ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၁

တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး စခန်းတခုဖြစ်သည့် ထီးခီးဂိတ်ပြဿနာ နှစ်ဘက်ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပြီးနောက် (ဧရာဝတီ) ဇူလိုင် ၆၊ ၂၀၁၆


ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၁

(မိုးမခ) ဇူလိုင် ၁၉ ၂၀၁၆

၁။ အစိုးရ၊တပ်မတော် နဲ့ နှစ်ပေါင်း(၆၀)ကြာ အချိန်ကြာရှည်စွာ တိုက်ပွဲ ဖြစ်ပွါးခဲ့တဲ့ KNU ကို အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ယခင် တပ်မတော်အစိုးရတုံးက ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှူမရဘဲ ပျက်ပြားခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နှစ်ဖက်ညှိနှိုင်းသူများဟာ အချိန်၊ ငွေကြေး (နိုင်ငံတကာ အထောက်အပံ့မရ
သေးခင်) စိုက်ထုတ်ရသလို၊ မိမိပင်မအလုပ်တာဝန်ကို ပစ်ပယ်ထားရပြီး ကိုယ်ရေးကိုယ်တာ ဘေးချိတ်ကာ လူရော စိတ်ပါ အာရုံစူးစိုက် အားထည့်ရတာကြောင့် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ရတယ်လို့ ငြိမ်းချမ်းရေးစင်တာနဲ့ နီးစပ်သူများက ဆိုပါတယ်။ နှစ်ဖက်ယုံကြည်ဖို့ လိုလားချက်၊ မူဘောင်တွေကို ရရှိနိုင်ရေး အစိုးရနဲ့ တပ်မတော်တို့ရဲ့မဟာဗျုဟာ မူဝါဒလိုင်းပေါ်မှာ ချဉ်းကပ်နိုင်စေမည့် နည်းဗျုဟာတွေကို စဉ်းစားချင့်ချိန်ရသလို  တဖက်ရင်ထဲက ဘာရှိနေလဲ ဆိုတာခန့်မှန်းရခက်တဲ့ စိတ်ဖိအား၊ မီဒီယာတွေရဲ့ ဆွေးနွေးပွဲရလဒ် မေးခွန်းတွေအား ဖြေကြားရတဲ့ အလုပ်တွေကို ထိန်းထိန်းသိမ်းသိမ်း ငြိမ်းချမ်းရေးစင်တာက လုပ်နေခဲ့တယ်လို့ ဆိုကြပါတယ်။

၂။ KNU ဘက်မှာလည်း ခံစားခဲ့ရတဲ့ ဒုက္ခဆင်းရဲ၊  သေကြေဒဏ်ရာရ အနာအိုင်းကြီးလိုဖြစ်ခဲ့ရတာမို့ NCA စာချုပ် ချုပ်ဆိုဖို့အရေး သဘောထားတင်းမာသူများရဲ့ထောက်ပြဝေဖန်မှူတွေ၊ အစိုးရနဲ့တပ်မတော်က ဂတိတည်မှာလား၊ စာချုပ်ကို အကာအကွယ်ယူကာ နယ်မြေချဲ့ထွင် အင်အားတိုးချဲ့ အခိုင်အမာတည်ဆောက်ကာ အနိုင်ကျင့်လာမယ် စတဲ့ မေးခွန်း တွေနဲ့ သံသယတွေက လွှမ်းမိုးနေတာမို့အချင်းချင်း နားချ ဖြေရှင်းခဲ့ဟန်တူပါတယ်။ တိုင်းရင်သား လူထုဘက်ကသာ ငြိမ်းချမ်းရေးငတ်မွတ်မှုရှိနေတာကြောင့် အားသာချက်ရှိပေမဲ့လို့ သဘောထားတင်းမာသူများထောက်ပြသလို အစိုးရကဘဲဖြစ်ဖြစ်၊ တပ်ကဘဲဖြစ်ဖြစ် ဖေါက်လာခဲ့ရင် လက်မှတ်ရေးထိုးသူ KNU ထိပ်ပိုင်းလူကြီးများအဖို့ တာဝန်ရှိလာမှာ ဖြစ်လာမှာမို့ အထူးသတိထားပြီး လုပ်ကိုင်ခဲ့ဟန်တူပါတယ်။ တိုင်းရင်းသားတွေဘက်က စိုးရိမ်ပူပန်မှူ လျော့ကျသွားစေတာကတော့ NCA စာချုပ်ကို ပြောင်းလွယ် ပြင်လွယ်လုပ်ထားပြီး နှစ်ဖက်စေတနာမှန်မှန် တစိုက်မတ်မတ် လုပ်ထားတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံ အသိအမှတ်ပြုလိုက်ပြီး လုပ်ငန်းစဉ်အတိုင်း ဆက်သွားမှာ ဖြစ်သလို လုပ်ငန်းစဉ်မှာ ပါခဲ့တဲ့ လူဟောင်းတော်တော်များများ ပြန်လည်တာဝန်ပေးအပ်တာမို့ မူလက တိုင်းရင်းသားတွေနဲ့ ယုံကြည်မှူ တည်ဆောက်ထားလို့ ငြိမ်းချမ်းရေးခရီးလမ်း ဆက်သွားဖို့အဆင်ပြေသွားပါတယ်။ ပိုပြီးဝမ်းသာစရာကတော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ NCA လုပ်ငန်းစဉ်တခုလုံးကို အနီးကပ်ကြပ်မတ်ရာမှာ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ NRPC ကိုလည်း သူမကိုယ်တိုင် ထပ်ပြီး ဦးဆောင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ POWER SHARING နဲ့သယံဇာတ အကျိုးစီးပွါးခံစားခွင့်လိုမျိုး ကျယ်ပြန့်နိုင်လို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့အကြံပေးအဖွဲ့ ဖွဲ့ခဲ့ပါတယ်။ အကြံပေးအဖွဲ့ခေါင်းဆောင်အား တပ်မတော်က ဗိုလ်ချုပ် အောင်ကြည်(ငြိမ်း) အပါအဝင် ပညာရှင်များနဲ့ ဝိုင်းရံထားတာ တွေ့ရပါတယ်။

၃။ ယနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့UNFC ခေါင်းဆောင်များတွေ့ဆုံပွဲလုပ်နေတာမို့ ကြိုဆိုပြီး အရှိန်အဟုန်နဲ့ သွားနေတာကို ဝမ်းသာမိပါတယ်။ စာရေးသူ ဆောင်းပါးတင်ပြရတဲံ့ ရည်ရွယ်ချက်ဟာ တိုင်းရင်းသားများ စိုးရိမ်မှု မဖြစ်ပွါးစေရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဏမှာ ပါဝင်မည့် တိုင်းဒေသကြီး ၊ပြည်နယ် အစိုးရအဖွဲ့တွေနဲ့တိုင်းမှူးများက ပင်လုံညီလာခံ ဖြစ်မြောက်ရေး ဝိုင်းရံပေးဖို့ အပြုသဘော တိုက်တွန်းထားပါတယ်။ တပ်မတော်က အရာရှိကြီးတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးအရ ပြန်လည် လက်တွဲလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာ ရောင်ပြန်ဟပ်တဲ့ ရလဒ်ကတော့ ယခင်တပ်မတော်က တင်းမာစွာရပ်တည်ထားတဲ့ NCA လက်မှတ်မထိုးသူ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲမှာ  မတက်ရဆိုတာကို တပ်ချုပ်က လိုက်လျောပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ခရီး ဖြောင့်ဖြုးဖို့ ရောင်ခြည်သန်းနေချိန်မှာ တိမ်တိုက်တခုဖုံးလွှမ်းသွားတာမို့ဘယ်သူတွေက တိမ်တိုက်အဖြစ် ဟန့်တားသလို ဖန်တီးနေကြသလဲဆိုတာ ဟိုလေးကျော်သွားတဲ့ ဖြစ်စဉ်အား တင်ပြသွားပါ့မယ်။

၎။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ခရီးအစမှာ KNU ရဲ့ပထမဆုံး မီးရှူးသန့်စင်ပေါက် ဖွား လာတဲ့ အစိုးရ ငြိမ်းချမ်းရေးကို ယုံကြည်မှု စ ပေးလာတဲ့ တပ်မဟာကတော့ တနင်္သာရီတိုင်းဒေသကြီး KNU မြိတ်ထားဝယ်ခရိုင်နဲ့တပ်မဟာ(၄) ဖြစ်ပြီး အဲဒီနောက် တပ်မဟာ(၆)က ပါ လိုက်လာကာ တပ်မဟာ (၇) နဲ့ ကျန် တပ်မဟာများ ဆက်တိုက် လိုက်လာ ပါတယ်။ အထူးသဖြင့် တပ်မဟာ(၄)က စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး စောမူကယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါဝင်သလို တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဒုဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ယူ ထားသူဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် ဇွန်လ (၂၀)ရက်မှာ တပ်မဟာ(၄) က စခန်းထိုင်ထားတဲ့ တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြန်မာ-ထိုင်း နယ်စပ်ဂိတ်အနီး ထီးခီးဂိတ်အား (၃) ရက်အတွင်း ဖယ်ရှားပေးဖို့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ယာယီ စစ်ဗျုဟာမှူး ဒုဗိုလ်မှူးကြီး သိန်းလင်းက အမိန့်ပေးခဲ့ရာမှ အချေအတင်ဖြစ်ခဲ့ရာ တပ်မဟာ (၄) စစ်ဆင်ရေးမှူး
ဗိုလ်မှူးကြီးစောမူကယ်က စိတ်ပျက်ကာ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-S) ဒုဥက္ကဋ္ဌ (၁) တာဝန်မှ ၂၀၁၆၊ ဇွန်လ (၃၀) ရက်မှာ နှုတ်ထွက်သွားခဲ့ပါတယ်။

၅။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်လည်း အပူတပြင်း ထီးခီးဂိတ်ကို သွားရောက် ရှင်းလင်းလိုက်ရသလို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးက (JMC-S) အစည်းအဝေး ကပျာကယာ လုပ်ပြီး နားလည်မှုလွဲတာပါ ဆိုပြီး လေချိုသွေးကာ အဆင်ပြေသွားပြီလို့ ဇွတ် သတင်း ထုတ်ရတဲ့ အခြေအနေဆိုက်ရောက်ခဲ့ရပါတယ်။

၆။ ဒီဇာတ်လမ်းအသေးစိတ်ကို စာရေးသူ ဦးနှောက်ခြောက်ကာ လက်လှမ်းမှီသရွေ့ စုံစမ်းခဲ့ရပါတယ်။  KNU မိတ်ဆွေတွေက ဦးသိန်းစိန်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအစပိုင်း NCA စာချုပ်ကို တန်ဖိုးထားသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတင် တာထွက်မဲ့ ခရီးစဉ်မှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ စာရေးသူက သူတို့ကို မေးခဲ့ရာမှာ သဘောထားရင့်ကျက်စွာနဲ့ ရေငုံနှုတ်ပိတ် နေခဲ့ပါတယ်။ ထင်တဲ့အတိုင်း ဖြစ်လာတာဘဲလို့ အစွန်းရောက်တင်းမာသူတွေက စွပ်စွဲနိုင်ရာ ဒီဖြစ်စဉ်ကို ဖေါ်ထုတ်ဖို့ စာရေးသူဆန္ဒပြင်းပြပြီး အချက်အလက်များ ခက်ခဲစွာ စုဆောင်းရပါတယ်။ ဖြစ်စဉ်အရ တပ်မတော်၊ KNU၊ တနင်္သရီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆက်စပ်ပါဝင်နေလို့ ဘယ်သူ့တွေမှာ တာဝန်ရှိလဲ၊ အမိန့်အရ ဘယ်သူတွေက အကောင်အထည်ဖေါ်ရသလဲ၊ ဖြစ်သင့်လား၊ နောက်ကွယ်မှာ ဘာတွေ ရှိနိုင်သေးလဲ၊ ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံခရီးကို ဝန်းရံ ပံ့ပိုးပေးရမည့်အစား မိမိတို့ လုပ်ရပ်ကြောင့် ဟန့်တားနေသလို ဖြစ်သွားတာလား၊ နောင်မဖြစ်ပွါးအောင် သင်ခန်းစာ ဖေါ်ထုတ် သုံးသပ်ရပါမယ်။

၇။ ဝန်ကြီးချုပ်နဲ့တိုင်းမှူး ဆက်စပ်ဆောင်ရွက်မှု အားနည်းတာလား၊ လက်ရှိတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို အထောက်အကူပေးမဲ့  (နယ်/လုံ) ဝန်ကြီးတွေက တကယ်ကော ပံ့ပိုးရဲ့လား၊ဒီကိစ္စကို မလုပ်သင့်ကြောင်း ထိထိမိမိတင်ပြရဲ့လား၊ လူဟောင်းဆိုပြီး လုပ်ချင်ရာ လုပ်နေတာလား၊ ရှေ့တန်းစစ်ဆင်ရေးဒေသတွေမှာ ဗျူဟာမှူး၊ တပ်ရင်းမှူးတွေက ဂိတ်တွေကို ယခင်လို မထိုင်ရတာမို့ EMOTION မြှင့်နေတတ်သလား၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့တိုင်းမှူးတွေက ထိပ်ပိုင်းခေါင်းဆောင်တွေ သွားနေတဲ့ လမ်းကြောင်းမူဝါဒ၊ NCA စာချုပ်၊ လုပ်ထုံးလုပ်နည်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို မာတိကာ ကြည့်ယုံနဲ့ မပြီးဘဲ သေသေချာချာ လေ့လာပြီးရဲ့လား၊ စိတ်ကော ဝင်စားကြရဲ့လား၊

(အပိုင်း ၈ ကို မိုးမခအယ်ဒီတာက ဖြုတ်ထားပါသည်)

၉။ ထားဝယ်ခရိုင် ထီးခီးဂိတ်မှာ ရှိတဲ့ အစိုးရဌာနဆိုင်ရာတွေကတော့ နယ်စပ်ကုန်သွယ်ရေး၊ လဝက၊ စရဖ၊ ရဲတပ်ဖွဲ့ တို့ဖြစ်ပြီး နယ်စပ်ဝင်ထွက်သွားလာတဲ့ ကုန်စည်တွေအပေါ် တရားမဝင်ညှိနှိုင်းကာ ပုံစံအမျိုးမျိုးနဲ့အပိုဝင်ငွေရအောင် အကြံအဖန်လုပ်ကြတယ်လို့သိရပါတယ်။ KNU ကလည်း အကောက်ဂိတ်ဖွင့်ပြီး အခွန်ကောက်ကာ လွန်ခဲ့တဲ့ (၄) နှစ်ကာလကမှ စခဲ့တယ်လို့သိရပါတယ်။ အဲဒီတုံးက ယခင်အစိုးရအနေနဲ့ ငြိမ်းချမ်းရေး စတင်တဲ့ ကာလဖြစ်တာမို့ သက်သာချောင်ချိရေး အစိုးရက မလုပ်ပေးနိုင်သေးတာမို့ နားလည်မှုနဲ့ မသိချင်ယောင်ဆောင်ပေးခဲ့ဟန်တူပြီး KNU အနေနဲ့ အာရှလမ်းမကြီး၊ မြဝတီကော့ကရိတ်လမ်းကြီးကို သဘောထားကြီးစွာ အကောက်ဂိတ်တွေ ရုပ်သိမ်းပေးလိုက်တာမို့လည်း အစိုးရက တပေါက် ဖွင့်ပေးလိုက်ဟန်တူပါတယ်။ KNU ဂိတ်ရဲ့ အားသာချက်က ရှေ့တန်းနယ်မြေတောင်ကုန်းဒေသများကို ထိုင်ထားတဲ့အတွက် တချို့ကုန်သည်တွေက လောဘဇောတက်ပြီး အခွန်မပေးချင်လို့ ဂိတ်ကိုမဖြတ်ဘဲ တဖက်နိုင်ငံကို ဝင်ထွက်ပို့သယ်ရတဲ့ ကုန်ပစ္စည်းတွေအတွက် အကောက်ကောက်ရငွေရှိတာမို့ ဝင်ငွေပိုကောင်းတယ်လို့သိရပါတယ်။

၁၀။ ဒီသတင်းကို နယ်စပ်ကုန်သွယ်ရေး လက်ထောက်ညွှန်မှူး က ယာယီစစ်ဗျုဟာမှုးနဲ့စကားလက်ဆုံကျရင်း သတင်းဖလှယ်ကြတယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကဆိုပါတယ်။ အဲဒီအခါမှာ ယာယီစစ်ဗျုဟာမှူးအနေနဲ့ EMOTION ရသွားဟန်တူပါတယ်။ စာရေးသူ တပ်မှာနေခဲ့စဉ်က တပ်မတပ်တွေက တောင်တက်၊စစ်ဆင်ရေးလုပ်နေရလို့ ပင်ပန်းဆင်းရဲသလောက် တိုင်းစစ်ဌာနချုပ်တပ်တွေက စခန်းထိုင်ရကာ အကောက်ကောက်ခွင့် ရတာမို့ စိုစိုပြေပြေ ရှိနေတာကို အချင်းချင်း မခံချိမခံသာဖြစ်ဖူးပါတယ်။ ယနေ့ခေတ်မှာ ပိုလို့တောင် ဝေးကွာ သွားကာ ဂိတ်၊ စခန်းတွေကို ရဲတပ်ဖွဲ့ကိုလွှဲပေးလိုက်ဟန်တူပြီး ယာယီစစ်ဗျုဟာမှူး အနေနဲ့ အခြားဝန်ထမ်းတွေ သာသာယာယာ ဖြစ်နေချိန်မှာ ကိုယ့်ရဲဘော် တွေက တောင်တက် ပင်ပန်းဆင်းရဲနေတာကို နှိုင်းယှဉ်ပြီး သက်သာချောင်ချိရေး အတွက် ရှာဖွေပေးချင်စိတ် FEELING ဖြစ်နေတာလား၊ သူကိုယ်တိုင်က ကိုယ်ကျိုးစီးပွါးလုပ်ချင်တာလား ဆိုတာကိုတော့ ကာယကံရှင်သာ အသိဆုံးသာဖြစ်တယ်လို့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

၁၁။ စာရေးသူ တပ်မတော်မှာနေခဲ့စဉ်က ရှေ့တန်းနယ်မြေမှာ ကြုံတွေ့ခဲ့ရတဲ့ တရားမဝင် အကောက် ကောက်တဲ့ ဖြစ်စဉ်၊ တရားမဝင် ဖြတ်သန်းသွားလာနေတဲ့ ကုန်သည်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရဲ့ ဖြစ်စဉ်ကို ယာယီစစ်ဗျုဟာမှူးဖြစ်စဉ်နဲ့ဆက်စပ်ပြီး စာဖတ်ပရိသတ် လေ့လာနိုင်အောင် မျှဝေ ပေးလိုပါတယ်။ စာရေးသူတပ်ရင်းဟာ ရှေ့တန်းအဖြစ် ကယားပြည်နယ်စစ်ဆင်ရေးဝင်ရကာ လွိုင်ကော်(ဒကစ)ကို သတင်းပို့ရပါတယ်။ စစ်ဆင်ရေးခန်းမမှာ BRIEFING ဝင်ရကာ ဒကစမှူး နဲ့စစ်ဦးစီးမှူး (ဒုတိယတန်း) G2 တို့က မြေပုံနဲ့ ရန်သူ့နောက်ဆုံးအခြေအနေကို အောက်ပါအတိုင်းရှင်းပြပါတယ်။

G2 –  “ တပ်ရင်းမှူး ဝင်ရမဲ့ဂွင်က ရန်သူ အဝင်အထွက် ခန့်မှန်းရခက်တယ်၊ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေလည်း ရှိတယ်။ တပ်ချင်းမမှားအောင် တပ်တည်တွေက မြို့မှာနေခိုင်းလို့၊ သူတို့ဝင်လာရင် သီးခြားကြေးနန်းပို့မယ်။ ရွာတွေက စုစည်းရွာတွေ ရှိသလို ရွာပုန်းတွေလည်း ရှိတာမို့ ရန်သူ့ရဲ့စပါးကျီလည်းဖြစ်တယ်။ တပ်ရင်းမှူးတို့ဟာ တပ်မတပ်ဖြစ်ပေမဲ့ ဧရိယာမှာ ရန်သူ့ကို ထိန်းချုပ်ထားတဲ့ စခန်းတခုကို စီနီယာတပ်ခွဲမှူးတစ်ဦး တာဝန်ပေးပါ၊ ရန်သူ့သတင်း ဆက်ဖေါ်ထုတ်ပြီး တပ်မကို စီမံချက် တင်ြပကာ ချေမှုန်းဖို့ ရပခတိုင်းက ညွှန်ကြားပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်က တနေ့မြေပုံ တတောင် – မိုင်(၂၀) ကို သွားပြီး စစ်ကြောင်း (၁/ ၂) ကွက် ပြည့်နင်း ရှင်းပါ။” လို့ပြောပါတယ်။ စာရေးသူက မရှင်းတဲ့ စစ်ဆင်းရေးကိစ္စ၊ လက်နက်ကြီး ကျဉ်သယ်ဖို့ အထမ်းသမား ပေါ်တာ ရနိုင် မနိုင်မေးပါတယ်။

G2 – “ ဆောရီး အကိုကြီး၊ လူအခွင့်အရေးအဖွဲကတွေ ထောက်နေလို့ မစီစဉ်ပေးဖူး။ ဒါပေမဲ့ ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်မည်ဆိုတဲ့ ထောင်ထဲက အကျဉ်းသားတချို့ ထည့်ပေးလိုက်ပါမယ်။” စာရေးသူက ခေါ်သွားရမည့် အကျဉ်းသားတွေရှိတဲ့နေရာကို သွားကြည့်ရာ ပိန်လှီ ချို့တဲ့နေသူများကို တွေ့လိုက်ရလို့ ဒီလူတွေကို သနားမိပါတယ်။ သူတို့စိုးရိမ်နေတဲ့ မျက်နှာတွေ့လိုက်ရလို့ စာရေးသူပြောလိုက်ပါတယ်။  “ခင်ဗျားတို့ ပျော်ပွဲစားထွက်သလို သဘောထားနော်။ တပ်ရင်းနဲ့အတူတူပြန်တဲ့အချိန်ကျရင် ထောက်ခံစာပေးရင် ထောင်က လွတ်မှာ” လို့ အားပေး စကားပြောလိုက်မှ သူတို့မျက်နှာဝင်းပသွားပါတယ်။ အဲဒီအချိန်မှာဘဲ G2 ခပ်သုတ်သုတ် စာရေးသူဆီ လာပြောပါတယ်။

၁၂။ G2 “ အကိုကြီး တခုကျန်သွားတယ်။ ဒီလိုပါ၊ အကိုကြီးတို့ဂွင်က မှောင်ခိုလမ်းကြောင်းရှိတာမို့ လမ်းမှာ စစ်ကြောင်းနဲ့တွေ့ရင် ဖမ်းနော်။ ကျွဲနွားပစ္စည်းတွေနဲ့လူပါဖမ်းပြီး ကျွန်တော်တို့ အပ်နော်။” လောဘဇောမျက်နှာနဲ့ စာရေးသူကိုပြောနေလို့ ခေါင်းရှုပ်သွားခဲ့ကာ “ငါ ဒါတွေ စိတ်မဝင်စားဖူး၊ စစ်တိုက်ဖို့နှောင့်နှေးတယ်၊ မင်းတို့က တနေ့ မိုင် (၂၀) လည်း သွားခိုင်းသေးတယ်။ တိုးခဲ့ရင် နည်းဗျုဟာသတင်းပို့ပြီး နီးစပ်ရာ ရဲစခန်းကို အပ်ခိုင်းလိုက်မယ်၊” လို့ ဖြတ်ချကာ ဒကစရုံးမှ ထွက်လာပါတော့တယ်။ ဂိတ်ဝကျတော့ ထလတ တပ်မှူးကားနဲ့ ဆုံပြီး ပြောစရာရှိလို့ ဆိုကာ သူတို့တပ်ဆီ ဖိတ်လို့ တလက်စထဲ လိုက်သွားပါတယ်။ ထောက်လှမ်းရေးတပ်မှူး၊ ဗိုလ်မှူးနဲ့ စာရေးသူတို့ဟာ တန်ပြန်ထောက်လှမ်းရေးသင်တန်း တက်ခဲ့သူများဖြစ်လို့ သင်တန်းမှာ အတူတူ လက်တွေ့ လက်တွဲ လုပ်ဆောင်ခဲ့တာမို့ ရင်းနှီးနေတာလည်းပါလို့ လိုက်သွားတာဖြစ်ပါတယ်။ သူ့ရုံးခန်းရောက်တော့ စကားပြောဖြစ်ကြပါတယ်။

၁၃။ ထလတတပ်မှူး – “ဘယ်လိုလဲ တပ်ရင်းမှူးကြီး၊ မိသားစုကော နေကောင်းရဲ့လား၊ အဆင်မပြေတာရှိရင် ရှေ့တန်းကနေ လှမ်းပြောလိုက်၊ နောက်တန်းကို မှာပေးမယ်။ တပ်ရင်းမှူးကြီးက ဟိုတခါ စစ်ဆင်းရေးတိုက်ပွဲတွေမှာ လက်နက်တွေ ရလို့ တယ်ဟုတ်ပါလား၊ ချီးကျုးပါတယ်။”

စာရေးသူ – “ဟ … ထောက်လှမ်းရေးတပ်မှူးရုံးခန်းက သားနားလှချည်းလာ၊ ကတ္တီပါကော်ဇောခင်းထားတာ၊ ကျွန်တော့် တောစီးဖိနပ် ရွှံပေတာနဲ့ နင်းရက်စရာ မရှိဖူး၊ အားနာတယ်၊ ကြည့်စမ်း အရက်ဆိုရင် ကောညှက်၊ ဂျော်နီလမ်းလျှောက်၊ ဂေါက်ဆက်က အကောင်းစား လန်ထွက်နေတာဘဲ။  ကုသိုလ်ကံကောင်းဗျာ။ ခင်ဗျားလက္ခဏာကိုကြည့်ပြီး ကျွန်တော့် လက်မှာ ထွင်းရမလိုဖြစ်နေတယ်။” စာရေးသူ ပြောသာ ပြောလိုက်ရတာ တကယ်ထွင်းမိရင် နောင် ထောက်လှမ်းရေးတွေကို ဆွဲစိခံရလို့ ထောင်ကျရမယ့် လက္ခဏာမှန်း မသိလိုက်ဖူး၊ ပြန်တွေးရင်ပြုံးမိပါတယ်။

ထလတ တပ်မှူး – “ခင်ဗျားက အရက်မသောက်တာမို့ မပေးတော့ပါဖူး။ ဒါပေမဲ့ ရှေ့တန်းမှာ ဆေး၊ ငါးရံခြောက်၊ ငါးသေတ္တာ၊ ကော်ဖီမစ်၊ ကိတ်ခြောက် ပေးလိုက်မယ်။ ဒါနဲ့ ရင်းမှူးတို့ရှေ့တန်းနယ်မြေက ရွာတွေက သိတဲ့အတိုင်း တရွာနဲ့တရွာ စကားမတူကြတော့ ရန်သူ့သတင်းရဖို့ ခက်တယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေဆီကဘဲ ရတယ်။ သတင်းရရင် ကျွန်တော်တို့ကို သတင်းရှယ်ပါဦး၊”

စာရေးသူ –  “တရားဝင်ဆက်သွယ်ရေး စက်လိုင်း မရှိဖူး။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော့်မှာ အဖေအရင်း တပ်မ၊ အနီးကပ်ဆရာ နည်ဗျုဟာ၊ ပထွေး ဒကစ၊ အဖိုး ရပခတိုင်း၊ ဆရာများတယ်။ နည်းလမ်းရှာတာပေါ့၊ နောက် ကျွန်တော် စည်းရုံးရေးအရရော အထက်လူကြီးကို ဖါးရအောင် မသောက်ပေမဲ့ အရက်တဖါယူမယ်”

ထလတတပ်မှူး ရယ်ပြီး – “ဟုတ်ပ၊ ရင်းမှူးလည်း မလွယ်ဖူး၊ တခုတော့ရှိတယ်၊ ရိက္ခာထုတ်ရင် မြို့ဆင်းရတယ် မဟုတ်လား။ အဲဒီမှာ ထလတတပ်ဆွယ် ကျွန်တော့်တပည့်တွေ ရှိတယ်။ သူတို့ကို စာချိတ်ပိတ်ပေးပါဗျာ။ ကျေးဇူး မမေ့ပါ။ ကျွန်တော်လည်း ဒီအရက်တွေ သောက်နေတာ မကုန်နိုင်မဲ့အတူတူ အရက်ကော အစားအသောက်ပါ ယူသာ သွားဗျာ’’

စာရေးသူ -“ထလတ တပ်မှူးဆိုတော့ ကြောက်ရတယ်၊ Report တင်တာမျိုး၊ ကိုယ်တင်တဲ့ သတင်းကို ထလတ က ထပ်ပြီးတင်၊ ဂျာအေးသူ့အမေရိုက်ပြီး ကျွန်တော်တို့ကို အထက်က ပြန်ခိုင်းနေမှ ဒုက္ခ၊ ကြည့်လုပ်ဦး ဆရာရေ၊” ပြောရာ၊ လက်ကာပြကာ မပူနဲ့လို့ ပြောပါတယ်။ သူက ခေါင်းရှေ့တိုးပြီး အလေးအနက်ပြောတာက –

၁၄။ ထလတတပ်မှူး –  “ရင်းမှူးရေ … အထူးမှာချင်တာက ငြိမ်းချမ်းရေးယူထားတဲ့ တပ်ဖွဲတွေ စီးပွါးရေးလုပ်နေတဲ့ မှောင်ခိုလမ်းကြောင်းကို မဖမ်းစေချင်ဖူးဗျာ။ ကျွန်တော်တို့က သူတို့တပ်ဖွဲ့ဝင်တွေရဲ့ သက်သာချောင်ချိရေးကို အပြည့်အစုံ မလုပ်ပေးနိုင်တာမို့ ဒါကို မသိချင်ယောင်ဆောင်ပေးနေရတယ်။ နို့မို့ရင် တောထဲပြန်ဝင်သွားမယ်၊ သူတို့ကို တတ်နိုင်သရွေ့ ခွင့်ပြုပေးစေချင်ပါတယ်။” ပြောရာ စာရေးသူ စိတ်အိုက်သွားရပြန်တယ်။

စာရေးသူ – “သူတို့က ဘယ်လို လုပ်နေတာလဲ။ ကုန်သည်နဲ့ညှိပြီး အကောက်ကောက်တာလား။ ကိုယ်တိုင် လုပ်နေတာလား။ နောက် ပြန်တောခိုသွားတဲ့ KNPP ကရော အဲဒီ မှောင်ခိုအုပ်စုထဲ ပါရင် ဘယ်နဲ့လုပ်မလဲ”

ထလတ တပ်မှူး – “မပူပါနဲ့၊ သူတို့အချင်းချင်း ထမင်းအိုးထဲ လက်လျှိုနှိုက်တဲ့ အလုပ် မလုပ်ဖူး။ သူတို့ဧရိယာ ခွဲထားတယ်၊ ငြိမ်းချမ်းရေးအဖွဲ့တွေက ပုံမှန်မရှိဖူး၊ တခါတလေ ကုန်သည်ဆီက အကောက်ယူပြီး လွှတ်ထည့်လိုက်သလို၊ ကိုယ်တိုင် အရပ်ဝတ်နဲ့ လိုက်လုပ်တာလည်း ရှိမယ်၊ သူတို့က နီးစပ်ရာ ရွာလူကြီးနဲ့ ချိတ်ပြီး ရင်းမှူးထံ ချဉ်းကပ်လိမ့်မယ်။”

စာရေးသူ – “ဒကစကတော့ ဖမ်းခိုင်းနေတယ်ဗျ။”

ထလတ တပ်မှူး – “ဒီလူတွေက ဝါးဖို့ဘဲကြည့်နေတာ။ ငြိမ်းချမ်းရေးပျက်ရင် ဒီလူတွေကို ပွိုင့်ရှေ့ကနေ တက်ရှင်းခိုင်းမယ်။ သေပါစေ။ မဟာဗျူဟာ အမြင်မရှိဖူး၊ ငြိမ်းချမ်းရေးအဖွဲ့ ထိန်းရတာ၊ သူတို့မထိန်းရတိုင်း လွယ်တယ်များ အောက်မေ့တယ်။”

စာရေးသူ – “ကဲဗျာ၊ အခြေအနေကြည့်ပြီး မီးစင်ကြည့် ကပေးပါ့မယ်။ တပည့်တပ်ဆွယ်ကို မှာထားပါ”

၁၅။ စာရေးသူအပြန်လမ်းခရီးမှာ ကားပေါ်မှာ လေပူတချက် မှုတ်ထုတ်ရင်း အဖေအရင်း တပ်မ၊ အဖိုး ရပခတိုင်း၊ အနီးကပ်ဆရာ နည်းဗျူဟာမှူး၊ ပထွေး ဒကစ၊ ပျော့ပျောလေးနဲ့ နံတဲ့ ကြောင်ချီး ထလတ တပ်မှူး စတဲ့ ဆရာ့ ဆရာတွေကြားမှာ ဘယ်လို အသုံးတော်ခံရမလဲဆို အတွေးနယ်ချဲ့မိပါတယ်။

ကယားပြည်နယ် စစ်ဆင်ရေးဒေသဟာ ရှမ်းနဲ့ကရင်ပြည်နယ်ရှိ တောင်တန်းတွေလို ပြေပြစ်ခြင်းမရှိဘဲ မတ်စောက်မြင့်မားတဲ့ ကျောက်ဆောင်တွေများသလို ရွာတွေဟာ ဘာသာစကားမတူတဲ့အတွက် ရန်သူသတင်းရဖို့ အရမ်းခက်ပါတယ်။ ဒါ့အပြင် မိုင်းပေါပြီး ရေရှားတဲ့အတွက် အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ငယ်စဉ်က ကယားပြည်နယ်ဝင်ချိန်မှာ ခေါင်းတွင်တွင်ခါတဲ့အထိ စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုခက်ခဲမှန်း သိလျှက်နဲ့ ရပခတိုင်းမှူးက တနေ့ မိုင် (၂၀) သွားရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ လက်တွေ့ မဖြစ်နိုင်မှန်း သိသိကြီး ဇွတ်အတင်း သေခိုင်းတဲ့ သဘောဖြစ်နေပါတယ်။

၁၆။ စစ်သည်တွေဟာ ရေရှားလို့ တောင်တက်ရင်း အမောဆို့နေရတဲ့ ဒုက္ခကို မကြည့်ရက်နိုင်သလို မိုင်းဖြစ်စဉ် ဖြစ်ရင်လည်း ခုံရုံးဖွဲ့စစ်ဆေးမည် လုပ်နေတာမို့ မတရားတဲ့ အမိန့် ညွှန်ကြားချက်ဖြစ်တယ်လို့  သုံးသပ်မိပါတယ်။ ပေးလိုက်တဲ့ အကျဉ်းသားတွေဟာ သယ်ရမည့် ရိက္ခာနဲ့ ကျည်ကို သယ်ဖို့ မလောက်ငှတာကြောင့် စစ်သည်တွေရဲ့ ပခုံးပေါ်သာ ရောက်လို့ လေးလံပြီး စစ်ကြောင်းချီတက်မှု နှေးကာ အဆင်မသင့်လို့ရန်သူက (ခြုံခို/မိုင်း) နဲ့ တိုက်တာမျိုး၊ ဖြစ်လာရင် အနှုတ်လက္ခဏာဆောင်ဖို့ များတယ်။ ဒါကြောင့် စစ်သည်တွေရဲ့မိသားစုတွေ ရှေ့တန်းထွက်ခါနီး မိမိ မျက်နှာကို အားကိုးတကြီး ‘အဘ … ကျွန်မတို့ ယောကျာ်း တတ်နိုင်သမျှ အတူတူပြန်လာအောင်စောင့်ရှောက်ပေးပါ’ ဆိုတဲ့ တောင်းပန်တိုးလျှိုးတဲ့ မျက်ရည် ဝဲနေတာ မျက်လုံးထဲမှာ သံမှိုလိုစွဲနေသလို နောက်တန်းမှာ အန္တာရယ်ကင်း ဓမ္မာစင်္ကြာ၊ ပရိတ်ကြီး (၁၁) သုတ် ဆက်တိုက် ရွတ်ပေးမယ် ဆိုတဲ့ အားပေးလိုက်တဲ့ အသံတွေ နားထဲမှာ ကြားယောင်မိရင်း အဓိပ္ပါယ်မရှိတဲ့ စစ်ဆင်ရေးကို အတိအကျ မလုပ်တော့ဘဲ တတ်နိုင်သမျှ မြေပုံပေါ်မှာဘဲ ပြဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။

(ဆက်လက် ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts