သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – သွေးစွန်းသမိုင်းမှသည် အနာဂတ်သစ်ဆီသို့

 
ငြိမ်းချမ်းအေး – သွေးစွန်းသမိုင်းမှသည် အနာဂတ်သစ်ဆီသို့
(The Ladies News / မိုးမခ) ၁၉ ဇူလိုင်၊ ၂၀၁၆

 

လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် ခေတ်စနစ်မှာတော့
သမိုင်းက သွေးစွန်းခဲ့မှု အစုစု ဒဏ်တွေ၊ နောက်ဆက်တွဲ အမုန်းတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရေစင်ပက်ဖျန်း ဆေးကြောကာ၊ သတ်ဖြတ်မှုတွေအားလုံး ကျော်လွှား ချေဖျက် သမိုင်းသစ်တွင်ဖို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုက မျှော်လင့်နေကြပါတယ်။

တိုင်းပြည်မှာ လက်နက်ကိုင် ဖိနှိပ်ခြင်းဓလေ့၊ အင်အားကြီးသူ အောင်နိုင်တဲ့ တောတွင်းလုပ်ထုံး၊ အကြမ်းဖက်ဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ သွေးစွန်းရက်စွဲများ လုံးဝ ရပ်တန့် ပပျောက်အောင် လူထု၊ အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းများနဲ့ အင်အားကြီး တပ်မတော်တို့ ပူးပေါင်း ဒီမိုကရေစီ လောက နိဗ္ဗာန်တည်ဆောက်နိုင်ဖို့ မျှော်ရည်နေကြပါတယ်။ အမှန်တကယ်ဖြစ်မြောက်အောင်လည်း ဝိုင်းဝန်းကြိုးစားဖို့လိုပါတယ်။

ဒီနည်းဖြင့်သာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်များ ကျဆုံးခဲ့ရတဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကို အကောင်းဆုံး တသ အောက်မေ့ ဝမ်းနည်း အထိမ်းအမှတ်ပြုခြင်း မည်ပါမယ်။



၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ သမိုင်းဝင် လုပ်ကြံခံရမှုဖြစ်စဉ်ကြီးမှာ သမိုင်းသင်ခန်းစာထုတ် ဆင်ခြင်စရာအများကြီး ရှိပါတယ်။ ဥပမာ – မြန်မာပြည်ရဲ့ ကိုလိုနီသူ့ကျွန်ဘဝအောက်က ရုန်းထွန်ရာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ နိုင်ငံသား လူမျိုး၊ ဘာသာစုံ ပါဝင်ခဲ့တယ်ဆိုတာကိုလည်း လုပ်ကြံခံရချိန် လူမျိုး၊ ဘာသာ အရောင်အသွေးစုံပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ကက်ဘိနက်က သက်သေပြနေပါတယ်။

ဒါ့အပြင် လုပ်ကြံမှုနောက်ကွယ်မှာ အကျိုးအာဏာစီးပွား ရောယှက်ဆက်စပ် ပါဝင်ပတ်သက်ခဲ့ကြတဲ့ လက်ရင်း တရားခံ မျိုးချစ်အယောင်ဆောင် လက်ယာစွန်း ဦးစောနဲ့ အပေါင်းအပါများ၊ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးယူရင်း တည်ဆောက်နေတဲ့ လက်ဝဲအင်အားစုများနဲ့ ညီညွတ်ရေးလမ်းစဉ်ကို မလိုလားတဲ့ လက်ယာဖောက်ပြန်ရေးသမားများနဲ့ ဖဆပလ အတွင်းရှိ ဆိုရှယ်လစ်အုပ်စုများ၊ သွေးထိုး မြှောက်ပင့် နောက်ကွယ်က ထောက်ပံ့ပေးခဲ့သူ အင်္ဂလိပ်အရင်းရှင်အစိုးရနဲ့ ကုန်သည်ကြီးများ စတဲ့ နောက်ခံသမိုင်းအကျယ်ကိုလည်း ခြုံငုံသင်ခန်းစာ ယူတတ်ရပါမယ်။

အရေးကြီးဆုံး သင်ခန်းစာယူစရာ တခုကတော့ ပဒေသရာဇ်ခေတ် လူသတ်နန်းလုဓလေ့ဟာ ခေတ်သစ်တိုင်းပြည်သမိုင်းမှာလည်း ကျင့်သုံးခဲ့တယ် ဆိုတာပါပဲ။ တွင်ကျယ်ဆဲလို့လည်း ဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက်သွေး လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးဘဝ၊ ဒီမိုကရေစီခရီးကြမ်း တလျှောက်ကို လေ့လာကြည့်ရင် ဖိနှိပ်အုပ်စိုးခဲ့သူ အာဏာပိုင်များရဲ့ အသက်ကိုရန်ရှာတဲ့အထိ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာကို တွေ့နိုင်ပါတယ်။ ၂၀၀၃ မေ ၃၀ ဒီပဲယင်း လူသတ်အကြမ်းဖက်မှုကြီးကနေ သီသီကလေး အသက်ဘေးလွတ်ခဲ့ရတာက သက်သေပါပဲ။

မြန်မာ့နိုင်ငံရေးဓလေ့မှာ အာဏာအတွက် အသက်လုပ်ကြံခံရခြင်း အခြား သာဓကများစွာလည်း ရှိပါသေးတယ်။

လွတ်လပ်ရေးယူခါနီး ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ ဖွား -၁၉၄၇ ဆုံး) အစိုးရအဖွဲ့ရဲ့ စီးပွားရေးဝန်ကြီး အင်္ဂလိပ်ခေတ် ရှေးဦး အိုင်စီအက်စ် အရာရှိ ဦးတင်ထွဋ် (၁၈၉၅ ဖွား – ၁၉၄၈ ဆုံး) ဆိုရင်လည်း ၁၉ ဇူလိုင် လုပ်ကြံခံရမှုမှာ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီး အသက်ဘေးက လွတ်ခဲ့ပေမယ့် နောက် တနှစ်အကြာ ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကားပေါ်ဗုံးခွဲလုပ်ကြံခံခဲ့ရပါတယ်။ ၁၉ ဇူလိုင် သမိုင်းဝင် လူသတ်ပွဲကြီး နောက်ဆက်တွဲ ကွင်းဆက်ထဲမှာပါတဲ့ နိုင်ငံရေးလုပ်ကြံမှု တခုပါပဲ။လွတ်လပ်ပြီး တိုင်းပြည်ရဲ့ ပထမဆုံး သမ္မတ ရှမ်းအမျိုးသား စဝ်ရွှေသိုက် (၁၈၉၄ ဖွား – ၁၉၆၂ ဆုံး) ဆိုရင်လည်း ၁၉၆၂ ဗိုလ်ချုပ်နေဝင်း (၁၉၁၀ ဖွား – ၂၀၀၂ ဆုံး) စစ်အာဏာသိမ်းတက်ခဲ့တဲ့ တော်လှန်ရေးစစ်ကောင်စီလက်ထဲမှာ နိုင်ငံရေးနဲ့ လူနည်းစု လူမျိုးစုရေးရာအရ ဖမ်းဆီးထိန်းသိမ်း ထောင်အတွင်းမှာပဲ သတ်ဖြတ်ခံခဲ့ရပါတယ်။ သူ့သားတယောက်ဆိုရင်လည်း ၁၉၆၂ မတ်လ ၂ ရက်နေ့ စစ်အာဏာသိမ်းစဉ်မှာ သတ်ခံခဲ့ရပါတယ်။

ဟိုတလောက လူ့အခွင့်အရေးနဲ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် မှာ ပြသခွင့်ပိတ်ခံထိခဲ့တဲ့ “Twilight over Burma” ရုပ်ရှင်ဇာတ်လမ်းရှင် သီပေါစော်ဘွား စပ်ကြာဆိုင်ဆိုလည်း ဗိုလ်နေဝင်း စစ်အစိုးရ ထောင်အတွင်းမှာ လက်စဖျောက် သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

လက်ရှိခေတ်လို့ ဆိုနိုင်တဲ့ အချိန်ထိလည်း ကရင်လူမျိုးစုတော်လှန်ရေးတပ်ခေါင်းဆောင် KNU (Karen National Union) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလဖန် (၁၉၄၃ ဖွား – ၂၀၀၈ ဆုံး) တယောက် ၂၀၀၈ ဖေဖော်ဝါရီ ၁၄ Valentine’s Day မှာ လုပ်ကြံခံရခြင်းလို နိုင်ငံရေးဆက်စပ် သွေးစွန်းတဲ့ သတ်ဖြတ်မှုတွေ ဖြစ်နေဆဲပါပဲ။

ကရင့် တော်လှန်ရေးသမိုင်းအတွက် ခေါင်းဆောင်မှု အပိုင်း၊ နိုင်ငံရေးအရ အကြီးကျယ်ဆုံး ဆုံးရှုံး လုပ်ကြံခံရမှု ကတော့ ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ မှာ အစိုးရစစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းခံခဲ့ရတဲ့ KNU ပထမဆုံး ဥက္ကဋ္ဌ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး (၁၉၀၅ ဖွား – ၁၉၅၀ ဆုံး) လုပ်ကြံခံခဲ့ရမှုပါ။ ဒီစစ်ဆေးရေးမှာ အောက်ခြေအရာရှိအဖြစ် ပါဝင်ခဲ့သူ စစ်ဗိုလ်တဦးကတော့ ၁၉၈၈ ခုနှစ် လုထူအုံကြွမှုကြီးကာလ ၁၇ ရက်တာ သမ္မတ ဘဝ မှာ “The Butcher of Rangoon — ရန်ကုန်မြို့ရဲ့ သားသတ်သမားကြီး” အဖြစ် သမိုင်းနာမည်ဆိုးတွင်ခဲ့သူ ဗိုလ်မှူးချုပ်စိန်လွင် (၁၉၂၃ ဖွား – ၂၀၀၄ ဆုံး) ပါပဲ။ စောဘဦးကြီး ရုပ်အလောင်းကိုဆိုရင် အစိုးရစစ်တပ်က နောင်မှာ နိုင်ငံရေးအရ အထိမ်းအမှတ်ပြုမှု၊ ကရင့်တော်လှန်ရေး အမှတ်အသား အဖြစ်ဂုဏ်ပြုမှု ဖြစ်မှာ မလိုလားတဲ့ အတွက် တရားဝင် ဂူသွင်း မြှုပ်နှံခွင့်မပေးပါဘူး။ မီးရှို့ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။ ပြာကို ပင်လယ်ထဲလွှင့်ပစ်လိုက်တယ် ဆိုကြပါတယ်။

အစိုးရစစ်တပ်ရဲ့ တိုင်းရင်းသားဒေသ စစ်ဆင်ရေးတွေ ပြည်တွင်းစစ်ဗျူဟာတွေမှာ ကျင့်သုံးတယ်လို့ နိုင်ငံတကာနဲ့ လူမျိုးစုတော်လှန်ရေးတပ်တွေက အမြဲ စွပ်စွဲ ခံရလေ့ရှိတဲ့ အစိတ်သားလည်း မချန်နဲ့ (ဗိုက်ထဲက ကလေးကို ပြောတာပါ) ဆိုတဲ့ ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့ အတွေးအခေါ် Mindset က ဒီလို သမိုင်းဖြစ်စဉ် နိုင်ငံရေး လုပ်ကြံမှုတွေက အခြေတည်လာခဲ့တာပါ။ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေး တိုင်းပြည်အနာဂတ်အတွက် အင်မတန် ဆင်ခြင်ဖွယ် ကောင်းပါတယ်။

ဒီလို နိုင်ငံရေးအရ အစီစဉ်တကျ အကွက်ချ သတ်ဖြတ်မှု သမိုင်းဖြစ်စဉ်ဟာ အစိုးရစစ်တပ်မှာချည်း ရှိတာမျိုးလည်း မဟုတ်ပါ။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာလက်ရုံး စစ်ခေါင်းဆောင် ဗိုလ်လက်ျာ (သခင်လှဖေ ၁၉၁၁ ဖွား – ၁၉၇၉ ဆုံး) ဆိုရင်လည်း ၁၉၆၂ စစ်အာဏာသိမ်း ဗိုလ်နေဝင်း အစိုးရကို လက်နက်ကိုင်ပြန်လည် တော်လှန်ဖို့ သူဦးဆောင် ဖွဲ့စည်ခဲ့တဲ့ “ဗမာ့မျိုးချစ်တပ်မတော် (၁၉၆၉ မှာ ဖွဲ့) နဲ့အတူ တောတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေစဉ် နိုင်ငံရေးအရ မဟာမိတ်ပြုထားတဲ့ KNU ခေါင်းဆောင်မှု အကွဲအပြားမှာ KNU ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အခြား ရဲဘော်သုံးကျိပ်ဝင် တယောက်ဖြစ်သူ ဗိုလ်ဇေယျ (သခင်လှမောင် ၁၉၁၃ ဖွား – ၁၉၆၈ ဆုံး) ဆိုရင်လည်း ကွန်မြူနစ်ပါတီရဲ့ စစ်ခေါင်းဆောင်ဘဝနဲ့ ၁၆ ဧပြီ ၁၉၆၈ မှာ ဗိုလ်နေဝင်းအစိုးရတပ် လက်ချက်ကြောင့် တိုက်ပွဲကျခဲ့ရတာပါပဲ။

သူ့ကျွန်ဘဝ လွတ်မြောက်ရေး သမိုင်းမှာ အရေးကြီး ကဏ္ဍအဖြစ်ပါခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုကြည့်ရင်လည်း ခေါင်းဆောင် သခင်သန်းထွန်း (၁၉၁၁ ဖွား – ၁၉၆၈ ဆုံး) ဟာ အစိုးရတပ်ဆီ လက်နက်ချမယ့် လက်အောက်ငယ်သားများရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ် (စက်တင်ဘာ ၂၄၊ ၁၉၆၈)။ သခင်သန်းထွန်း ဖော်ဆောင်ခဲ့တဲ့ မူဝါဒအမှား ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်စဉ် ၁၉၆၇ လမ်းစဉ်မှာဆိုရင်လည်း သမိုင်းဆိုးတွင်ခဲ့တဲ့ ဖြုတ်ထုတ်သတ် ဖြစ်စဉ်တွေ အကြီးအကျယ် ဖြစ်ခဲ့တာ သမိုင်းအထင်အရှားပါပဲ။ စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့ပြီး ၁၉၆၂ ခုနှစ် 7th July ဖြစ်စဉ်လို ဗိုလ်နေဝင်းရဲ့ စစ်တပ်က အကြီးအကျယ် နှိပ်ကွပ် သတ်ဖြတ်ခံရမှုကြောင့် နိုင်ငံရေးနည်းသာမက၊ စစ်ရေးနည်းနဲ့ပါ တန်ပြန်ဖို့ တောတွင်းရောက်လာခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတချို့ အသက်စတေးခဲ့ရပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် (သခင် လှမြိုင် ၁၉၁၇ ဖွား – ၁၉၆၇ ဆုံး) တောင် သတ်ဖြတ်ခြင်းခံခဲ့ရပါတယ် (ဒီဇင်ဘာ ၂၆၊ ၂၉၆၇)။

ကချင်လက်နက်ကိုင် တော်လှန်ရေး သမိုင်းကို လေ့လာရင်လည်း KIO (Kachin Independence Organization) အတွင်း အာဏာလုပွဲနဲ့ နိုင်ငံရေးအယူဝါဒ ကွဲပြားမှုတွေကြောင့် ဇော်တူး၊ ဇော်ဆိုင်း အစရှိသူတို့ လုပ်ကြံခံခဲ့ရတယ် အဖြစ်အပျက်တွေ ရှိပါတယ်။

ဆိုချင်တာက မြန်မာ့နိုင်ငံရေး မျက်မှောက်နဲ့ အတိတ်သမိုင်း ဓလေ့မှာ ရှေးပဒေသရာဇ်ခေတ်ကတည်းက တည်ရှိခဲ့တဲ့ လူသတ်အာဏာယူထုံး၊ လက်နက်နဲ့ နိုင်ငံရေးရာပြဿနာကို ဖြေရှင်းကြတဲ့အလေ့ဟာ ဝမ်းနည်းဖွယ် တွင်ကျယ်နေခဲ့၊ နေဆဲဆိုတာပါ။ နောင်အနာဂတ်သမိုင်းလှဖို့ဆိုရင်တော့ အတွေးအမြင် အယူဝါဒ မတူသူတွေ အချင်းချင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းရေး အလေ့အကျင့်ကို ဒီမိုကရေစီယဉ်ကျေးမှု စနစ်အောက်မှာ ပြုစုပျိုးထောင် အမှန်တကယ် လက်တွေ့ကျင့်သုံးကြဖို့လိုပါတယ်။

ဒီဓလေ့ဟာ အခုအထိ အခြေမတည် အလုပ်မဖြစ်သေးဘူးဆိုတာကို ဒီမိုကရေစီခေါင်းဆောင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ စစ်အာဏာရှင်စနစ်အမွေခံ စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်များ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြတဲ့ အပွင့်ဆိုင်တွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလုံးစုံ အောင်မြင်ပြီးမြောက်ခြင်း မရှိဖြစ်ခဲ့တဲ့ အသွင်ပြောင်း ပြီးခဲ့တဲ့ စစ်တပိုင်းအစိုးရ ငါးနှစ်တာက ပြသခဲ့ပြီးပါပြီ။ တိုင်းရင်းသားအရေးမှာ အဖြေရှာမရရင် အဆုံးမှာ လက်နက်ချည်း ပြန်ကိုင် တိုက်နေကြတာ မျက်မြင်ပါပဲ။

လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် ခေတ်စနစ်မှာတော့ သမိုင်းက သွေးစွန်းခဲ့မှု အစုစု ဒဏ်တွေ၊ နောက်ဆက်တွဲ အမုန်းတွေကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ရေစင်ပက်ဖျန်း ဆေးကြောကာ၊ သတ်ဖြတ်မှုတွေအားလုံး ကျော်လွှား ချေဖျက် သမိုင်းသစ်တွင်ဖို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုက မျှော်လင့်နေကြပါတယ်။ တိုင်းပြည်မှာ လက်နက်ကိုင် ဖိနှိပ်ခြင်းဓလေ့၊ အင်အားကြီးသူ အောင်နိုင်တဲ့ တောတွင်းလုပ်ထုံး၊ အကြမ်းဖက်ဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ သွေးစွန်းရက်စွဲများ လုံးဝ ရပ်တန့် ပပျောက်အောင် လူထု၊ အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းများနဲ့ အင်အားကြီး တပ်မတော်တို့ ပူးပေါင်း ဒီမိုကရေစီ လောက နိဗ္ဗာန်တည်ဆောက်နိုင်ဖို့ မျှော်ရည်နေကြပါတယ်။ အမှန်တကယ်ဖြစ်မြောက်အောင်လည်း ဝိုင်းဝန်းကြိုးစားဖို့လိုပါတယ်။ ဒီနည်းဖြင့်သာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်များ ကျဆုံးခဲ့ရတဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကို အကောင်းဆုံး တသ အောက်မေ့ ဝမ်းနည်း အထိမ်းအမှတ်ပြုခြင်း မည်ပါမယ်။

နိဂုံးချုပ်ရရင် မြန်မာ့နိုင်ငံရေး ဓလေ့မှာ အခြေတည်နေတဲ့ လက်နက်နဲ့ အင်အားသုံး လူသတ်ဖြေရှင်းတဲ့ ဓလေ့ ဘယ်လောက် အခြေခံကျကျ အရိုးစွဲ တည်ရှိနေတယ်ဆိုတာကို သိမြင် အမှန်ပြင်နိုင်ဖို့ မဖြစ်မနေလိုနေပါတယ်။ လူသတ်အကြမ်းဖက်ဝါဒ၊ လက်နက်အားကို အာဏာယူ၊ အားကြီးသူနိုင်ရာစားတဲ့ ပဒေသရာဇ် အတွေးအခေါ်၊ စစ်အာဏာရှင်ဓလေ့တွေ အမြန် ပျောက်ဖို့လိုနေပါတယ်။ ရက် ၁၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ပြည်သူ့အစိုးရ ဖြတ်သန်းရမယ့် လာမယ့် ၅ နှစ်တာ ခေတ်စနစ် မြန်မာ့နိုင်ငံရေးမှာ လက်နက်အားကိုး မင်းမူ ထင်တိုင်းကြဲ ခြယ်လှယ်တာတွေ အဆုံးသတ်နိုင်ဖို့ လက်နက်ကိုင်ထားသူ တပ်မတော်နဲ့ ဗိုလ်ချုပ်အဟောင်း အသစ်ကြီးများကို သတိပေး မေတ္တာရပ်ခံတိုက်တွန်းပါတယ်။ ဒီမိုကရေစီအရိပ်အာဝါသအောက်ကိုဝင် လက်နက်အားကိုး နိုင်ငံရေးအာဏာ၊ အုပ်ချုပ်ရေး နေရာယူတတ်တဲ့ အကျင့်တွေ ဖျောက်နိုင်ဖို့ မျှော်လင့်ပါကြောင်း မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ တိုင်းပြည်အထိနာလှဆုံး လူသတ်လုပ်ကြံ အကြမ်းဖက်ခံခဲ့ရမှုကြီး ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ၁၉ ဇူလိုင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရခြင်းသမိုင်းကို အခြေခံ သွေးစွန်းသမိုင်းများကတဆင့် သင်ခန်းစာယူနိုင်ဖို့ရာ တင်ပြဆွေးနွေးလိုက်ကြောင်းပါ။

လူသတ်အကြမ်းဖက်ဝါဒကျဆုံးပါစေ … …။

ငြိမ်းချမ်းအေး
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် – nyeinchanaye81@gmail.com)

(The Ladies Journal တွင်လည်း ဖော်ပြခဲ့သည်။)
https://web.facebook.com/News.TheLadies/posts/594983450676628:0
http://theladiesnewsjournal.com/articles/mon-2016-07-18-1322/2796

ဧရာဝတီတွင်လည်း “သွေးစွန်းသမိုင်းက သင်ခန်းစာယူပါ” အမည်ဖြင့် အလားတူ ရေးသားခဲ့ဖူးသည်။
http://burma.irrawaddy.org/opinion/viewpoint/2015/07/29/78746.html

Title Photo Photo taken by Auchwaswisser (31. Oct. 2006), tatue of Aung San on Natmauk Road on the northern shore of Kandawgyi Lake in Yangon.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts