(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၇
မာမွတ်ဒါဝတ်ရှ်ကို ၁၉၄၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ပါလက်စတိုင်း အနောက်ဘက်ကမ်းက Al Birwa ဆိုတဲ့ရွာလေးမှာ ဖွား မြင်ခဲ့ပါတယ်။ မိခင်ဖြစ်သူက စာမတတ်ပေမယ့် အဘိုးဖြစ်သူက ဒါဝတ်ရှ်ကို စာရေးစာဖတ်သင်ကြားပေးခဲ့ပါတယ်။
၁၉၄၇ ဇွန်လ အစ္စရေးလ်တပ်တွေ ကျူးကျော်လာတဲ့အခါမှာ သူတို့မိသားစု လက်ဘနွန်ကို ထွက်ပြေးခဲ့ကြတယ်။ သူတို့ရွာ လေးဟာ အစ္စရေးလ်စစ်တပ်ရဲ့ ချေမွှဖျက်ဆီးတာခံလိုက်ရပါတယ်။
ဒီဖြစ်ရပ်တွေဟာ ဒါဝတ်ရှ်ရဲ့ ဘဝနဲ့ကဗျာမှာ အမြဲလွှမ်းမိုးနေခဲ့ပုံရပါတယ်။ သူဟာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့တွေမှာ ထဲထဲဝင်ဝင်ပါဝင်သူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ကဗျာတွေဟာ ပါလက်စတိုင်းလွတ်မြောက်ရေးလှုပ်ရှားမှုအပေါ် ဩဇာကြီးပါတယ်။ ပါလက်စတိုင်းအမျိုးသား ကဗျာ ဆရာ (Natuonal Poet Laurate) အဖြစ် သတ်မှတ်ခံရသူပါ။ ပထမဆုံးကဗျာစာအုပ်ကတော့Wingless Birds ဖြစ်ပြီး အ သက်ဆယ့်ရှစ်နှစ်အရွယ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ကဗျာစာအုပ်ပေါင်း အတွဲသုံးဆယ်ကျော်ထုတ်ဝေခဲ့ပြီး ဘာသာစ ကား နှစ်ဆယ်ကျော် ဘာသာပြန်ခဲ့ပြီးပါပြီ။
အခုဘာသာပြန်တင်ဆက်လိုက်တဲ့ Identity Card ကို ၁၉၆၅ မေလ ၁ ရက်နေ့မှာ Nazareth ဆိုတဲ့ ရုပ်ရှင်ရုံမှာ လူထုကို ရွတ်ဆိုပြခဲ့ပြီး အာရပ်ကမ္ဘာမှာ ရက်ပိုင်းအတွင်းပျံ့နှံ့သွားခဲ့ပါတယ်။ မှတ်ပုံတင်ကတ်လို့ဘာသာပြန်လိုက်ပေမယ့် အစ္စရေးလ် သိမ်းထားတဲ့ ပါလက်စတိုင်းမှာ ဒီကတ်ပြားတွေဟာ နိုင်ငံသားကတ်ဆိုတာထက်ပိုပါတယ်။ ခွဲခြားဆက်ဆံမှုကိုပြတဲ့ သဘော သက်ရောက်ပါတယ်။ မာမွတ်ဒါဝတ်ရှ် ဟာအစ္စရေးလ်ကဗျာဆရာ ဟူဒါအာမီချိုင်းလိုပဲ သီးခြားလေ့လာရမယ့်ကဗျာဆရာ ဖြစ်ပြီး အာမီချိုင်းနဲ့ ဒါဝတ်ရှ် ပူးတွဲလေ့လာခြင်းဟာ ကဗျာကတဆင့် အစ္စရေးလ်ပါလက်စတိုင်းပြဿနာကို စူးစမ်းနိုင်မယ့်ပ ရောဂျက်တစ်ခုလည်းဖြစ်တယ်လို့ မြင်မိပါကြောင်း စကားချပ်ပြောပါရစေ။
|မှတ်ပုံတင်ကတ်|
ရေးလိုက်
ငါဟာအာရပ်တစ်ယောက်
ငါ့မှတ်ပုံတင်ကတ်နံပါတ်က ၅ ငါးသောင်း
ငါ့မှာကလေးရှစ်ယောက်ရှိတယ်
ကိုးယောက်မြောက်ကလေး လာမယ့်နွေမှာမွေးမယ်
မင်းတို့ စိတ်တိုကြဦးမလား။ရေးလိုက်
ငါဟာအာရပ်တစ်ယောက်
ဘဝတူအလုပ်သမားတွေနဲ့အတူ
ငါကျောက်မိုင်းမှာအလုပ်လုပ်တယ်
ငါ့မှာကလေးရှစ်ယောက်ရှိတယ်
သူတို့အတွက် ပေါင်မုန့်
အဝတ်အထည်နဲ့စာအုပ်ဖိုးတွေ
ကျောက်ခဲတွေဆီကရတယ်
ငါ မင်းတို့ တံခါးဝမှာ အလှူမခံဘူး
ငါ မင်းတို့အခန်းလှေခါးထစ်မှာ အသနားမခံဘူး
မင်းတို့ စိတ်တိုကြဦးမလား။ရေးလိုက်
ငါဟာအာရပ်တစ်ယောက်
ငါ့မှာ ဘွဲ့ထူးတတ်မထားတဲ့ နာမည်တစ်ခုရှိတယ်
ဒေါသတကြီးဖြစ်နေတဲ့လူတွေရဲ့တိုင်းပြည်မှာ
ငါ သည်းခံနေထိုင်တယ်
ငါ့အမြစ်တွေဟာ ကာလတရားမမွေးဖွားခင်ကတည်းက ကုတ်တွယ်ပြီးသား၊ထင်းရှူးပင်တွေမပေါက်ခင်
သံလွင်ပင်တွေ၊မြက်တွေမပေါက်ခင်ကတည်းက။
ငါ့အဖေ ဟာ လယ်သမားမျိုးရိုးကဆင်းသက်
အခွင့်ထူးခံလူတန်းစားလည်းမဟုတ်
ငါ့အဘိုးဆိုရင်လည်း လယ်သမား
ရွှေပေါ်မြတင်မွေးဖွားကြီးပြင်းခဲ့တာမဟုတ်
ငါကို စာဖတ်မသင်ပေးခင်ကတည်းက
နေမင်းရဲ့ဂုဏ်ဒြပ်အကြောင်းသင်ပေးခဲ့ကြတယ်
ငါ့အိမ်ဆိုရင် လယ်စောင့်တဲလိုပဲ
သစ်ခက်တွေ၊ကြိမ်တွေနဲ့ဆောက်ထားတယ်
ငါ့အဆင့်အတန်းကိုမင်းတို့ကျေနပ်သလား
ငါ့မှာဘွဲ့ထူးတတ်မထားတဲ့ နာမည်တစ်ခုရှိတယ်။ရေးလိုက်
ငါဟာအာရပ်တစ်ယောက်
ငါ့ဘိုးဘွားဘီဘင်အဆက်ဆက်ရဲ့ သစ်သီးခြံကို
မင်းတို့ခိုးသွားတယ်
ငါ့ သားသမီးတွေနဲ့အတူ ထွန်ယက်ခဲ့တဲ့လယ်ကိုလည်း ခိုးတယ်
ငါတို့အတွက် ဟော့ဒီ့ကျောက်ခဲတွေကလွဲလို့
ဘာမှမကျန်ဘူး
ပြောခဲ့သလို ဒီကျောက်ခဲတွေကိုရော
နိုင်ငံတော်ကသိမ်းဦးမလား။ဒါဆို
ပထမဆုံးစာမျက်နှာရဲ့ ထိပ်မှာရေးလိုက်
ငါ လူတွေကိုမမုန်းဘူး
မကျုးကျော်မထိပါးဘူး
အေး…ဒါပေမယ့်
ငါဆာလောင်လာတဲ့အခါ
ကျူးကျော်သူတွေရဲ့အသားဟာ ငါ့စားစရာဖြစ်လာမယ်
သတိထား
သတိထား
ငါ့ဆာလောင်မှုကိုသတိထား
ငါ့ဒေါသကိုသတိထား။Mahmoud Darwish ရဲ့ Identity Card