ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ဝိုးတဝါး ရေဘေးကယ်ဆယ်ရေး (သို့) ကရင်ပြည်နယ် ရေဘေးကယ်ဆယ်ရေး
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
သြဂုတ် ၁၄၊ ၂၀၁၃

အုံဆိုင်းညိုမှိုင်းနေသော မိုးသားမိုးတိမ်တို့က ဟိုးဝေးဝေးဆီက တောင်တန်းကြီးကို ငိုစေခဲ့ပြီ။ မျက်နှာကျယ်ကျယ် ရေပြင်ကြီးကို ဖန်တီးခဲ့သည်။ အချို့အချို့သော ဆန်အိုးကြီးတွေကို ဖုံးလွှမ်းခဲ့လေပြီ။ မယုံဘူး ကြုံဖူးမှသိလို့ ပြောစကားရှိခဲ့ပေမယ့်လည်း သူတို့သူတို့လေးတွေ ရင်ထဲမှာ မကြုံပါရစေနဲ့လို့ တောင်းဆုသံဟာ မပြောကြဘဲ ကြားနေရတာတော့အမှန်။

မြစ်၊ ချောင်းတွေ ပေါများလှတဲ့ ဤဒေသလေးဟာ တစ်ခါတရံလည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံရစမြဲပါ။ သို့သော် ယခုနှစ်က နှစ်လေးဆယ်အတွင်း ပထမဆုံး တွေ့ကြုံခဲ့ရတာပါ။ ခြေတံရှည် အိမ်ကလေးတွေနဲ့ လှေကြီး၊ လှေငယ်တွေဟာ မြို့ပြမှ တိုက်တွေ၊ ကားတွေလိုပါပဲ။ အခုတော့ ခြေတံရှည် အိမ်တွေဟာ ရေပြင်ပေါ်မှာ မျောနေတဲ့အလား၊ တိုက်ပုတွေအလားပင်ဖြစ်ခဲ့ရတာ သည်းသည်းထန်ထန် ရွာသွန်း လိုက်သော မိုးကြောင့်လို့ လက်ညှိုးထိုးရပြီပေါ့။ ဒီလိုအခြေအနေမျိုးမှာ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ဤဒေသကို လက်တွဲကူညီဖေးမလိုစိတ်တွေဖြစ်ပေါ်လာခဲ့တော့တယ်။ မြန်မာစကားပုံထဲကလို နှမ်းတစ်စေ့နဲ့ ဆီမဖြစ်နိုင်၊ နှမ်းစေ့တွေ ပေါင်းမှ ဆီကောင်းရသလို နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ခုနှစ်ရက်သားသမီးတို့သည် နှမ်းစေ့လေးတွေ အဖြစ်ပူးပေါင်းပြီး ဒေသခံများဆီ ဆက်သွယ်၍ ကူညီဖေးမရန် သွားရောက်ခဲ့တော့သည်။

   

နာရင် အားလုံးကူတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ဟာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာများကိုကူညီရန် ၆.၈.၂ဝ၁၃ ဝေလီဝေလင်းအချိန်မှာ အသင်းသား/သူများဟာ ရန်ကုန်မြို့မှ ဘားအံမြို့သို့ ခရီးစတင်ခဲ့ကြတော့တယ်။ ဘီးလင်းမြို့ကို ကျော်လာသည်နှင့်တပြိုင်နက် လမ်းဘေးဝဲယာတွင် ဒေသခံပြည်သူများမှ ၄င်းတို့၏ အိမ်နေရာတွင် ရေစီးနှင့်မျောပါလာသော နုံးမြေများကို ဖယ်ရှားနေသည်ကို တွေ့ရသလို လယ်ယာမြေအချို့လည်း ရေလွှမ်းနေပုံကိုကြည့်ပြီး တောင်သူလယ်သမားများ၏ ခံစားချက်များအား နားလည်မိ၍ များစွာစိတ်မကောင်းမိပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၇.၈.၂ဝ၁၃ ရက်နေ့တွင် နတ်ကျွန်းရွာ၊ ရွာဘော်ရွာ၊ ဘုရားကုန်းရွာ၊ ကော့နွယ် ကဇိုင်းရွာနှင့် ကော့မဖိုးရွာများသို့ သွားရောက်ကယ်ဆယ်ခဲ့သည်။ အိမ်ခြေစုစုပေါင်း (၅၉၂)အိမ်ရှိ၍ တစ်အိမ်ထောင်လျှင် ဆန် (၅)ပြည်၊ ငါးသေတ္တာ(၃)ဗူး၊ ခေါက်ဆွဲခြောက် (၅)ထုပ်၊ ရေ တစ်လီတာဗူး(၆)ဗူးပါ (၁)ကဒ်၊ ဆေးပစ္စည်းများနှင့် ရွာကျောင်းထိုင်ဆရာတော်နှင့် စာသင်သံဃာများကို ဆန် (၁)အိတ်၊ ဆီ (၃)ပိဿာဗူး(၁)ဗူးစီ လှူဒါန်းခဲ့သည်။ ၈.၈.၂ဝ၁၃ ရက်နေ့တွင် ဒေါ်လန်းရွာကြီး၊ ဒေါ်လန်းရွာငယ်၊ ဒေါ်လန်းအထက်ရွာ၊ ကွမ်ဖော်ရွာ၊ ဒေါ်ဖျာရွာ၊ ခရဲ့ကမ်းနားရွာ များသို့ ကယ်ဆယ်ရေး ဆက်လက်သွားရောက်ခဲ့ကြပါသည်။ ထိုသို့ ကူညီမှုပြုပြီး အသင်းသို့ ပြန်မရောက်ခင် ၉.၈.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းရုံးချုပ်သို့ ဘားအံရေဘေး ကယ်ဆယ်ရေးအတွက် အမှတ်(၁၁)၊ မနောဟယ်ရီလမ်း၊ အလုံမြို့နယ်နေ ဦးကျော်ဖေ+ဒေါ်လှဝင်း (ဆင်နှစ်ကောင် မိသားစု)တို့မှ အလှူငွေ ကျပ်သိန်း(၂ဝ)ကျပ်တိတိအား လာရောက်လှူဒါန်း သွားခဲ့ပါသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကရင်ပြည်နယ်ရေဘေးကယ်ဆယ်ရေးအတွက် ဆင်နှစ်ကောင် မိသားစုမှ လှူဒါန်းငွေများကို ယခု ကရင်ပြည်နယ်တွင် လှူဒါန်းခဲ့သော အလှူများထဲတွင် စုပေါင်းထည့်ကာ တစ်ပါးတည်းစုပေါင်း၍ အလှူငွေကျပ် သိန်း(၁၈ဝ)တို့အား ကရင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးတွင် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။
 

 

 

ကျွန်မတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ကူညီခဲ့စဉ်က ဘားအံမြို့ပေါ်တွင် ကယ်ဆယ်ရေးအတွက် အုပ်စုခွဲကာ လှူဒါန်းမည့် ပစ္စည်းများဝယ်ယူခြင်း ရေတွက်ခြင်း တို့ကိုပြုလုပ်ပြီး သာမညတောင်သို့ ခရီးဆက်ခဲ့တော့သည်။ သာမညတောင်ခြေရောက်မှ ညစာနဲ့ နေ့လည်စာပေါင်း စားခဲ့ရတော့တယ်။ ကူညီရမည့် ရွာ(၅)ရွာဟု သိထားသော်လည်း ကူညီမည့်ရွာ(၁၁)ရွာအတွက် အသင်းသူ/သားတွေဟာ ဘားအံမြို့သို့ ပြန်လည် သွားရောက်ကြပြီး လှူဒါန်းမည့်ပစ္စည်းများ ဝယ်ယူခဲ့ကြသည်။ နောက်တစ်နေ့နံနက် ဒေသခံများ ၏ လှေတွေပေါ်တွင် အမျိုးမျိုးသော လှူဒါန်းမည့်ပစ္စည်းများအား တင်ဆောင်ပြီး ကူညီကယ်ဆယ်ရေး ခရီးစဉ်စတင်ခဲ့ကြတော့ သည်။ လှေစီးနေစဉ် အဖွဲ့သားများအားလုံး၏ စိတ်ထဲတွင် တစ်မျိုးခံစားရနိုင်ဖွယ် ဖြစ်ကောင်းဖြစ်မည်။ အဘယ်ကြောင့်ဆိုသော မြင်လိုက်ရတဲ့ မြင်ကွင်းများသည် ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိဟုပင်။ ကျွန်းပင်များသည် ခပ်နိမ့်နိမ့်၊ ထန်းပင်များသည်လည်း ကျွန်မတို့ အရပ်နဲ့ မတိမ်းမယိမ်း ဖြစ်နေသည် ကိုမြင်ကြရတော့ သက်ကယ်အင်္ကင်္ျီလှူဒါန်းလိုက်သော ပုဇွန်တောင်မြို့နယ် (၅)ရပ်ကွက်မှ PH (ရေကြောင်းသက်ကယ်ပစ္စည်းရောင်းဝယ်ရေး) ပိုင်ရှင်ကို၎င်း၊ မိုးကာအင်္ကင်္ျီများ လှူဒါန်းသော (Asia World ကုမ္ပဏီ)ကို၎င်း ကျေးဇူးတင်မိတော့သည်။

ကျွန်မတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီကယ်ဆယ်ရေး သွားနေစဉ်ချိန်တွင် ဒုတိယနေ့ တွင်လှူဒါန်းမည့် အိမ်ခြေ(၁၂၅ဝ)အတွက် လှူဒါန်းရန်ပစ္စည်းများဝယ်ထားပေးသော သာမညမှ ဒေသခံဘုန်းတော်ကြီးများ နှင့် ပြည်သူအချို့ကိုပါ ကျေးဇူးတင်ခဲ့ရပါတော့သည်။ ၇.၈.၂ဝ၁၃ ရက်နေ့တွင် လှူဒါန်းခဲ့သော နတ်ကျွန်းရွာလေးဟာ ရေလွှမ်းဒဏ်ကို အများဆုံးခံရတဲ့ရွာလေးဖြစ်သည်။ စားသောက် ဖွယ်ရာ၊ ဝတ်အထည်တွေမဆိုထားနှင့် ခြေတံရှည်အိမ်တွေပေါ်မှာ ဝါးလုံးထောက်ပြီး နေခဲ့ရတဲ့ ဒေသခံတွေရဲ့ အခက်အခဲဟာ တစ်ကယ်တုန်လှုပ်စရာပါ။ သို့သော် မည်သူတစ်ဦး တစ်ယောက်မျှ သေဆုံးခြင်း၊ ဒဏ်ရာရရှိသူမရှိခြင်းကတော့ ဝမ်းမြောက်စရာဖြစ်ခဲ့ပါသည်။ အသင်းသူ/သား များဟာ မသိစိတ်မှာတော့ကြောက်စိတ်တွေ ကိန်းဝပ်နေပေမယ့် သိစိတ်ထဲမှာတော့ဇွဲနဲ့ တက်ကြွတဲ့ ဟန်ပန်တွေ အပြည့်နဲ့ပါ။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကယ်ဆယ်ရေးအဖွဲ့သားတွေ ကော့နွယ်ရွာကိုသွားတဲ့ ရေပြင်ကျယ်ကြီးသို့အရောက် စိုးရိမ်စိတ်တွေ၊ ပူပင်စိတ်တွေ အထွဋ်အထိပ်သို့ရောက်ရှိခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် တစ်ချိန်က စပါးစိုက်ခင်းတွေနဲ့ လယ်ယာ မြေတွေ ပြည့်နေသောနေရာပါ။ ဒီလို ရေပြင်ကျယ်ကြီးထဲမှာ လမ်းပျောက်ခဲ့ပြီး အချို့ဒေသခံ စက်လှေက ပျက်လျှက်ရှိနေသည်ကိုတွေ့ခဲ့ရသည်။ တော်ရုံရွာနားနီးစပ်တွေတောင် အရောက်အပေါက်နည်းသော ကော့နွယ်ရွာလေးသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရောက်အောင် သွားခဲ့လိုက်နိုင်တဲ့ ဇွဲနှင့် သတ္တိပေါ်ပေါက်လာတာကတော့ အံ့မခန်းပါ။ ကယ်ဆယ်ရေးအဖွဲ့ဝင်များအားလုံး ရေပြင်ကျယ်ကြီးမှာ ရွာလည်နေ တုန်းမှာ မိုးတွေက မည်းမှောင်ပြီးရွာချခဲ့သည်။ သို့သော် တစ်ဦးကို တစ်ဦးအားပေးကာ ခရီးဆက်ခဲ့ကြသည်။
သစ်ပင်ထိပ်ပိုင်းတွေကို မြင်နေရ၍သာ ထိုနေရာတွေသည် လယ်မြေတွေ၊ တောတွေဟု သိခဲ့ရသည်။ သို့တည်းမဟုတ်လို့ကတော့ ပင်လယ်ပြင်ကြီးအလားပင်။ ရေပြင်တွင် (၂)နာရီခန့်ကြာမြင့်ခဲ့ပြီး ကော့နွယ်ရွာလေးကို ရောက်ရှိခဲ့ပါသည်။ ထိုနောက်လှူဒါန်းပစ္စည်းအသီးသီးများအား လှူဒါန်းခဲ့ကြပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီရသော အကြောင်းများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နေ့စဉ် ဆောင်ရွက်ချက်များကို ပြည့်စုံစွာ ရှင်းပြခဲ့ကြပြီး ခရီးဆက်ခဲ့ကြသည်။ ၇.၈.၂ဝ၁၃ နောက်ဆုံးရွာအဖြစ် ကော့ဖမိုးမှာ အဆုံးသတ် ခဲ့ကြပါသည်။
၈.၈.၂ဝ၁၃ရက်နေ့ ညနေ(၃)နာရီမှာ ဒေါ်လန်းရွာကြီးကို ရောက်ရှိခဲ့တယ်။ လှူဒါန်းပစ္စည်းတွေ လှူဒါန်းခဲ့ပြီး ခရီးဆက်ခဲ့ကြသည်။ ဒေါ်လန်းရွာကြီးရဲ့ ဘုန်းတော်ကြီးကျောင်းဟာ တော်ရုံအကျယ်၊ တော်ရုံအရွယ် မဟုတ်တော့ အသင်းသူ/သားတို့ အံ့သြခဲ့ကြရပါတယ်။ ဒေါ်လန်းရွာကြီးမှာပဲ ဒေါ်လန်းအလယ်ရွာ၊ ဒေါ်လန်းအထက်ရွာများမှ ဘုန်းတော်ကြီးများ၊ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ အားခေါ်ထားပြီး အလှူပြုခဲ့ပါတယ်။ ရေလမ်းခရီးဖြစ်တာတစ်ကြောင်း၊ ပြန်ရဖို့ အချိန်တွက် ရတာတစ်ကြောင်းမို့ပါ။ ဒီလိုနဲ့ ဒုတိယနေ့အတွက် နောက်ဆုံးခရီးစဉ်ကို ကွမ်ဖော်ရွာမှာ အဆုံးသတ် ခဲ့ပါတယ်။ ရွာအသီးသီးမှ ဘုန်းတော်ကြီးကျောင်းများကိုလည်း ဆန်တစ်အိတ်၊ ဆီ (၃)ပိဿာစီ လှူဒါန်းနိုင်ခဲ့ပါသည်။ ကွမ်ဖော်ရွာတွင် အချိန်(၂)နာရီခန့်ကြာမြင့်ခဲ့ပြီး ည(၇)နာရီခွဲ အချိန်တွင် မှောင်မှောင်မည်းမည်းဖြင့် ဓာတ်မီးများထိုးကာ စက်လှေမောင်းသော ဒေသခံများပင် ဝိုးတိုးဝါးတာဖြင့် လမ်းမပျောက်အောင် ဂရုတစိုက် မောင်းနှင်ခဲ့ပြီး လှေဆိပ်မှ ကားဖြင့်ခရီးဆက်ရန်အန္တရာယ်များ လှသော တောလမ်းကို (၁ဝ)မိနစ်ခန့် ဖြတ်သန်းကာ ထိုမှတစ်ဆင့် ကားများဖြင့် နာရီဝက်ခန့် ခရီးဆက်၍တည်းခိုရာ သာမည မြေသို့ ပြန်ရောက်ခဲ့တော့သည်။
တည်းခိုရာနေရာရောက်မှပဲ အောင်ပြီဟု ပြုံးပျော်ကြွေးကြော်နိုင်တော့တယ်။ ဒေသခံပြည်သူတွေရဲ့ စိတ်ဓါတ်တွေက လေးစားစရာပါ။ ရေတွေလွှမ်းသွား ပေမယ့်လည်း သူတို့စိတ်ဓာတ်တွေက ခိုင်မာနေလျှက်ပါ။ ကျန်းမာရေး အခြေအနေတစ်စုံတစ်ရာ ချို့ယွင်းမှုမရှိကြတာလဲ ဝမ်းမြောက်စရာပါ။ ဝမ်းနည်းစရာ ကောင်းတာက မြန်မာစကားသင်ရင် အလိမ်ခံရမှာစိုးလို့ ဆိုတဲ့ အချို့သောဒေသခံတွေရဲ့ အတွေးတွေနဲ့ စာမဖတ်တတ်တဲ့ အခြေအနေတွေပါပဲ။
ကူညီကယ်ဆယ်ရေးသွားခဲ့သမျှ ရွာတိုင်းမှာ စာသင်ကျောင်းတွေ ရှိနေပေမယ့် အချို့သော အယူ အဆတွေဟာ လွဲနေဆဲဆိုတာကို တွေ့ရပါတယ်။ အသင်းသူ/သားတွေရဲ့ နေရပ်လိပ်စာတွေကို မေးကြသဖြင့် ရေးပေးလိုက်သော်လည်း မဖတ်တတ်ကြပါဘူး။ ကဒ်ထဲမှာ နာမည်တွေပါသော်လည်း မသိ၊ တစ်ဦးကိုတစ်ဦးလှမ်းခေါ်တော့မှဘဲသိတော့တယ်။ သူတို့တွေက နာမည်တွေကို အကြားနဲ့မှတ် ရတယ်။ ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံရမှ၊ ခံစားရမှ သိရတဲ့ ဤအတွေ့အကြုံတွေဟာ ကျွန်မတို့ နာရေးကူညီမှု အသင်း (ရန်ကုန်)၏ အသင်းသူ/သားတို့ဘဝမှာ မှတ်ကျောက်တစ်ခုဖြစ်ခဲ့ရပါတယ်။ စိုးရိမ်စိတ်တွေ၊ ပူပန်စိတ်တွေ ကြောက်စိတ်တွေနဲ့ အတူ ပေးဆပ်တတ်တဲ့ နှလုံး သားတွေ၊ ကူညီတတ်တဲ့ လက်အစုံတွေ၊ ဖေးမတတ်တဲ့အပြုအမှုတွေဟာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ် တွေထဲက ရွာလေး (၁၁)ရွာအတွက်တော့ အဖိုးထိုက်လှပါတယ်။

စုစုပေါင်း ရွာ (၁၁) ရွာ၊ အိမ်ထောင်စုပေါင်း (၁၈၄၂)စုတို့ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီကယ်ဆယ်ခွင့်ရခဲ့ခြင်းဟာ အများပြည်သူအလှူရှင်တို့၏ ကောင်းမှုများကြောင့်ဖြစ်ပြီး သိန်း (၁၈ဝ) အလှူကြီးအား အများပြည်သူအလှူရှင်အပေါင်းတို့ သာဓုခေါ်နိုင်စေ ရန် တင်ပြပေးလိုက်ရပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts