စာစုတို

လင်းနွေးအိမ် ● GPS သို့မဟုတ် လမ်းညွှန်စက်အသုံးအနှုန်း၊ မြန်မာမှုနှင့် ဘဝလမ်းညွှန်

လင်းနွေးအိမ် ● GPS သို့မဟုတ် လမ်းညွှန်စက်အသုံးအနှုန်း၊ မြန်မာမှုနှင့် ဘဝလမ်းညွှန်

(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၆

Global Positioning System ကို အတိုကောက် GPS လို့ ခေါ်ပြီး၊ ကားမောင်းတဲ့အခါ ကိုယ်သွား လိုရာကိုလိပ်စာထည့်ပြီးရှာရင် လမ်းပြပေးတဲ့စက်ကလေးဖြစ်ပါတယ်။ အမေရိကမှာ ဒီစက်ကလေးမပေါ်ခင်က ကားမောင်းရင် မြေပုံစာအုပ်ကြီးတွေနဲ့ သွားရပါတယ်။ မြေပုံစာအုပ်မပါရင်တော့ လမ်းဘေးက မက်ဒေါ်နယ်ဆိုင်တွေဝင်ပြီး မြေပုံကြည့်ရပါတယ်။

ပြည်နယ် ၅၀ ရှိတဲ့အမေရိကန် ပြည်ထောင်စုရဲ့လမ်းတွေပြထားတဲ့မြေပုံကိုကြည့်ရင် လူ့ခန္ဓာကိုယ်က သွေးကြောမျှင်တွေ ရှုပ်ရှက် ခပ်နေသလို တွေ့ရပါတယ်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ လူတယောက် ကားတစီး နှုန်းနဲ့ သွားလာနေကြသလိုဖြစ်နေပါတယ်။ အဝေးပြေးလမ်းတွေမှာဆိုလဲ နေ့ညမပြတ် ကုန်တင်ကားမျိုးစုံ သွားနေတာ လည်း တွေ့ရပါတယ်။ ဒီလိုသွားနေရတဲ့လူတွေအတွက် GPS ပေါ်လာလို့ တီထွင်တဲ့သူကို ကျေးဇူးတင်ရပါတယ်။

GPS က ကိုယ်သွားလိုရာကို လမ်း အမျိုးမျိုးကနေ အရောက်ပြပေးနိုင်လို့ပါ။ ဒီစက်ကို ကျနော်တို့က အလွယ်တကူပဲ GPS လို့ ခေါ်နေပေမယ့် အမေရိကန်ပြည်ထောင်စုအတွက် မဟာစည်သာသနာပြု တာဝန်ခံ ဆရာတော် ဦးကစ္ဆနနဲ့ တလောက ကားအတူစီးတော့ သူပြောလိုက်တာကိုကြားလို့ မှတ်သားမိလိုက်တာပါ။ သူက တခြားသံဃာတွေပါတဲ့ကားမှာ လမ်းညွှန်စက် မပါဘူးလားလို့ မေးလိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အော် …ဆရာတော်က GPS ကို လမ်းညွှန်စက်လို့ သုံးနှုန်းလိုက် တာ တော်တော်လှတာပဲလို့ စိတ်ထဲမှတ်ထားလိုက်မိပါတယ်။

ဒါနဲ့ဆက်စပ်ပြီး မြန်မာတွေကြားမှာ ဘာသာမပြန်နိုင်သေးတဲ့ အင်္ဂလိပ်လိုအခေါ်အဝေါ်တွေအကြောင်း ကိုလည်း ခေါင်းထဲ ရောက်သွားပါတယ်။ ကွန်ပျူတာ၊ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဒစ်ခ်၊ ကီးဘုတ် စတဲ့ ပစ္စည်းတွေကို မြန်မာလိုခေါ်ဖို့ ခက်နေ သလို၊ အင်တာနက်ဝက်ဘ်ဆိုက်နဲ့ အဲဒီဝက်ဘ်ဆိုက်တွေမှာ ပါတဲ့ Home Page တို့၊ download၊ upload တို့၊ loading တို့၊ အခုဆိုရင် ဖေ့ဆ်ဘွတ်စာမျက်နှာက Like တို့ share တို့ ဆိုတဲ့ အခေါ်အဝေါ်တွေကိုလည်း မူရင်းအတိုင်းပဲပြောနေကြရပါတယ်။ ဒါကိုဘာသာပြန်ဖို့စဉ်းစားတဲ့အခါမှာလည်း အတော် အခက်တွေ့ရလို့ မူရင်းအတိုင်း ပြောဆိုနေကြ ပါပြီ။ ဒါ့အပြင် နိုင်ငံရေးအဖွဲ့တွေသုံးနေတဲ့အသုံးတွေ မှာလည်း Seminar တို့၊ workshop တို့၊ debate တို့၊ coordinator တို့ စတဲ့ဝေါဟာရတွေ  နိုင်ငံရေးအဖွဲ့တွေဆိုလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် Technical Team တို့ peace center တို့ စသဖြင့် အင်္ဂလိပ်လိုတွေပဲ တိုက်ရိုက် သုံးနှုန်းနေကြတော့၊ ကျေးလက်ပြည်သူတွေ၊ အင်္ဂလိပ် ဝေါဟာရနဲ့ အလှမ်းဝေးတဲ့အများ ပြည်သူတွေအတွက် ဒီအခေါ်အဝေါ်တွေကြားရုံနဲ့နားမလည်နိုင်လို့ ဒီပစ္စည်းတွေ၊ ဒီအကြောင်းအရာတွေနဲ့ ဝေးသွားစေနိုင်ပါတယ်။

ဒီလို အင်္ဂလိပ်သုံးအခေါ်တွေနဲ့ပတ်သက်လို့ ဆရာလူထုဦးစိန်ဝင်းရေးပြဖူးတဲ့ဆောင်းပါးကိုလည်း အမြဲသတိရနေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားလုပ်ပစ္စည်းတွေပဲအသုံးပြုနေရတော့ အင်္ဂလိပ်လို အခေါ်တွေကို မြန်မာလိုခေါ်ဖို့ ဘာသာမပြန်ကြ တော့တာ၊ ဘာသာပြန်ဖို့ခက်လာတာတွေကို ဘယ်လိုလုပ်သင့်လဲဆိုတာ ထောက်ပြအကြံပြုထားတာပါ။ ဆရာက ဘယ်လို အကြံပြုလဲဆိုတော့ အဲဒီပစ္စည်းတွေဟာ လူထုကြားထဲမရောက်သေးလို့ပါတဲ့။ လူထုက အသုံးပြုလာကြရင် သူ့အလိုလို ခေါ်စရာရလာ ပါလိမ့်မယ်လို့ ဆိုပါတယ်။ ဆရာပြောတဲ့ စကားလုံးအတိအကျတော့ မမှတ်မိတော့ပါဘူး။ ဟုတ်ပါတယ်။ ဒါကြောင့် ဘယ်ပစ္စည်းမဆို၊ ဘယ်ကိစ္စမဆို လူထုနဲ့နီးစပ်မှ လူထုအတွက် အသုံးတည့်မှာ ဖြစ်ပါတယ်။ ဒီလိုပြောရင်းနဲ့ အပေါ်မှာပြောခဲ့သလို GPS ကို ဆရာတော်က လမ်းညွှန်စက်လို့သုံးလိုက်တာကို လက်တွေ့ကျကျမြင်လိုက်ရသလို၊ လူ့ဘဝ တွေထဲက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ သွေးကြောမျှင်တွေလိုရှုပ်ထွေးလှတဲ့ လမ်းတွေအတွက် လမ်းညွှန်စက် ရှိရင်လွယ်ကူတဲ့အကြောင်းနဲ့ အဲဒီစက်ကိုအသုံးပြုတတ်ရင် အကျိုးရှိတဲ့အကြောင်းကိုလည်း စဉ်းစားမိရင်း ဒီစာရေးလိုက် တာပါ။

လင်းနွေးအိမ်
ဇွန်လ ၃၀ ရက် ၂၀၁၆။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts