SaLai Shwe Lin

Salai Shwe Linn – Come and Go

စည်းစိမ်ဥစ္စာ၏ လာရာနှင့်လားရာ 

ဆလိုင်းရွှေလင်း၊ သြဂုတ် ၁၃၊ ၂၀၁၃

            လ္ဘက်ရည်ဆိုင်မှာ စကားပြောဖော် ကျူရှင်ဆရာလူငယ်က လူထွေးကို ရင်ဖွင့်သည်။ အဖြစ်က ဒီလို………။ သူတို့ ဇာတိမြို့လေးက နွမ်းပါးသည်။ မြို့လေးကို အမှီပြု၍ လူတန်းစေ့ နေနိုင်ဖို့ခက်သည်။ ထို့ကြောင့် ထိုမြို့မှလူငယ်များ မြို့ကိုစွန့်ခွာ၍ ရေကြည်ရာ မြက်နုရာသို့ သွားရောက်လုပ်ကိုက်ကြသည်။ စကားပြောဖော်လူငယ်က ရန်ကုန်ကိုရောက်လာပြီး၊ ကျူရှင်ဖွင့်၍ ရုန်းကန်နေသည်။ သူ့ကျူရှင်မှနေ၍ ၁၀­-တန်းတွင် ၄ဘာသာ၊ ၅ဘာသာ ဂုဏ်ထူးရှင်တွေပင် မွေးထုတ်ပေးသည်။ မိဘများကလည်း ယုံကြည်စွာ လာရောက် အပ်နှံကြသဖြင့် လူလည်း ရပါသည်။ သို့သော် စာသင်ခန်းမအတွက် တိုက်ခန်းငှားခတွေက ဈေးကြီးသည့်အပြင်၊ အထွေထွေကုန်ကျစရိတ်တွေကများနေသဖြင့် ကြိုးစားရုန်းကန်နေဆဲ အဆင့်သာရှိဧ။်။

            သူ့အမျိုးတွေက သူ့ထံ မကြာခဏ သတင်းပို့သည်။ မလေးရှားမှာ သွားရောက်လုပ်ကိုင်တဲ့ ဟိန်းသူကတော့၊ ပြန်လာပြီး ရဟန်းခံရှင်ပြုအလှူလုပ်တာ တစ်မြို့လုံး မီးခိုးတိတ်ကျွေးသတဲ့။ ဖားကန့်မှာကျောက်သွားတူးပြီး၊ ကျောက်အောင်လာတဲ့ အေးမင်းက မြို့ဦးကျောင်းမှာ မုခ်ဝကြီးဆောက်လှူတာ ဟီးနေတာပဲ။ ထက်ထက်ကတော့ လူကိုယ်တိုင်ပြန်မလာဘဲ၊ စင်္ကာပူမှငွေလှမ်းပို့ပြီး စေတီအတွက် စိန်ဖူးလှူသတဲ့။ ကထိန်ခင်းသူ၊ စတုဒီသာကျွေးသူ၊ ဘုရားဖူးခေါ်သူ စသည်ဖြင့်လဲ ပြောကြတာစုံနေဧ။်။ သူ့အမျိုးတွေက မင်းကော ဘာပြန်လုပ်ဖို့ အစီအစဉ် ရှိလဲဟုနောက်ဆက်တွဲမေးတတ်ကြသည်။ ထိုမေးခွန်းက သူ.ကိုကသိကအောက် ဖြစ်စေသော မေးခွန်းဖြစ်သည်။ ဗဟုသုတနှင့် ဆင်ခြင်တုံတရားက သိပ်အရေးကြီးကြောင်း ကျူရှင်ဆရာက သိသည်။ ရွာဦးကျောင်းဧ။် အုတ်နံရံကြီး၌  ဆရာတော်ဧ။် ခွင့်ပြုချက်အရ အဖီချမိုးထားသော အုပ်တိုက်ခန်းလေးဆောက်လှူ၍ စာကြည့်တိုက်လေးဖွင့်ပေးထားသည်။

            သို့သော် သူ့အမျိုးတွေက ဒါကို အလှူဟု မြင်ပုံမရ၊ သူ့ကျောင်းနေဖက်သငယ်ချင်းတွေနဲ့ ယှဉ်ယှဉ်ပြီး ပြောနေကြသည်။ အခြားသော လူငယ်တွေကို ဆွေမျိုးတွေ၊ မြို့ခံတွေက မသိမသာရော၊ သိသိသာသာပါ ဝိုင်းမြှောက်ပေးနေကြသဖြင့်  ဆွမ်းခံဘုန်းကြီးနှစ်ပါး သုတ်ခြေတင် အပြေးပြိုင်ကြရသော ဇာတ်လမ်းမျိုး ဖြစ်ကုန်သည်။ လိုအပ်ချက်အရ စေတနာအရ လှူခြင်းထက် ပြိုင်ဆိုင်လိုခြင်းက အလေးကဲနေတော့သည်။

            “ဘုန်းကြီးနှစ်ပါး ဘယ်လို အပြေးပြိုင်ကြသလဲ” ဟု ကျူရှင်ဆရာကမေး၍ လူထွေးက ဇာတ်စုံခင်းပြရသေး၏။ ဆွမ်းခံဘုန်းကြီးနှစ်ပါးက ဆွမ်းခံရင်း လမ်းမှာဆုံကြတော့ ခင်မင်ကျွမ်းဝင်ကြပြီးသားမို့ ရင်းရင်းနှီးနှီး ယှဉ်တွဲပြီး ကြွကြသည်။ သူတို့နှစ်ဦးတွင် နောက်ပါဟင်းချိုင့်ထမ်း ကျောင်းသားတစ်ဦးစီပါသည်။ ကျောင်းသားတစ်ယောက်က နောက်တစ်ယောက်ကို တိုးတိုးပြောသည်။ “ဟဲ့ကောင် ငါ့ဘုန်းကြီးက မင်းဘုန်းကြီးထက်ခြေလှမ်းသာတယ်ကွ။”

            ကျန်ကျောင်းသားကလဲ အားကျမခံပြန်ပြောသည်။ “ငါဘုန်းကြီးက လျှော့ပေးထားလို့ပါကွ။ ပိုမြန်အောင်လျှောက်နိုင်တယ်။”

            ထိုအခါ ထိုဘုန်းကြီးက မိမိကျောင်းသား မျက်နှာမငယ်ရစေရေးအတွက် ခပ်သွက်သွက် လျှောက်သည်။ ကျောင်းသား နှစ်ဦးက ဟိုပြောဒီပြောဖြင့် မြှောက်ပင့်ပေးလိုက်ရာ မသိမသာ အပြေးပြိုင်ကြရာမှ၊ နောင်ဆုံးတွင် ဘုန်းကြီးနှစ်ပါး သုတ်ခြေတင်အပြေးပြိုင်ကြရသော အဆင့်သို့ တဆင့်ပြီးတဆင့် ရောက်သွားကြသည်။

            ကျူရှင်ဆရာက ထိုဇာတ်လမ်းကိုသဘောကျ၍ ဟက်ဟက်ပက်ပက် ရယ်တော့သည်။

            “ဘုရားအစရှိသော သူတော်ကောင်းတို့ကတော့ စည်းစိမ်ဥစ္စာထက် စည်းစိမ်ဥစ္စာ၏ လာရာနှင်.လားရားကိုပဲ ကောင်းအောင်ဆုံးမတော်မူကြတယ်ဗျ” ဟု စကားစလိုက်သည်။ ကျူရှင်ဆရာ စိတ်ဝင်စားလာသည်။ သူ့ကို မျှဝေဖြစ်ခဲ့သော အကြောင်းအရာများကို ရေးသားလိုက်ရခြင်းပင် ဖြစ်ပါသည်။

            လောကလူသားတို့၏ သဘောမှာ စည်းစိမ်ဥစ္စာကို အထင်ကြီးကြကုန်၏။ ချမ်းသာသူကို အခြောက်တိုက် အလကား အထင်ကြီးနေတတ်သကဲ့သို့၊ ဆင်းရဲသူကိုမူ အခြောက်တိုက် အလကား အထင်သေး နေတတ်ကြသည်။

            စည်းစိမ်ဥစ္စာ ၏ ဖြစ်ပေါ်တည်ရှိမှုအပေါ်တွင်သာ အဓိကထား၍ စဉ်စားကြခြင်းကြောင့်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားတော်အရမူ စည်းစိမ်ဥစ္စာ၏ လာရာနှင့် လားရာကိုသာ အဓိက စဉ်းစားရမည် ဖြစ်သည်။ ကောင်းသောလာခြင်း၊ ကောင်းသောလားခြင်းကိုသာဓုခေါ်၏။

            စည်းစိမ်ဥစ္စာ၏လာရာ

            စည်းစိမ်ဥစ္စာကို မည်သို့မည်ပုံ ရရှိခဲ့သနည်း။ မည်သည့်လမ်းကြောင်းမှ စည်းစိမ်ဥစ္စာလာသနည်း။ စသဖြင့် ဆန်းစစ်ခြင်း ဖြစ်၏။ အနှစ်ချုပ်အားဖြင့် အကုသိုလ်(မကောင်းမှု) ကို အရင်းခံ၍ ရရှိလာသော စည်းစိမ်ဥစ္စာသည် လာရာမကောင်းသော (သို့မဟုတ်) လာခြင်းမကောင်းသော စည်းစိမ်ဥစ္စာပင် ဖြစ်သည်။

            အကုသိုလ် မကောင်းမှုကို အရင်းမခံပဲ ဓမ္မိယလဒ္ဓ စင်ကြယ်သောနည်းဖြင့် ရရှိလာသော စည်းစိမ်ဥစ္စာသည်သာ လာရာကောင်းသော (သို့မဟုတ်) လာခြင်းကောင်းသော စည်းစိမ်ဥစ္စာဖြစ်သည်။

            ဗုဒ္ဓ၏သားတော် ရဟန်းများသည် မဂ္ဂင်ရှစ်ပါးအတိုင်း ကျင့်ကြံအားထုတ်ကြရသည်။ သီလမဂ္ဂင်၃-ပါးမှာ သမ္မာဝါစာ(မှန်စွာပြောခြင်း)၊ သမ္မာကမ္မန္တော(မှန်စွာပြုလုပ်ခြင်း)၊ သမ္မာအာဇီဝေါ(မှန်စွာအသက်မွှေးခြင်း)၊ တို့ဖြစ်သည်။ ဝိနည်းတော်နှင့် မအပ်စပ်သော ပစ္စည်းလေးပါးကို သုံးဆောင်ခံစားစေခြင်းမရှိ၊ စွန့်ပယ်စေတော်မှုသည်။ လာခြင်းမကောင်းသော ဥစ္စာကို၊ လားခြင်းမကောင်းသော အဖြစ်သို့ ရောက်စေတော်မမှုပေ။

            စည်းစိမ်ဥစ္စာကို လူသားတို့ ရှာဖွေကြရာတွင် ရဖို့အဓိကဟု တွေးတတ်ကြ၏။ ငါးပါးသီလကို ကျိုးပေါက်စေသော သူတပါး၏အသက်ကို သတ်ခြင်း၊ သူတပါး၏ ဥစ္စာကို ခိုးယူလုယက်ခြင်း၊ သူတပါး၏သားမယားကို ပြစ်မှားခြင်း၊ လိမ်ညာပြောဆိုခြင်း၊ သေရည်သေရက်သောက်စားခြင်း – ထိုနည်းလမ်းများဖြင့် စည်းစိမ်ဥစ္စာကို ရှာဖွေစုဆောင်ကြသည်။ ငွေကြေးချမ်းသာသော သူဌေးကတော်နှင့် ဖောက်ပြန်၍ ငွေချူစားနေခြင်းမျိုးသည် သူတပါး၏သားမယားကို ပြစ်မှား၍ စည်းစိမ်ဥစ္စာရှာဖွေခြင်းဖြစ်သည်။ သေရည်တပ်မက်သူတစ်ဦးနှင့်အတူ သောက်စားမူယစ်ပေါင်းဖေါ်၍ အခွင့်မရေးရကာ စည်းစိမ်ရှာဖွေခြင်းမျိုးသည် သေရည်သေရက်သောက်စား၍ စည်းစိမ်ဥစ္စာရှာဖွေခြင်းဖြစ်သည်။(ခိုးခြင်းကား ၂၅-မျိုး ပင်ရှိ၏။)

            ဥပါသကာဂုဏ်ရည်ကို ညှိုးနွှမ်းစေသော ဥစ္စာရှာဖွေခြင်းမျိုးသည်လည်း လာခြင်းမကောင်းသော ဥစ္စာတည်း။ သေရည်သေရက်ရောင်းဝယ်ခြင်း၊ လက်နက်ရောင်းဝယ်ခြင်း၊ အဆိပ်ရောင်းဝယ်ခြင်း၊ မေထုန်ရောင်းဝယ်ခြင်း(ပြည့်တန်ဆာလုပ်ငန်ဖြင့်စီးပွါးရှာခြင်း) စသည်တို့ကို ဆိုလို၏။

            ဝစီဒုစရိုက် ၄-ပါးရှိ၏။ လိမ်ညာပြောဆိုခြင်း၊ ဂုံးတိုက်ပြောဆိုခြင်း၊ အကျိုးမဲ့စကားပြောဆိုခြင်း၊ ရုန်းရင်းကြမ်းတမ်းစွာ ပြောဆိုခြင်းတို့ဖြစ်သည်။ ထို ၄-မျိုးကို အရင်းပြု၍ ဥစ္စာရရှိခြင်းမျိုးသည်လည်း လာခြင်းမကောင်းသော ဥစ္စာစည်းစိမ်များပင်တည်း။

            အကုသိုလ် ဒုစရိုက်အမှုမျိုးဖြင့် ဥစ္စာမရှာဖွေပဲ၊ ဓမ္မိယလဒ္ဓ စင်ကြယ်သောအသက်မွေးမှုဖြင့် ရသောစည်းစိမ်ဥစ္စာမှန်သမျှသည် လာခြင်းကောင်းသော စည်းစိမ်ဥစ္စာများပင်တည်း။ ရှေးဘဝက ဒါနကုသိုလ်အားကောင်းခဲ့သူများသည် ယခုဘဝ၌ ဥစ္စာကြွယ်ဝသော မျိုးရိုးတွင် လူဖြစ်ရတတ်၏။ အကြံကောင်းတစ်ချက်ဖြင့် သူဌေးဖြစ်တတ်၏။ ထိုသို့ စည်းစိမ်ရခြင်းမျိုးသည်လည်း လာခြင်းကောင်းသော စည်းစိမ်ဥစ္စာများပင် ဖြစ်၏။

            ဒုစရိုက်အမှုများဖြင့် ဥစ္စာရှာဖွေမှုသည် အပါယ်ဒုဂ္ဂတိ ဆင်းရဲကို ရစေတတ်၏။ ရေ၊မီး၊မင်း၊ခိုးသူ၊အမွေခံသားဆိုးသမီးဆိုး – ထို ရန်သူမျိုး ၅-ပါး ၏ ဘေးရန်တို့ကို ကြုံရနိုင်၏။ ရသော ချမ်းသာနှင့်မကာမိအောင် ပြန်လည်ဆင်းရဲရ၏။ မိမိက မတရားသဖြင့် ရှာဖွေ၍ရလျှင် မိမိနှင့်ပတ်သက်သူ လူအများ လိုက်ပါခံစား၏။ အကုသိုလ်အကျိုးပေးကို ခံရလျှင်ကား မိမိတစ်ဦးတည်းသာတည်း။ ထို့ကြောင့်လာခြင်းမကောင်းသော စည်းစိမ်းဥစ္စာဟု ဆိုရပေတည်း။

            မိမိ၏ကျန်းမာရေးကို အထိခိုက်ခံ၍ စည်းစိမ်ရှာဖွေခြင်းသည်လည်း အကုသိုလ်ဒုစရိုက်မှု မဟုတ်သော်လည်း လာခြင်းကောင်းသော စည်းစိမ်ဥစ္စာဖြစ်ရန် ခဲယဉ်းလှ၏။

            လူထွေး၏ အသိတစ်ဦးသည် သူဌေးကြီးဦးကပ်စီးက ဆရာခေါ်ရလောက်အောင် မသုံးရက်မစွဲရက် စုဆောင်း၏။ သူများဆီကသာ ရသမျှကပ်စား၏။ လှိုင်သာယာမှာ မြေကွက်တွေ အရောင်းအဝယ်ထိုင်းမှိုင်းစဉ်က ဝယ်ထားရာ၊ နောင်တွင် တော်တော်မြတ်နေ၏။ သို့သော် ထိုစည်းစိမ်ဥစ္စာများကို သူလည်းမခံစား၊ သူများကို ပေးလှူဖို့လည်းဝေးစွ။

            Living color မဂ္ဂဇင်းတွင် ပြည်ပအတွေ့အကြုံရှိသူတစ်ဦးက ဆောင်းပါးရေးဖူးသည်။ ဟောင်ကောင်တွင် အဖွားကြီးတစ်ယောက် တောင်းစားသည်။ အစိုးရထံမှလည်း အထောက်အပံ့ယူသည်။ ရသမျှတွေဖြင့် တိုက်ခန်းဝယ်ပြီး ပြန်ငှါးစားတာ တော်တော်ပင်ချမ်းသာနေပြီ။ ဒါကို သက်ဆိုင်ရာက သိသွား၍ အရေးယူသည်။ ဒါတောင် ငါက အရမ်းဆင်းရဲတာဟု ပြောသေး၏။

            အကြီးအကျယ် ကပ်စေးနဲ၍ ဥစ္စာစည်းစိမ်ရရှိခြင်းသည်လဲ လာခြင်းကောင်းသော စည်းစိမ်ဥစ္စာဟု ပြောဖို့ခက်မည်။

            ဂျပန်နိုင်ငံတွင် ၁၉၉၀-မှစ၍ သွားရောက်လုပ်ကိုင်သူ အမျိုးသမီးသည် ၁၀-နှစ်အကြာ ၂၀၀၀-လောက်တွင်ပြန်ရောက်လာသည်။အသားကင်ရောင်းသောဆိုင်တွင် တစ်နေ့လျှင် ၁၄-နာရီအထိလုပ်ခဲ့သည် ဟုဆို၏။ ၁၀-နှစ်အတွင်း ရလိုက်သောငွေကလည်း မနည်းပါ။ တိုက်ခန်းတွေ၊ ရွှေတွေ၊ မြေယာတွေ၊ ဝယ်ထားတာ သိန်းပေါင်းထောင်ဂဏန်း ရှိသည်။ သူမက ပြန်လာချင်၍ ပြန်လာတာ မဟုတ်။ ဆက်၍ ငွေရှာချင်သေးသည်။ သို့သော် ခါးနာတာ ပိုပိုဆိုးလာသဖြင့် ဆေးစစ်ကြည့်ရာ၊ အဆုတ်ကင်ဆာ ဖြစ်နေ၍ ပြန်လာရခြင်း ဖြစ်သည်။ မြန်မာပြည်မှာ ၉-လ ပဲနေပြီး ကွယ်လွန်သွားပါသည်။ တစ်နေ့လျှင် ၁၄-နာရီနှုန်းဖြင့် ၁၀-နှစ်တာရှုခဲ့ရသော မီးခိုးနံ့၊ ညော်နံ့တွေက သူမ၏အဆုတ်ကို ထိုးဖောက်ဖျက်ဆီးခဲ့လေပြီ။

            စည်းစိမ်ဥစ္စာ၏လားရာ

            စည်းစိမ်ဥစ္စာ၏လာရာက အရေးကြီးသလို လားရာကလည်း မရေးကြီးလှသည်။ မိမိ၏စည်းစိမ်ဥစ္စာက်ု မည်သို့မည်ပုံ အသုံးပြုသသလဲဆိုသော ကိစ္စ ဖြစ်၏။ သုမေဓာ သူဌေးသားသည် မိဘများကွယ်လွန်သောအခါ ကုဋေပေါင်းများစွာရှိသော စည်းစိမ်ဥစ္စာများကို ကြည့်၍ စဉ်းစားသည်။ ( ငါ၏ မိဘ ဘိုးဘွားများသည် စည်းစိမ်ဥစ္စာကို ရှာဖွေရုံသာ ရှာဖွေတတ်သည်။ မိမိနောက်ပါအောင် မလုပ်တတ်ချေတကား။ ငါသည် ထိုစည်းစိမ်ဥစ္စာများကို ငါ့နောက်ပါအောင် ယူသွားအံ့။ ) ဟုဆုံးဖြတ်သည်။ သူသည် ထိုစည်းစိမ်ဥစ္စာများကို အယုတ်အမြတ်မရွေး လှူဒါန်း၍ ရသေ့ဝတ်ပြီး တောထွက်လေသည်။ ဘုရားလောင်း၏ အကောင်းဆုံး ဆုံးဖြတ်ချက်အရ၊ သူ၏ စည်းစိမ်ဥစ္စာတို့သည် အမြတ်ဆုံးသော လားရာသို့ ရောက်သွားကြသည်။ မည်သူတစ်ဦး တစ်ယောက်ကမျှ လိုက်၍မမှီနှိုင်သော အမြတ်ဆုံးအသုံးချနည်းပင်ဖြစ်ပါသည်။

            သို့သော် ထိုနည်းလမ်းကို သာမန်လူအများစု လိုက်နာကျင့်သုံးနှိုင်မည် မဟုတ်ပေ။ လိုက်နာကျင့်သုံးနိုင်သောနည်းကို မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါသည်။ ရသောစည်းစိမ်ကို စုဆောင်းသင့်သလောက် စုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံသင့်သလောက် ရင်းနှီးမြှုပ်နှံခြင်း၊ စားသောက်သုံးစွဲသင့်သလောက် စားသောက်သုံးစွဲခြင်း၊ လှူဒါန်းသင့်သလောက် လှူဒါန်းခြင်း၊ – ထို၎နည်းဖြင့် အသုံးပြုရမည်ဟု ဟောတော်မူပါသည်။ စု၊ရင်း၊စား၊လှူ ဟု အတိုကောက်သင်္ကေတ ပြုကြသည်။

            သုတ္တန်ဒေသနာတော်တစ်ခုတွင် မစားရက် မသုံးရက် နေသူများကို မြတ်ဗုဒ္ဓက ကဲ့ရဲ့ ရှုတ်ချတော်မူပါသည်။

            ( ဥစ္စာထဲမှာ အနှစ်ရှာ၊ ရှိတာ ဒါနပဲ။ ) ဟု ဥစ္စာစည်းစိမ်၏လားရာသည် ဒါနဖြစ်သင့်ကြောင်းလည်း မှတ်သားရပါသည်။ သို့သော် ထိုလားရာကို အကောင်အထည်ဖော်ရာ၌ အလွန်သတိပြုထိုက်သော အကြောင်းချင်းရာများလဲ ရှိပြန်ပါသည်။

            (၁) သေရည်သေရက် (၂) လက်နက်ခဲယမ်းဓားလှံ (၃) အဆိပ် (၄) မေထုန် – ထို ၄ မျိုးကို အကုန်အကျခံ၍  လှူဒါန်းပါသော်လည်း ကုသိုလ်ကားမဖြစ်။ အကုသိုလ်သာ ဖြစ်ခြင်းကြောင့် ကောင်းမြတ်သော လားရာမဟုတ်။ နာလဲနာသေး၊ နံလည်းနံသေး ထိုသကဲ့သို့ စည်းစိမ်ဥစ္စာလည်း ကုန်ခမ်းသေး၊ ငရဲလဲရသေးဆိုတာမျိုးဖြစ်သည်။

            အချို့သောသူများသည် သေရည်သေရက်သောက်စားမူးရူး၍ ဥစ္စာကိုဖြုန်းတီးကြ၏။ အချို့ကား ပွဲလမ်းသဘင် အပျော်အပါးဖြင့် ဥစ္စာကို ဖြုန်းတီးကြ၏။ အချို့ကား အချိန်မဲ့ အခါမဲ့ သွားလာခြင်းဖြင့် ဥစ္စာကို ဖြုန်းတီးကြ၏။ အချို့ကား ပါပမိတ္တ ခေါ် မကောင်းသော မိတ်ဆွေဆိုးများကိုပေါင်း၍ ဥစ္စာကိုဖြုန်းတီးကြ၏။ အချို့ကားလောင်းကစားခြင်းဖြင့် ဥစ္စာကိုဖြုန်းတီးကြ၏။ အချို့ကား ပျင်းရိခြင်းဖြင့် ဥစ္စာကို ဖြုန်းတီးကြ၏။ ထိုအကြောင်းခြောက်ပါးသည်  စည်းစိမ်ဥစ္စာကို ပျက်စီးစေတတ်သော်လည်း အကျိုးမဲ့အချည်းနှီးဖြစ်စေ၍ စည်းစိမ်းဥစ္စာ၏ လားရာကား မကောင်းမြတ်၊ ဆိုးဝါးလှချေသည်ဟု ဆိုထိုက်၏။ ( သေရည်သောက်စား လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယျင်းဥစ္စာ ပျက်ကြောင်းတည်း။ သိင်္ဂါလောဝါဒသုတ္တန်။ )

            အလှူပေးခြင်းသည် ကောင်းမြတ်သော်လည်း ၊စေတနာ၊ ရည်ရွယ်ချက်ကို လိုက်၍ အယုတ်၊အလတ်၊အမြတ် ကွဲပြားသေးရကား၊ စည်းစိမ်းဥစ္စာ၏ လားရာသည်လည်း ၃မျိုးပင် ကွဲပြား၏။ ကြွားဝါလို၍ (သို့) အခွင့်အရေးရလို၍ (သို့) အချီးအမွမ်းခံလို၍ (သို့) မလှူနိုင်သူတို့ကို ကဲ့ရဲ့လို၍ ပေးလှူလျှင် ကုသိုလ်ပင်ရသော်လည်း အညံ့စားကုသိုလ်ပင်ဖြစ်၏။

            ကံနှင့် ကံအကျိုးပေးအရ စည်းစိမ်ဥစ္စာရလိမ့်မည်ဟု ယုံကြည်၍ ပေးလှူလျှင် အလတ်စားကုသိုလ်ဖြစ်၏။ အလှူခံ ပုဂ္ဂိုလ်တို့ ချမ်းသာပါစေဟူသော မေတ္တာဓာတ်ကို အဓိကထား၍၊ နိဗ္ဗိန် ရည်မှန်းပြီး လှူဒါန်းလျှင် အမြတ်စားကုသိုလ်ဖြစ်၏။

            သားမယားကိုလည်းကောင်း၊ မိဘ ဆွေမျိုးတို့ကို လည်းကောင်း၊ ပြုစုလုပ်ကျွေးရာ၌ ဥစ္စာစည်းစိမ်းကို အသုံးပြုခြင်းသည် လားခြင်းကောင်းသော ဥစ္စာစည်းစိမ်းဖြစ်ကြောင်း မင်္ဂလာတရားတော်အရ သိရှိနိုင်ပါသည်။

            လေးချက်ညီစဉ်းစားခြင်း

လားရာနှင့် လာရာကို မူတည်၍ လေးချက်ညီ စဉ်းစားနိုင်ပါသည်။

(၁) လာရာကောင်းသော စည်းစိမ်ဥစ္စာကို လားရာကောင်းသော စည်းစိမ်ဥစ္စာအဖြစ် အသုံးချခြင်း။      ။ အကုသိုလ် ဒုစရိုက်အမှုများဖြင့် မရှာဖွေဘဲ စင်ကြယ်စွာ ရရှိလာသောငွေများကို စုဆောင်း၊ ရင်းနှီး၊ စားသုံး၊ လှူဒါန်း ဟူသော အကျိုးရှိရာကိစ္စများ၌ အသုံးပြုခြင်းဖြစ်သည်။ ဤအမျိုးအစားကို ပညာရှိသူတော်ကောင်းတို့ အနှစ်သက်ဆုံးဖြစ်သည်။

(၂) လာရာကောင်းသော စည်းစိမ်ဥစ္စာကို လားရာမကောင်းသောစည်းစိမ်ဥစ္စာအဖြစ် အသုံးချခြင်း။     ။ အကုသိုလ်မဖက်စင်ကြယ်စွာရရှိလာသော စည်းစိမ်ဥစ္စာဖြစ်သော်လည်း သေရည်သေရက်သောက်စားခြင်း၊ သူတပါး သားမယားပစ်မှားခြင်း စသော အကုသိုလ် ကိစ္စများ၌ အသုံးပြုခြင်း ဖြစ်သည်။ ပညာရှိတို့က ရပုံကို နှစ်သက်၍ သုံးပုံကို မနှစ်သက်။

(၃) လာရာ မကောင်းသော စည်းစိမ်ဥစ္စာကို၊ လားရာကောင်းသော စည်းစိမ်ဥစ္စာအဖြစ် အသုံးချခြင်း။  ။ အကုသိုလ်ဒုစရိုက် အမှုများဖြင့် ရရှိလာသော စည်းစိမ်ဥစ္စာများကို၊ ကောင်းမှုကုသိုလ် ကိစ္စများ၌ အသုံးပြုခြင်းဖြစ်သည်။ (ခိုးယူငွေဖြင့် သားမယားကို လုပ်ကျွေးခြင်း။ ပရဟိတ၌ လှုခြင်း) ပညာရှိတို့က သုံးစွဲပုံကိုသာ နှစ်သက်သည်။

(၄) လာရာမကောင်းသော စည်းစိမ်ဥစ္စာကို လားရာမကောင်းသော စည်းစိမ်ဥစ္စာအဖြစ်အသုံးချခြင်း။  ။ အကုသိုလ်အမှုများဖြင့်ရရှိလာသော စည်းစိမ်ဥစ္စာများကို၊ မကောင်းမှု အကုသိုလ်ကိစ္စများတွင်  အသုံးပြုခြင်းဖြစ်သည်။ (ခိုးယူငွေဖြင့် အရက်သောက်ခြင်းမျိုး။) ဤအမျိုးအစားကို ပညာရှိ သူတော်ကောင်းတို့ မနှစ်သက်ဆုံး(အစက်ဆုပ်ဆုံး) အမျိုးအစား ဖြစ်သည်။

ဆလိုင်းရွှေလင်း

(painting – win pe myint, source – internet)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts