ဝင်းအောင်ကြီး ရသဆောင်းပါးစုံ

ဝင်းအောင်ကြီး ● ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှု

ဝင်းအောင်ကြီး ● ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှု
(မိုးမခ မဂ္ဂဇင်း ဇူလိုင်-၂၀၁၆ ပါ ‘သက်ကြီးစကား’ ဆောင်းပါး)
(မိုးမခ) ၁၉ ဇူလိုင်၊ ၂၀၁၆

အာဇာနည်နေ့ရောက်တိုင်း မြင်နေကျ ဓာတ်ပုံကိုမှတ်မိကြပါလိမ့်မယ်။ အဲဒီတော့ အသက်ငယ်ငယ်နဲ့ တာဝန်ယူကြီးကြီးယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုအပိုင်းကို လေ့လာကြည့်ကြပါစို့။ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့နဲ့ ဆွေးနွေးနိုင်စွမ်းထက် အာဇာနည်ကြီးများလို့ သိကြတဲ့ သူ့အစိုးရအဖွဲ့အပေါ် ဦးဆောင်ပုံကို ကြည့်ရင်ပိုရှင်းပေလိမ့်မယ်။ ၀န်ကြီးအားလုံးရဲ့ အသက်တို့ ၀ါတို့ သူနဲ့ဘယ်လောက်ကွာသလဲကြည့်။

ဒါပေမယ်လို့ သူထိပ်က ပြတ်ပြတ်သားနေပုံ သမိုင်းပညာရှင်များ ရေးသားထားတာက ဒီလိုပါ၊

Aung San is at the helm of collective leadership of top individuals.ကိုယ်စီတော်တဲ့ ၀န်ကြီးတွေရဲ့ စုပေါင်းခေါင်းဆောင်မှုကို ထိပ်ကနေပဲ့ကိုင်တယ်။ ဘောလုံးလိုဆို သူဟာအသင်း Captain မို့ ကျန် ၁၀ ယောက်နည်းတူ ကိုယ်တိုင်လည်း ကစားရင်း ခေါင်းဆောင်တာပါ။ လှေပြိုင်ပွဲနဲ့ယူကြည့်ရင်တော့ သူဟာ Cox လှေပဲ့ထိန်း၊ In လို့အမိန့်ပေးရင် တက်များကိုရေးထဲနှစ်ထားကာ Out လှော်လို့အော်လိုက်အခါ ကျမှသာ လှေထိုးသမားတွေက တပြိုင်တည်းလှော်ရတယ် မဟုတ်လား။

ဥပမာ ၁၉၄၇ ခု၊ ဖွဲ့စည်းပုံထဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ထည့်ရေး ဒီးဒုတ်ဦးဘချို အဆိုတင်သွင်းတော့ သူကန့်ကွက်ပုံထဲက ကောက်နှုတ်ကာ “ — ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး၊ ဘာသာအားလုံးဘယ်တော့မှ မပြိုကွဲဘဲ၊ ခွဲထွက်သွားမယ့်လူတွေ ပေါ်မလာစေမယ့် နိုင်ငံရေးစိတ်ဓာတ် တခုတည်းရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ်—“ စသဖြင့် ထိမိပြတ်သားတဲ့ စကားလုံးတွေ သုံးတယ်။

၁၉၂၀ ပြည့်၊ပထမ ကောလိပ်သပိတ်ကာလ ဒီးဒုတ်ဦးဘချိုတို့ အမျိုးသား တက္ကသိုလ်ထူထောင်ဖို့ လုပ်ဆောင်ကြချိန်မှာ မောင်အောင်ဆန်းမသကာရှိ ၅ နှစ်သား၊ ကကြီးခခွေးတောင် တတ်မှတတ်သေးရဲ့လား။ အဲဒါက အကြောင်းမဟုတ်၊ အဓိကက သူ့ရဲ့အမြော်အမြင်ကြီးမားမှုနဲ့ ပြတ်သားတဲ့ခေါင်းဆောင်မှုကြောင့် ဒီးဒုတ်ဦးဘချိုသာမက သခင်နုအပါအ၀င် အားလုံးက လက်ခံခဲ့ကြရတာပါ။

သူ့ရဲ့တခြားမိန့်ခွန်းများကို လေ့လာကြည့်ကြရအောင်။

ဒီဘက်ကပ်လိုက် ဟိုဘက်ပါလိုက် လုပ်နေသူတွေကို ဆိတ်လစေ့လို့သုံးတာနဲ့ သတင်းစာထဲကနေ ကာတွန်းဦးဘဂျမ်းက ဆိတ်တကောင်က သူ့ပေါင် နှစ်ဖက်ကို အ၀တ်နဲ့စီးထား၊ ခပ်ပြုံးပြုံးမျက်နှာလေးနဲ့ “ဒါလေးတော့ ချမ်းသားပေးပါ ဗိုလ်ချုပ်ရယ်” ဆိုတဲ့ပုံနဲ့ ကလိလိုက်တာကို သိပ်သဘောကျသွားတာမို့၊ “..အဲဒီလို ခပ်ရိုင်းရိုင်းပြောမှလည်း လူတွေကမှတ်မိကြမှာ ဟဲဟဲ…” လို့ ပြောသွားတာ သတိထားမိကြမှာပေါ့။

သူက လယ်သမားကို လယ်သမားလို့သာခေါ်ကာ လယ်လုပ်သူတိုင်းလယ်ပိုင်ရေး။ ဦးကြီးလို့ခေါ်သူတွေက လယ်တွေသိမ်းပိုက်နေတယ်။

“ခင်ဗျားတို့ရဲ့ အကျင့်ဆိုးတွေ၊ စောက်ကျင့်တွေ” လို့သူပြောတာ ဘာဖြစ်လို့ ကျနော်တို့နားဝင်ချို ခေါင်းထဲစွဲနေပြီး၊ “မိဘပြည်သူများ ခင်ဗျား” ဆိုတဲ့အသံ နားခါးနေရတာလဲ။

တုတ်ဆွဲ ဓားဆွဲ မော်တော်ဆိုင်ကယ် တပ်တွေနဲ့ အုပ်စုဖွဲ့ထင်တိုင်းကြဲ နေကြတာတွေကို ကျနော်တို့ မျက်စိမှိတ် ပါးစပ်ပိတ်ကြည့်နေကြရင်၊ လွတ်လပ်ရေးမရသေးဘူး၊ လမ်းပေါ်ဆေးရိုးလှမ်းနေတဲ့ စည်းကမ်းမဲ့မှုကို ထောက်ပြတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ရာရောက်ပါ့မလား။

မောင်အောင်ဆန်းအဖို့ “ဒေါ်စုသည်အမိ၊ ဦးဖာသည်အဖ”၊ ဗိုလ်ချုပ်အောင်ဆန်းအဖို့ကတော့ “လူထုသည်သာအမိ လူထုသည်သာအဖ” ဆိုတာ သူမပြောပေမယ့် ဘာဖြစ်လို့ သူချစ်တဲ့ပြည်ထောင်စုသား အားလုံးကသိနေကြရတာလဲ။

သာမန်လူ တယောက်ချင်းရဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားသလို၊ သာမန်လူ တယောက်ချင်းရဲ့ အစွမ်းအစကိုလည်း သူသိတယ်၊ ယုံတယ်။ အဲဒီလိုလူတွေ စုစည်းညီညွတ်လာရင် ဧရာမစွမ်းအားဖြစ်လာကာ ဘယ်လောက်မှောင်မိုက် ကြီးမားပါစေ၊ ထိုးဖောက်ဖြိုခွင်းနိုင်တယ်ဆိုတဲ့ တွေးမြင်မှုကို သူ့အကြောင်းစာအုပ်တွေမှာ တွေ့ရတယ်။ ရှာကြ ဖွေကြ၊ ဖတ်ကြ လေ့လာကြပါ။

ဒါမှသာ သူ့လိုလူထူကြား တသားတည်းနေတဲ့ လူထုခေါင်းဆောင်အစစ် ရလာမှာ။ ပဒေသာပင်ဆိုတာ မြေကြီးအလိုလို ပေါက်လာမှာ မဟုတ်ဘူလို့ ကြိုမြင်ကြိုတင် သတိပေးသွားတယ်လေ။ သူ့ကိုသေးသိမ်အောင်၊ သူ့အခန်းကဏ္ဍကို မှေးမှိန်အောင် စနစ်တကျလုပ်နေကြတာ မတွန်းလှန်နိုင်ရင်၊ သူ့ဘွဲ့မရပါဘူးဆိုရာကနေ တနေ့သောအခါမှာ ရဲဘော်သုံးကျိပ်ကို ဦးဆောင်တဲ့ ဗိုလ်တေဇဟာ အောင်ဆန်းမဟုတ်ဘူး ဆိုတဲ့အထိ ရောက်မသွားဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။

၂၀၁၆ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ ကွယ်လွန်သွားတာ ၆၉ နှစ်ပြည့်တော့မယ်၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကနည်းနည်း ကိုယ့်အကြောင်းကများများ၊ ယုတ္တိမဲ့ အရေးအသားများကြား ရွေးဖတ်ကြပါ။ စာတတ်လို့ စာဖတ်မှတော့ အညံ့မခံကြပါနဲ့။ အာဇာနည်နေ့ အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ ဆိုသလို ပွဲပြီးမီးသေမဖြစ်စေချင်ပါ။

လေ့လာလိုပါက

၁။ လူတွေကြားက လူအောင်ဆန်း (ဘ၀တက္ကသိုလ်စာပေထုတ်)

၂။ The Leadership by John F. Kennendy တို့ကိုဖတ်ဖို့ တိုက်တွန်းပါရစေ။

ဝင်းအောင်ကြီး

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၇)၊ ဇူလိုင်လ ၂၀၁၆ ခုနှစ်ထုတ်တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts