အတွင်းက  အဖြစ်အပျက်တွေ အရ   ကျနော့်လုပ်ရပ်တွေကို  ထောက်ခံလို့ပေးတာလား..။နှစ်ခုစလုံး ဖြစ်နိုင် ပါတယ်..။ကျနော်လည်း  ကျောင်းသား ကတည်းကလူထု လှုပ်ရှားမှု တွေ နဲ့ ရင်းနှီး လာခဲ့ သူ  ပဲ..။ဒီလောက်တော့  အကဲခတ်မိပါတယ်..။ကျေနပ် နှစ်သိမ့်စွာနဲ့ ပဲ   ရေနံချေး သုတ်ထားတဲ့ခမောက်မဲမဲ ကြီးကို  ဆောင်းပြီး  ကားရှိရာကို  ပြန်ပါတယ်..။
ကောင်စီရုံး ရှေ့   ကားရပ်တော့အားလုံးက..ဘယ်လိုလဲ..ဆိုတဲ့    အကြည့်နဲ့   ၀ိုင်းကြည့်တယ်“ သူတို့  အစီအစဉ် အတိုင်း       အေးအေးဆေးဆေး  ဖြစ်စေရမယ်    ဆိုတာကျနော့်ကို  ကတိပေးပါတယ်..။နောက် တနာရီ လောက်  အတွင်း  သူတို့  အစီအစဉ်လည်း  ပြီးတော့မှာပါ..။သူတို့အစီအစဉ် မပြီးပဲတော့  သူတို့  ရပ်မှာ  မဟုတ်ဘူး..” လို့   ကျနော်က  ပြောလိုက်ပါတယ်..။
“ ကဲ..ရေး.။ရေး..။ဖတ်ရမဲ့   စာရွက် ကို  အချောရေး..” လို့ ပြောသံကြားရပါတယ်..။ကျနော် သွားနေတုံးသူတို့  ပုဒ်မ (၁၄၄) ထုတ်ဖို့  ဆုံးဖြတ်ပြီး ကြပြီပေါ့..။ဘယ် အချိန်ကြေညာ မလဲ တော့  ကျနော်မသိပါ..။အဲဒီအချိန်မှာပဲ   ဆန္ဒပြ လူတန်းကြီးက    မြို့ တောင်ပိုင်းကိုတပတ်ပတ်ပြီးလို့   ပိုပြီးများလာတဲ့   လူအုပ်နဲ့အတူပိုပြီး  ညီညီညာညာ နဲ့   ကောင်စီရုံးရှေ့ ကို   ရောက်လာပါတယ်..။မိုးကလည်း တအားရွာနေတာမို့  လူတွေဟာ  မိုးရေနဲ့   တုတ် တုတ် ရွှဲ နေကြပြီးး…။ခြေလှမ်းတွေလဲပိုသွက်နေကြတယ်..။ကောင်စီရုံးဘေးက  ပတ်ပြီး  (၁)လမ်း  ကိုဝင်ပါတယ်..။ကောင်စီ ဥက္ကဌ ဗိုလ်မှူးက  “ ခုချိန် သေနတ်  တချက်လောက်ပစ်လိုက်ရင်  ပြေးလိုက်မဲ့   ဖြစ်ခြင်း ”  လို့   မှတ်ချက် ပြုပါတယ်..။
ကျနော်က  ပြောရတယ်..။” ပုဒ်မ  (၁၄၄) ထုတ်ပြီးရင်တောင် မှခင်ဗျား  ပစ်မိန့်ပေးလို့  မရသေးဘူးလေ..။ဥပဒေ  အတိုင်းပေါ့..။တိုင်း ကောင်စီ ဥက္ကဌ ဆီကိုလည်း  ခင်ဗျားအကြောင်းကြားရဦး မှာ ”   လို့ ပြောပြီး   ကျနော်လည်း  မိုးစိုလာတာမို့    ကိုယ့်ဖာသာကိုယ်ပြန်ကြည့်လိုက်တော့  ခမောက်ပေါ်က  ရေမဲမဲတွေက  အင်္ကျီပေါ်ကို  အစွန်းအကွက်  တွေ ကျနေတာ    တွေ့ ရပါတယ်..။            “ ကဲ..ကနော်လည်း    အင်္ကျီ  ပြန်လဲ  ဦးမယ်..လို့   ပြောပြီး တရားရုံးဘက်ကို  ဘိုင်စကယ်ယူရအောင်   ထွက်ခဲ့ ပါတယ်..။အသံချဲ့ စက်ကို  တော့  စမ်းနေပါပြီ..။
“ ဟလို..တက်စတင် …၀ူး..၀ူး..ဂွီ ..ဂွီ..။ကျနော်တို့  ရပ်ရွာအေးချမ်းသာယာရေး  …ဂွီ..ဂွီ..”
ကျနော်လည်း    မိုးရေထဲမှာပဲ  တရားရုံးဘက်ကို အပြေးလာခဲ့တာမို့  ဘာတွေ ဆက်ပြောနေတာလဲဆိုတာ  မသိတော့ပါ..။တရားရုံးရောက်တော့  တရားရေး ဥက္ကဌက ဆီးမေးလို့အခြေအနေ ပြောပြရတယ်..။သူကတောင်   မျတ်ချက်ချလိုက် ပါသေးတယ်..။” ထိန်းတဲ့ သူကထိန်း ပေးနေ တာတောင်  ..သူတို့က  ဇွတ်လုပ်ချင်  နေတာပဲ ”  တဲ့ ..။
ကျနော်   ခမောက်ကို  ရုံးက  ဘီရိုတလုံးပေါ်ကို  တင်ခဲ့ပြီး    အိမ်ကို  အင်္ကျီ နဲ့  ပုဆိုးလဲရအောင်ပြန်ခဲ့ ပါတယ်..။ကောင်စီရုံး ရှေ့ က  ဖြတ်တော့     အသံချဲ့ စက်ကားဆီက အသံတိုးတိုးနဲ့   ပုဒ်မ (၁၄၄)ကို   အစမ်းကြေညာ  တာကို  ကြားခဲ့ရပါတယ်..။
“ ပေါင်းတည်မြို့   ပေါ်  (၁၂)ရပ်ကွက်   အတွင်းရပ်ရွာအေးချမ်းရေးနဲ့    လုံခြုံ မှု  မပျက်ပြားစေရန်အလို့ငှာ   ပုဒ်မ (၁၄၄) အရ   လူ(၅)ဦး နှင့်  (၅) ဦး အထက်ပိုမိုစုဝေးခြင်း..။စီတန်း လှည့်လည်ခြင်း  မပြုလုပ်ရန်  အမိန့်ထုတ်လိုက်သည်..တဲ့။

(အပိုင်း (၁၂) တွင်…တမျိုး ပြောင်းပြန်ပြီ..)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts