မင်းညွှန့်လှိုင်

Min Nyunt Hlaing – Poem

ချစ်တယ် ချစ်တယ် ပြောပြောပြီးတော့
မင်းညွှန့်လှိုင်
သြဂုတ် ၁၀၊ ၂၀၁၃


အဝေးကြည့်
ရသဗေဒဝါဒီများ
ရင်သပ်ရှုမောရအောင်
သင့်ရင်ဘတ်မှာ
တောမီးဘယ်နှစ်မီးကျွမ်းလောင်ခဲ့ပြီလဲ ။
သင့်ယာတဲမှာ
မီးပုံပွဲနဲ့
ရိုးရာတေးနဲ့
တိုင်းရင်းသူနဲ့
ဧည့်သည်ဘယ်နှစ်ယောက်
ခေါင်ရည်ချိုမြ
ခွက်လှည့်သောက်ခဲ့ကြလဲ ။
သင့်လက်နဲ့ရက်လုပ်ထားတဲ့
ချည်သားဝတ်စုံခေတ္တဝတ်ဆင်
အတူယှဉ်တွဲဓာတ်ပုံရိုက်
ပြီးမေ့ပစ်လိုက်သူ
ဘယ်နှစ်ယောက်တောင်မြောက်ခဲ့ပြီလဲ ။
သင့်မြေသင့်ရေ
သင့်တောသင့်တောင်
မှန်ဘောင်ပိတ်လှောင်
ဧည့်ခန်းဆောင်မှာ
အလှချိတ်ရုံနဲ့လုံလောက်ပါပြီလား ။
သင့်ကောက်ပင်ကို
ဘယ်သူရိတ်လှီးခဲ့ ပြီလဲ။
သင့်ပန်းပွင့်ကို
ဘယ်သူနင်းချေခဲ့ပြီလဲ ။
သင့်အလံကို
ဘယ်သူရိုက်ချိုးခဲ့ပြီလဲ ။
သင့်ဦးခေါင်းပေါ်ဝဲနေတာ
လိပ်ပြာလှလှလေးတွေမဟုတ်ဘူးလေ ။
ဒါတောင်မှ
သင့်အချစ်ကို မရပ်စဲခဲ့ 
သင့်ဖော်ရွေမှုကို မရုပ်သိမ်းခဲ့
ဟင်းလင်းဖွင့်အပြုံးနဲ့
ပင်ကိုယ်စစ်စစ်အလှနဲ့
ဒေသန္တရစကားသံဝဲဝဲနဲ့
အရိုင်းဂီတ စုပေါင်းအကနဲ့
မွေးရာပါဧည့်ဝတ်ကျေမှုနဲ့
ငှက်ကြည့်ရုံပဲဖြစ်ဖြစ်
ရှုခင်းဓာတ်ပုံရိုက်ရုံဖြစ်ဖြစ်
ဧည့်ကောင်းစောင်ကောင်းလိုလာလှည့်ကြပါ
သစ်ပင်မြင့်မြင့်ကြီးများနဲ့လက်ယပ်ခေါ်နေတာ
ချစ်လှစွာသောတောင်ကုန်းတောင်တန်းများ ။        ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts