ညကြီးမင်းကြီး
ကိုညကြီးကို အိပ်မက်ကာ
နိုးထလာခိုက်
သစ်ကောင်းအိမ်၊ သြဂုတ် ၁၁၊ ၂၀၁၃
ချစ်သူလက်ကိုဆွဲကာ
မြေသားတခုပေါ်ကို
ငှက်မွှေးငှက်တောင်များပမာ
ကျနော်တို့လွင့်ပါး
ဆင်းသက်လာ
ထိုနောက်
ကျနော်တို့နှစ်ယောက်
သီချင်းတအေးအေး။လေတချွန်ချွန်
စိမ်းညိုရောင် ကျောက်တုံကျောက်ခဲများပေါ် နင်းဖြတ်ရင်း
နက်ရှိုင်းမတ်စောက်ရာတောင်ဆင်းလမ်းတလျှောက်
အဲဒီနောက်
ညှို့ဆိုင်းအုံ့မှိုင်းတောအုပ်ထဲ
အဲဒီလမ်းခုလတ်မှာပဲ
မထင်မှတ်ဘဲ ကိုညကြီးကိုတွေ့ဆုံရ
လမ်းမှာဘယ်သူတွေ့ခဲ့သေးလဲ…..တဲ့
သူမေးတော့
တောင်ပေါ်မှာ ကိုဝေတို့နဲ့တွေ့ခဲ့ကြောင်းနဲ့
တမလွန်မှာလည်း ခင်ဗျားပန်းချီဆရာပဲမှလား…ဟု
ကျနော်ကောက်ကာငင်ကာ သူ့ကိုမေးတော့
အေးကွ ပန်းချီဆရာပဲဆိုပြီး ပြုံးရွှင်ရယ်မောကာ
ကိုညကြီး
ထို့နောက်အိပ်မက်ဟာ
တချက်ညို့ကျအသွား
ရုတ်တရက်…..
ခင်ဗျားကောင်းရာမွန်ရာရောက်ဖို့ဆုတောင်းခဲ့တယ်ဗျာလို့
သူ့ကိုပြောဆိုနုတ်ဆက်
ချစ်သူ့လက်ကိုဆွဲကာ
အေးစက်မဲမှောင်တဲ့ တွင်းဝတခုကနေ
အခိုးအငွေ့ဆန်ဆန်လူးလွန့်ပြန်လည်ထိုးထွက်လာခဲ့
စကြာဝဠာလို့ ထင်လိုက်ရတဲ့တနေရာဆီ…
၁၀ရက်။ သြဂတ်စ်။ ၂၀၁၃
(စာကြွင်း။ ။ ကွယ်လွန်သူ ပန်းချီဆရာညမင်းကျော်သည် ဘူတာကြီးမှ ကိုပါကြီးဆိုင်တွင် ကျနော်တို့အုပ်စု စတည်းချဖြစ်သော ၁၉၉၈ ကာလတဝိုက်က ကိုလှသန်းနှင့်ကိုအောင်ဘညိုတို့ကို အကြောင်းပြုပြီး ကာလအတန်ကြာ ညနေတိုင်း တဝိုင်းတည်းထိုင်ရင်း သိကျွမ်းခင်မင်ဖြစ်ခဲ့ကြသော်လည်း ဖက်လှဲတကင်း ရင်းနှီးမှုမျိုး ကျနော်နဲ့သူကြားတွင်မရှိခဲ့ကြပါ။ သိုသော်လည်း သူကွယ်လွန်ပြီး နှစ်ပေါင်းများစွာအကြာမှာ မရည်ရွယ်ဘဲ သူ့ကို အိပ်မက်ရာမှ ထ၍ သူနဲ့တွေ့ဆုံခဲ့ရာ အိပ်မက်ကိုမှတ်မိသလောက် ပြန်လည်ရေးမှတ် ကြည့်ရင်း ကိုညကြီးတယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုမွန်တောင်းရင်းနဲ့…. )