ကဗျာ ခင်လွန်း

ခင်လွန်း – အတောင်မပေါက်ကြသူများ

ခင်လွန်း – အတောင်မပေါက်ကြသူများ
(မိုးမခ) မတ် ၉၊ ၂၀၁၆

ကျောက်စရစ်ခဲလေး
သူဟာ အားလုံးထဲ
အမာကြောဆုံးဖြစ်နေတဲ့
ကျောက်စရစ်ခဲလေးပေါ့
သူဟာ
သူ့ရဲ့မာကျောမှုအပေါ်
မာန်တက်လွန်း
ရန်ထောင်လွန်း
စွာလွန်းသူ
သူ့ကိုယ်ကို ဂုဏ်ပြုသူ။

များများမစောင့်ရရှာဘူး
လုံလောက်တဲ့အပူချိန်မှာ
ဥလေးတွေကွဲအက်
အထဲကနေ ဖောက်ထွက်
အမွှေးလေးတွေထွက်လာကြ
အတောင်လေးတွေထွက်လာကြ
တခုသောနံနက်ခင်း
သူတို့အနာဂတ်ထဲ သူတို့ပျံသန်းသွားကြပုံ
ချစ်စရာ။

ကျောက်စရစ်ခဲလေးကတော့
မာကောင်းတုန်း
ထောင်ကောင်းတုန်း
စွာကောင်းတုန်း
ဘယ့်နှယ်
ဒီအသိုက်ထဲ သူဘယ်လိုရောက်နေလဲတောင်
ခမျာ ဘုဘ မသိရှာ
သူက
မာကောင်းတုန်း ထောင်ကောင်းတုန်း ။ ။

ခင်လွန်း
၉၊ မတ်၊ ၂၀၁၆
နံနက် ၉း၀၀ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts