News Features

TheGeek – No War in Syria Mr President

ဆီးရီးယားကို စစ်မတိုက်ပါနဲ့ သမ္မတကြီး

“Syria Is Not Our War” by Christopher Dickey, Daily Beast, 30th August 2013 ကို မှီးပြီးရေးတယ်။

နိုင်ငံတကာသာဂိ၊ စက်တင်ဘာ ၁၀၊ ၂၀၁၃

နိဒါန်း။  စက်တင်ဘာ ၉  သတင်းများအရကတော့ ဆီးရီးယားက သူ့မှာရှိနေတဲ့ အန္တရယ်ပေးတဲ့ ဓာတုလက်နက်တွေ နိုင်ငံတကာကို စစ်ဆေးခွင့်ပေးမယ်၊ ဖျက်ဆီးသင့် ဖျက်ဆီးပေးမယ်လို့ ပြောတယ်။ ရုရှားက ကြားဝင်လိုက်လို့ပါ။ လွန်ခဲ့တဲ့ ၂ ရက်လောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက (စစ်မဖြစ်ချင်ရင် ဓာတုလက်နက်တွေ ဖျက်ဆီးပေးပါ။ အမေရိကန်က ဆီးရီးယားကို စစ်တိုက်ဖြစ်ချင်မှ ဖြစ်မယ်)လို့ ပြောမိတာကို အကွက်နင်းပြီး ဆီးရီးယားက တုန့်ပြန်လိုက်တာလို့ ထင်ကြေးပေးကြတယ်။

 သြဂုတ် ၂၁ မှာ ဆီးရီးယားအစိုးရက သူပုန်တွေနဲ့ ပြည်သူတွေရဲ့ ဒေသတခုကို ဓာတုလက်နက်သုံး တိုက်လို့ လူ ၁ ထောင်ကျော်သေခဲ့ပါတယ်။ အဲဒါကြောင့် အမေရိကန်က ဦးဆောင်ပြီး ဆီးရီးယားကို လက်တုန့်ပြန် စစ်တိုက်မယ်လို့ ထုတ်ပြောလိုက်တာကစပြီး နိုင်ငံတကာမှာ တင်းမာမှုတွေ။ အငြင်းပွားမှုတွေ ဖြစ်ကုန်တော့တာပဲ။ လက်ရှိမှာလည်း အမေရိကန်က စစ်တိုက်ဖို့အရေး အထက်နဲ့ အောက်လွှတ်တော် အမတ်တွေရဲ့ မဲခွဲဆုံးဖြတ်တာကို စောင့်နေ၊ ဆွေးနွေးနေတုန်းပဲ ရှိသေးတယ်။ သည်ကြားထဲမှာ စစ်ကို ရှောင်လွှဲနိုင်မယ့် အပြောင်းအလဲတခု လို့ ပြောချင် ပြောနိုင်ပါတယ်။

အမေရိကန်သတင်းသမားရဲ့ အာဘော်။   သြဂုတ်လ ၃၀ မှာ သတင်းထောက်လုပ်သက် ၃၃ နှစ်ရှိ ခရစ်တိုဖာဒီကီရဲ့ ဆောင်းပါး Deaily Beast သတင်းအွန်လိုင်းမှာ ဖတ်လိုက်ရတယ်။ သူပြောချင်တာက အမေရိကန်ဟာ ဘယ်လောက်ပဲ စစ်မက်နိုင်ငံကြီး ဖြစ်ပါစေ၊ သူ့အမြင်ကတော့ သမိုင်းတလျောက် ဒုကမ္ဘာစစ်နောက်ပိုင်း ဘယ်ပြည်ပစစ်ပွဲမှာမှ အနိုင်ရတယ်၊ အမြတ်ထွက်တယ် မရှိခဲ့ဘူး၊ အရင်းအနှီးတွေ အရမ်းကို များတယ်လို့ သုံးသပ်ပြထားပါတယ်။

ဘာသာပြန်သူ မှီးသူ သာဂိရဲ့ အာဘော်။  ဘယ်စစ်ကိုမဆို ဆန့်ကျင်ပါတယ်။ ဆီးရီးယားမှာ အချင်းချင်း စစ်ခင်းပြီး သတ်ဖြတ်နေတာလည်း မကြိုက်ဘူး။ ဗမာပြည်မှာ မြန်မာစစ်သားတွေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပြန်အလှန် သတ်ဖြတ်နေကြတာလည်း မလိုလားဘူး။ လက်နက်ကိုင်တွေက လက်နက်မဲ့တွေကို သတ်တာလည်း မကြိုက်ဘူး။ လူမျိုးရေး ဘာသာရေးတွေ သွေးထိုးပြီး လူသားအချင်းချင်း အုပ်စုဖွဲ့ အနိုင်ကျင့် သတ်ဖြတ်တာလည်း ဆန့်ကျင်ပါတယ်။ အစွန်းရောက်တွေက သတ်တာအပြင် အစွန်းရောက်တွေကို သတ်ဖြတ်တာကိုလည်း လက်မခံပါဘူး။

အမေရိကန်ရဲ့ ပြည်ပစစ်ပွဲများ။   ဗမာပြည်မှာက ပြည်တွင်းစစ်။ အမေရိကန်မှာက ပြည်ပစစ်ပေါ့။ စာရေးဆရာ ပြောတာကတော့ အာဏာရှင်တယောက်ကို အမြီးကုတ်ပြီး ပြောင်းသွားအောင် ဆုံးမဖို့ဆိုတာ (အကန့်အသတ်နဲ့ စစ်ရေးအရ တိုက်ခိုက်မှု) လောက်နဲ့ အလုပ်မဖြစ်ဘူး … တဲ့။

၂၀၀၃၊ အီရတ်နဲ့ စစ်ပွဲမှာ အမေရိကန်က အာဏာရှင် ဆဒန်ဟူစိန်ကို အပြုတ်တိုက်ခဲ့တယ်။ အရင်းအနှီး အဆုံးအရှုံး အလွန်ကြီးမားတယ်။ အဲသည်စစ်ဟာ ၅ နှစ်ကျော် တို့လို့တန်းလန်းနဲ့ ရပ်ပစ်ခဲ့ရတယ်။ ၂၀၀၁၊ နိုင်းအီလဲဗင်းကြောင့် အာဖဂန်ကို တိုက်တဲ့ စစ်ပွဲဆိုတာလည်း ခုချိန်အထိကို အမျှင် မပြတ်သေးဘူး။ အတင်းကို တပ်တွေကို ပြန်ရုတ်သိမ်းနေရတဲ့အဖြစ်။ ကျန်ခဲ့တဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေး မကျန်ရစ်ဘူး။ ပြည်တွင်းစစ်တွေ၊ ပြည်တွင်း အကြမ်းဖက်အုပ်စုတွေ အနိုင်ကျင့် တိုက်ခိုက်မှုတွေနဲ့ ကျန်ရစ်တယ်။

၁၉၈၂ လက်ဘနွန်တုန်းကလည်း အမေရိကန်သမ္မတ ရီဂန်က ဒုံးကျည်ပစ်ပြိး စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်။ ၁၉၈၄ လည်းကျရော အကြမ်းဖက်သမားတွေက ကားဗုံး ၂ စင်းနဲ့ လက်စားပြန်ချေလိုက်တာ ဘေရု (လစ်ဘနွန်)က မရင်း စစ်တန်လျားရယ်၊ အမေရိကန်သံရုံးရယ် အမှုန့်ခြေလိုက်သလို ပြုတ်ပြုတ်ပြုန်းသွားတယ်။

အဲဒါနဲ့ပဲ ဆီးရီးယား အာဏာရှင် အယ်အာဆဒ် (ယခုအာဆဒ်၏အဖေ) နဲ့ မဟာမိတ်အကြမ်းဖက်သမား လစ်ဘနွန်က ဟဇ်ဘိုလာပြောက်ကြားတွေကို ဆုံးမတဲ့အနေနဲ့ နယူးဂျာဆီ စစ်သဘောင်္ပေါ်ကနေ ဒုံးကျည်တွေ ပစ်ခတ် တိုက်ခိုက်ပြန်တယ်။ အဲသည်မှာ အမေရိကန်လေယျာဉ်မှူးတဦး ကျဆုံး၊ လက်ထောက်တဦး သုံ့ပန်းဖြစ်ခဲ့ရတယ်။ ဆီးရီးယားက ပန်းပန်နေခဲ့တာပဲ။

 အာဏာရှင် ကဒါဖီရဲ့ အကြမ်းဖက်အားပေးမှုတွေကို တားဆီးဖို့ လေတပ်နဲ့ ထရီပိုလီနဲ့ ဘင်ဂါဇီကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။ အဲဒါပြီးတော့ ကဒါဖီကြီး ကုပ်သွားပြီလို့ ထင်ယောင်မှတ်မှားတွေ အနောက်အုပ်စုကြားမှာ ဖြစ်ကုန်တယ်။ ဘယ်ကလာ ဟုတ်ရမှာလဲ။ ၁၉၈၈ မှာ ကဒါဖီနောက်လိုက်အကြမ်းဖက်သမားတွေက အမေရိကန်လေယျာဉ်ကြီးကို စကော့လန်ပြည်၊ လော့ကဘီးမြို့ ဝေဟင်ပေါ်မှာ ဗုံးခွဲပြီး လက်တုန့်ပြန်လိုက်တာ လူတွေ သေလိုက်တာ အတုန်းအရုံးပဲ။

၁၉၈၀ ကျော် ခုနှစ်တွေတုန်းကလည်း အီရန်ရေနံတွင်းတွေကို အမေရိကန်တွေက ဒုံးကျည်တွေပစ်ပြီး ဖျက်ဆီးခဲ့တယ်။ ပြီးတော့ အီရန်ခရီးသည်တင် လေယျာဉ်ပျံကြီးကို မှားလို့ ဆိုပြီး ပစ်ချလိုက်တာ လူတွေ အကုန်သေပဲ။

အဲသည်လို အကန့်အသတ်နဲ့ စစ်ရေးအရ တိုက်ခိုက်အရေးယူမှုတွေကနေ ဘာတွေ အကျိုးရသလဲ။ အဆိုးတွေပဲ ပြန်ရတာချည်းပဲ။ ကဲ ဆက်ကြည့်ရအောင် …

၁၉၉၀ မှာ အီရတ်အာဏာရှင် ဆဒန်ဟူစိန်ဟာ သူ့ကူဝိတ်ကျုးကျော်စစ်မှာ အကြီးအကျယ် အထိနာပြီး ဆုတ်ခွာပေးလိုက်ရပေမယ့် အာဏာကို လက်မလွှတ်ခဲ့ဘူး။ အဲသည်တုန်းက သမ္မတကြီး ဘွတ်ခ်ျ(အကြီး)က အီရတ်ကို ဆုံးမတဲ့အနေနဲ့ ၁၉၉၃ မှာ အီရတ်စစ်စခန်းတွေကို ပစ်ခတ်တိုက်ခိုက် ချေမှုန်းလိုက်သေးတယ်။ ပြီးတော့လည်း အီရတ်ကို no fly zone တွေဘာတွေနဲ့ လေကြောင်းကို ကန့်သတ်ထားခဲ့သေးတယ်။ အီရတ်အာဏာရှင်ဟာ အညွန့်တလူလူပဲ။ သောင်းကျန်းနေတုန်းပဲ။ ၁၉၉၈ မှာ သမ္မတကလင်တန်က ဆဒန်ဟူစိန် ဓာတုလက်နက်တွေ ထုတ်လုပ်တာ ဟန့်တားဖို့ ဆိုပြီး စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြန်သေးတာပဲ။ နောက်တော့ နိုင်ငံတကာစစ်ဆေးရေးအဖွဲ့တွေက အီရတ်ကို ၀င်စစ်ခွင့်ရတယ်။ ဘာမှ မတွေ့ဘူး။ ဒါနဲ့ပဲ နောက်သမ္မတတယောက်ဖြစ်တဲ့ ဘွတ်ခ်ျအငယ် တက်လာတယ်။ ဘွတ်ခ်ျအငယ်ကတော့ အပြင်ကနေ အာဏာရှင်ကို လက်နက်ဖြုတ်လို့မရရင် အထဲဝင်ပြီး အပြုတ်ချမှပဲ ဖြစ်မှာဆိုတဲ့ သဘောထားကို ကိုင်စွဲလာတယ်။

နောက်တော့ ဘာဖြစ်လဲ။

၁၉၉၈ မှာ အယ်ကိုင်ဒါအကြမ်းဖက်သမားတွေက ကင်ညာနဲ့ တန်ဇာနီးယားက အမေရိကန်သံရုံးတွေကို ဖောက်ခွဲ ဖျက်ဆီး ခြေမှုန်းလိုက်တယ်။ ဆူဒန်နဲ့ အာဖဂန်မှာ ခေါင်းဆောင်ကြီး ဘင်လာဒင်နဲ့ အပေါင်းအပါတွေက ခြေကုတ်စခန်းတွေ ထူထောင်လာတယ်။ ကလင်တန်လက်ထက်မှာ ဒုံးကျည်တွေ အမြောက်အများပစ်ခတ်ပြီး နှိမ်နင်းသော်လည်း အကြမ်းဖက်သမားတွေဟာ ပိုပြီး သန်မာ အားကောင်းလာခဲ့တယ်။

၁၉၉၅ ဆားဘီယားမှာ မွတ်ဆလင်နဲ့ ခရစ်ယာန်တွေ အကြမ်းဖက် စစ်ဖြစ်တယ်။ အမေရိကန်ဦးဆောင်တဲ့ စစ်အုပ်စုက ဆာ့ဗ်တွေကို ဗုံးကြဲတိုက်ခိုက်တယ်။ ဆာ့ဗ်နဲ့ ခရိုအက်ဆိုပြီး ကွဲနေကြတဲ့ အချင်းများနေတဲ့ အုပ်စုတွေ အပစ်အခတ်ရပ်စဲပြီး ပြေလည်မှု တစုံတရာ ရခဲ့ကြတာကိုတော့ အကောင်းမြင်ပေးရမယ်။ သို့သော်လည်း ၁၉၉၉  မှာ ဆာ့ဗ်အာဏာရှင် မီလိုဆိုဗစ်က ထကြွသောင်းကျန်းလာပြန်တော့ အမေရိကန်နဲ့ နေတိုးစစ်အုပ်စုတို့ဟာ ၇၈ ရက်ကြာ လေကြောင်းစစ် ဆင်နွှဲရပြန်တယ်။ အဲသည်တော့မှ စစ်အာဏာရှင် ဆာ့ဗ်ခေါင်းဆောင် ရှုံးနိမ့်ပြီး စစ်ခုံရုံးတင်နိုင်ခဲ့တယ်။ အဲသည်တော့မှ ကိုဆိုဗိုလည်း လွတ်လပ်ရေးရတော့တယ်။ ဒါလေးတခုတော့ အကောင်းဖြစ်ခဲ့တယ်လို့ ဆိုနိင်တယ်။

၂၀၀၆ အစ္စရေး၊ လစ်ဘနွန်။ ဒါလေးတခု အကောင်းဖြစ်ခဲ့တာနဲ့ အစ္စရေးကလည်း အမေရိကန်ပုံတူကူးပြီးတော့ လစ်ဘနွန်ထဲက ဆီးရီးယားနဲ့ အီရန်တို့ စစ်ကူပေးထားတဲ့ ဟဇ်ဘိုလာပြောက်ကြားတွေကို စစ်ဆင်နွဲဖို့ ကြိုးစားကြည့်တယ်။ ၂၀၀၆ ခုနှစ်မှာ အကန့်အသတ်ဆင်နွဲတဲ့ ပြည်ပစစ်မှာ ဝေဟင်ကနေ အပြတ်မရှင်းနိုင်တော့ မြေပြင်ပေါ်မှာ တပ်တွေ ချ ကျူးကျော်ရတာတွေ ဖြစ်ကုန်တယ်။ အာဆဒ်ကိုလည်း မဆုံးမနိုင်ခဲ့ပါဘူး။

နောက်ဆုံး ဥပမာတခုကတော့ .. ၂၀၁၁ – လစ်ဗျား။ ကဒါဖီကို ဖြုတ်ချဖို့ အမေရိကန်နဲ့ ဥရောမဟာမိတ်တွေ အဝေးကနေ ဝေဟင်ထဲကနေ အစွမ်းကုန် မီးကုန်ယမ်းကုန် ကြဲခဲ့ကြတယ်။ အောင်မြင်မှုတော့ ရရှိခဲ့ပါတယ်။ ၂ ဖက်စလုံးက မြှောက်ပေးခဲ့ကြလို့ မြေပြင်ပေါ်မှာ အစွန်းရောက်အကြမ်းဖက်အုပ်စုတွေ လက်နက်တွေ ကိုယ်စီ ရကုန်ကြတယ်။ ၂၀၁၂ မှာ ဘင်ဂါဇီ (လစ်ဗျား) က အမေရိကန်သံရုံးကို ဆန္ဒပြလူအုပ်ကို အကာအကွယ်ယူပြီး အကြမ်းဖက်သမားတွေ ၀င်စီးလိုက်တာ သံအမတ်ကြီးလည်း အသက်ဆုံးခဲ့ရတာပဲ မဟုတ်လား။

ဒါ့အပြင် ၁၉၉၀ အီရန်၊ အီရတ် စစ်ပွဲတွေ နောက်ပိုင်းမှာ အမေရိကန်နဲ့ အစွန်းရောက် အကြမ်းဖက်အုပ်စုတွေရဲ့ အကန့်အသတ်စစ်ပွဲတွေ အများအပြားပဲ။ အကြမ်းဖက်သမားတွေရဲ့ လက်တုန့်ပြန် တိုက်ခိုက်မှုတွေကလည်း မနားတန်းပါပဲ။ နောက်ဆုံး ၂၀၁၃ ဇွန် ဘော်စတွန်မာရသွန်  ဗုံးခွဲတိုက်ခိုက်တာဟာ အမေရိကန်ရဲ့ပြည်ပအကြမ်းဖက်မှုတွေကို လက်စားချေ တုန့်ပြန်မှုလို့ တရားခံတွေက ၀န်ခံခဲ့ကြတယ်။

နိဂုံး။    အထက်ပါ အချက်အလက် ဥပမာများအရ သမ္မတကြီး အိုဘားမားအနေနဲ့ ဆီရီးယားကို စစ်တိုက်မယ်ဆိုပါက အလေးအနက်စဉ်းစားပါလို့ တင်ပြလိုက်ပါတယ်။ အာဏာရှင်တွေကို မသတ်နိုင်ရင် (မဖြုတ်ချနိုင်ခဲ့ရင်) အာဏာရှင်တွေကို ပိုပြီး အားကောင်းလာစေပါတယ်။ အဲသည် အာဏာရှင်တွေကို ရှင်းပစ်နိုင်မယ်ဆိုပါကလည်း ပြသနာတွေကို ဖြေရှင်းနိုင်တာ မဟုတ်ပါဘူး။ ပြီးတော့ သူများတိုင်းပြည်ကို ၀င်သိမ်းထားပြန်ရင်လည်း ကိုယ်တိုင်ကို အင်အားနည်းစေ၊ ယိုယွင်းသွားစေနိုင်ပါတယ်။ ဒါဟာ စစ်ပွဲတွေရဲ့ သဘောတရားတွေ ဖြစ်ပါတယ်။

ဆီရီးယားကို စစ်မတိုက်ပါနဲ့ သမ္မတကြီး။ ဆီးရီးယားစစ်ဟာ ကျနော်တို့စစ် မဟုတ်ပါဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts