ရသဆောင်းပါးစုံ

သားကြီးမောင်ဇေယျ ● မီဒီယာတုပ်ကွေး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သားကြီးမောင်ဇေယျ ● မီဒီယာတုပ်ကွေး
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇

ဖုန်းက တဂွမ်ဂွမ်မြည်လာပါတယ်။
ည ၁၁း၀၀နာရီထိုးနေပြီ။
ကြည့်လိုက်တော့ ကိုကျော်ကျော်။ DVB က ကိုကျော်ကျော်။ မဆက်စဖူး အဆက်ထူးလို့ ရင်ထဲထိတ်သွားပါတယ်။

“ဦးဇေရေ ကိုဆွေဝင်းကို မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းသွားပြီ။ ကျွန်တော်တို့ အခုပဲ မင်္ဂလာဒုံရဲစခန်းကိုသွားနေတယ်”

“ဘာဖြစ်လို့လဲ”

“မဘသ သတင်းကိစ္စဖြစ်မယ်”

ကိုကျော်ကျော်က ကိုဆွေဝင်းညီမို့ သတင်းက တိကျမှန်ကန်တာ သေချာပါတယ်။ မီဒီယာမိတ်ဆွေဆီကို ချက်ချင်းအကြောင်း ကြားလိုက်ပါတယ်။

ဒီနေ့တနေ့လုံး H1N1 သတင်းတွေကြားမှာ နစ်မြှုပ်နေလို့ စိတ်မောလူမောဖြစ်နေချိန်မှာ အခုလိုသတင်းဆိုးတခု ကြားလိုက်ရ တော့ ရင်ထဲဆို့သွားပါတယ်။

ဇွန်လှိုင်လ ၂၁ ရက်နေ့က ၃၀ ရက်နေ့ထိ တနိုင်ငံလုံးမှာ ရသီတုပ်ကွေး ရောဂါပိုးတွေ့ရှိသူ ၆၂ ယောက်ရှိပြီး သေဆုံးသူ ၁၂ ယောက်ရှိနေပြီဆိုတဲ့သတင်းကလည်း ကျွန်တော့်ခေါင်းထဲက မထွက်သေးပါဘူး။

ဆရာဝန်တွေ၊ သူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း စိုးရိမ်စရာအခြေအနေပါ။ ဒီရောဂါပိုးဟာ အလွယ်တကူးပြန့်နှံကူးစက်နိုင်တာကြောင့် ကျွန်တော်ပိုပြီးစိုးရိမ်မိတာပါ။

အဲဒီစိုးရိမ်မှုတွေအပြင် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကိုဖမ်းလိုက်ပြီ ဆိုတဲ့သတင်းကြောင့် မီဒီယာလောကသားတွေမီဒီယာတုပ်ကွေးမိနေပြီလားလို့ စိုးရိမ်လာပါတယ်။

ကိုဆွေဝင်းဟာ မဘသဆရာတော် ဦးဝီရသူကို ပါရာဇိကကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးရဲ့ မိန့်ကြားထား ချက်ကို ကိုးကားပြီး “အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖေါ်ပြခဲ့ပါတယ်။ ဖေဖော် ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တုန်းက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာပါ။ အဲဒါကြောင့် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေက မန္တလေးမြို့အမှတ် ၇ ရဲစခန်းမှာ မတ်လ ၇ ရက်နေ့က ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အခုသူကိုဖမ်းလိုက်တာကလည်း အဲဒါကြောင့်ပါပဲတဲ့။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကိုဆွေဝင်းဟာ အဲဒီစွဲချက်တွေကို ကျူးလွန်ရာမရောက်ကြောင်း သဘောထား မှတ်ချက်ပေးလိုက်ပါတယ်။ ဒါပေမယ့် အခု ကိုဆွေဝင်းကိုဖမ်းလိုက်ပါပြီ။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ ကျွန်တော့အဖို့ ပိုမိုစိတ်ဝင် စားစရာဖြစ်လာပါတယ်။

မနက်လင်းတော့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ကိုဆွေဝင်းသတင်းတွေ ပလူပျံနေပါပြီ။ ကျွန်တော့်လိုပဲ သတင်းပရိ သတ်က စိတ်ဝင်စားနေပါပြီ။ သတင်းနောက်ဆက်တွဲမှတ်ချက်တွေမှာတော့ ကိုဆွေဝင်းဖက်ကရပ်တည်ရေးသားထားတာ တွေများနေပါတယ်။

ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း DVB သတင်းသမား ၂ ယောက်နဲ့ ဧရာဝတီ သတင်းထောက်တစ်ယောက် ပေါင်း သတင်းသမား ၃ ဦးဟာ တအာင်းပလောင်လွတ်မြောက်ရေးအဖွဲ့ရဲ့ မူးယစ်ဆေးဝါး မီးရှို့ပွဲကိုသတင်းသွားယူပြီး ပြန်အလာမှာ တပ်မတော် စစ်ကြောင်းတခုက ဖမ်းခဲ့ပါတယ်။ ပုဒ်မ ၁၇ (၁) နဲ့လည်း အရေးယူခဲ့ပါတယ်။

သတင်းသမားတွေ အနေနဲ့ သတင်းမှန်ရဖို့၊ မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ငြိမ်းချမ်းရေး သတင်းတွေကို ပြည်သူတွေဆီ အမြန်ဆုံး အမှန်ဆုံးရောက်အောင် စွန့်စားသတင်းယူတာဟာ သူတို့ရဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တပ်မတော်ဖက်ကလည်း သူပုန်တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ ရှုထောင့်ကနေကြည့်ပြီး သူပုန်နဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်ခဲ့တာပါ။

ဒီသတင်းနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ ကယားပြည်နယ် လွိုင်ကော်မြို့မှာကျင်းပနေတဲ့ တိုင်းရင်းသတင်းမီဒီယာညီလာခံတက် ရောက်နေတဲ့ အဖွဲ့ ၂၆ ဖွဲ့တို့က သတင်းထောက် ၃ ဦးကို ပြန်လွှတ်ပေးဖို့နဲ့ သတင်းသမားတွေကို ခြိမ်းခြောက်နေတာ ရပ် တန့်ပေးဖို့ နိုင်ငံအကြီးအကဲတွေဆီ အိတ်ဖွင့်ပေးစာပေးပို့သွားမယ်လို့ ထုတ်ဖေါ်ပြောကြားခဲတယ်ဆိုတဲ့သတင်းတွေ တက် လာပါတယ်။

တအောင်းပလောင်လွပ်မြောက်ရေးအဖွဲ့ရဲ့မူးယစ်ဆေးဝါးမီးရှို့တဲ့သတင်းကိုသွားယူတဲ့ သတင်းသမားတွေ အဖမ်းခံရပြီး နောက်နေ့မှာပဲ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းသမားတွေရဲ့ သတင်းရယူခွင့်နဲ့ သတင်းလွတ် လပ်ခွင့်ကို အလေးထားစဉ်းစားဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလဖြစ်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တပ်မတော်နဲ့ သတင်းသမား ၃ ဦးကိစ္စဟာ တဖက်နဲ့ တ ဖက် အပြန်အလှန် ဆန့်ကျင်နေတယ်ဆိုပြီး ကျဉ်းမြောင်းတဲ့အမြင်နဲ့ မကြည့်သင့်ပါ၊ တည်ဆဲဥပဒေတွေဟာ တရားမျှတမှုရှိ ရဲ့လား၊ ဒီမိုကရေစီလမ်းကြောင်းနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတဲ့အမြင်နဲ့ကြည့်ဖို့လိုတယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Borge Brende နဲ့ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဥပဒေသမားတွေဟာ ပုဒ်မတွေကိုအလေးထားပြောကြားလေ့ရှိသလို မွန်မြတ်တဲ့ဥပဒေသမားတွေကတော့ ဗြဟ္မစိုရ်တရား လေးပါးပေါ်မှာ အလေးထားစဉ်းစားလေ့ရှိတာကို ကျွန်တော်သတိထားမိပါတယ်။

သြဂုတ်လ ၄ ရက်နေ့မှာတော့ ကိုဆွေဝင်းကို အာမခံပေးလိုက်ပြီဆိုတဲ့သတင်းတွေ တက်လာပါတယ်။ ၀မ်းသာလို့မဆုံးသေး ပါဘူး The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ၉ ကြိမ်မြောက်ရုံးထုတ်မှာ ဗဟန်းမြို့နယ် တရားရုံးက အာမခံပေးလိုက်ပြီဆိုတဲ့သတင်းကို ဆက်တိုက်ကြားလိုက်ရပါတယ်။ ဝမ်းသာစရာတွေ ဆက်တိုက်ကြားနေရပါပြီ။

ဒါပေမယ့် အဲဒီနေ့မှာပဲ မတရားသင်းပုဒ်မ ၁၇ (၁) နဲ့အရေးယူခံထားရတဲ့ သတင်းသမား ၃ ယောက်ကိုတော့ သီပေါမြို့နယ် တရားရုံးက အာမခံပယ်ချလိုက်တဲ့သတင်းတွေ ထပ်တက်လာပါတယ်။ ကျွန်တော်သက်ပြင်းချမိပါတယ်။

အင်္ဂလိပ်အစိုးရလက်ထက်က ကိုလိုနီနိုင်ငံတွေကို ဖိနှိပ်ဖို့ ရေးဆွဲထားတဲ့ဥပဒေနဲ့ အခုမြန်မာအစိုးရက မြန်မာပြည်သူတွေကို နှိပ်ကွပ်နေတာဟာ ဖြစ်သင့်ပါရဲ့လားဆိုတဲ့မေးခွန်းလည်း ကျွန်တော့်ခေါင်းထဲ ရောက်လာပါတယ်။

H1N1 တုပ်ကွေးကိုကာကွယ်ဖို့ နှားခေါင်းစွပ်တွေ ပါးစပ်ကာတွေ မျက်နှာဖုံးတွေ စွပ်ထားဖို့လိုသလို မီဒိယာတုပ်ကွေးကို ကာကွယ်ဖို့ မျက်စိတွေဖွင့်၊ နားတွေ စွင့်၊ ပါးစပ်တွေဖွင့်၊ မျက်နှာဖုံးစွပ်တွေအားလုံးကို ဖယ်ရှားပစ်ဖို့လိုပါတယ်။

H1N1 ကိုကာကွယ်ဖို့ အစားကောင်းကောင်းစား၊ အနားကောင်းကောင်းယူဖို့လိုသလို မီဒီယာတုပ်ကွေးကို ကာကွယ်ဖို့ သတင်းသမားတွေဟာ သတိကောင်းကောင်းထား၊ အလုပ်ကြိုးကြိုးစားစားလုပ်၊ ကျင့်ဝတ်ကောင်းကောင်းလိုက်နာ၊ အချင်း ချင်း ဆက်သွယ်ဖေးမဖို့ လိုပါတယ်။

H1N1 ဟာ ရာသီဖျားရာသီနာဖြစ်သလို မီဒီယာတုပ်ကွေးဟာလည်း နိုင်ငံရေးရာသီမကောင်းတဲ့အချိန်မှာ ဖြစ်လေ့ရှိတာ ကြောင့် နိုင်ငံရေးရာသီ အကူးအပြောင်းလည်းဖြစ် အာဏာရှင်နိုင်ငံရေး လက်ကျန်ရာသီမှာ သတင်းသမားတွေ အကာအ ကွယ်တွေကောင်ကောင်းယူပြီး အထူးဂရုပြုနေထိုင်သင့်ပါတယ်။

H1N1 တုပ်ကွေးအခြေအနေကို ပြည်သူတွေ ဆေးရုံဘယ်နှစ်ယောက်တက်ရောက်လာတယ်၊ ဘယ်နှစ်ယောက်ပျောက် ကင်းသွားတယ်၊ ဘယ်နှစ်ယောက် သေဆုံးတယ်ဆိုတဲ့ အချက်တွေနဲ့တိုင်းတာသလို မီဒီယာတုပ်ကွေးကို သတင်းသမား ဘယ်နှစ်ယောက် မတရားအဖမ်းခံရတယ်၊ ဘယ်နှစ်ယောက် အာမခံရတယ် ဘယ်နှစ်ယောက် ထောင်ကျဆိုတဲ့အချက်တွေ နဲ့တိုင်းတာရမယ် ထင်ပါတယ်။

အခုအချိန်မှာ ကျွန်တော်တို့ မီဒီယာတုပ်ကွေးဖြစ်နှုန်း လျှော့ချနိုင်ပြီလား၊ ကာကွယ်နိုင်ပြီလား၊ နိုင်ငံရေး ရာသီဥတုက အာ ဏာရှင် မိုးတိမ်မဲတွေ ကောင်းကင်မှာရှိနေတုန်းလား။ မေးခွန်းတွေက မိုးလုံးပြည့်ပါ။

သားကြီးမောင်ဇေယျ
(၀၆-၀၈-၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts