မောင်မိုးသူ

ဒုတိယ လွတ်လပ်ရေးနေ့ နှင့် ဘကြီးမိုး

 

ဒုတိယ လွတ်လပ်ရေးနေ့ နှင့် ဘကြီးမိုး
ဘကြီးမိုး (ကုမုဒြာသတင်းဂျာနယ်၊ ၅ ဇန်နဝါရီ ၂၀၁၆) မိုးမခ၊ ဇန်န၀ါရီ ၇၊ ၂၀၁၆

၁၉၄၈ခု ဇန်နဝါရီလ ၄ ရက်နေ့မှာ ဘကြီးမိုးအသက်က ၁၁ နှစ်ရှိပြီမို့ လွတ်လပ်ရေးအောင်ပွဲ အရသာကို အလယ်တန်းကျောင်းသားဘဝနဲ့ လွတ်လပ်ရေးအောင်ပွဲတွေကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ပါတယ်။ ပျော်စရာကောင်းလိုက်တာ။ ပျော်စရာရဲ့ နောက်ကွယ်မှာ ဝမ်းနည်းစရာ ကပ် ပါလာတတ်တယ်လို့ ဆိုပါတယ်။အဲဒါကတော့ ပြည်တွင်းစစ်ဖြစ်လိုက်တာပါပဲ။ ပြည်တွင်းစစ်ရဲ့ မီးအရှိန် ဟာ အခုအချိန်ထိ အရှိန်မသေနိုင်သေးတာကို တွေ့ရပါတယ်။

သည်ကြားထဲမှာ ဒီမိုကရေစီအစိုးရကနေ အိမ်စောင့်အစိုးရကိုလွှဲ၊ အိမ်စောင့်အစိုးရတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးစနစ် စတင်ကျင့်သုံးခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ တပါတီ အာဏာရှင်စနစ်ကို ထူထောင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်မှာပဲ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာ၊မဆလ အာဏာရှင်စနစ် နောက်ဆုတ်လိုက်ရပေမဲ့ ၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းပြန်ပါရော။

စစ်အာဏာရှင်သက်တမ်းမှာ နှစ်ပေါင်း ၅၂ နှစ်သက်တမ်းရှိခဲ့ပြီး စီမံခန့်ခွဲအုပ်ချုပ်မှုအောက်မှာထားပြီး လုပ်ဆောင်ခဲ့လို့ မြန်မာနိုင်ငံရဲ့ သယံဇာတတွေအားလုံး သစ်တောတွေပြုန်း၊ ရတနာ၊ သတ္တုတွေ ကုန်ဆုံး ဖြစ်ခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်ကို ဆင်းရဲတွင်းနစ်သည်ထက် နစ်စေခဲ့ပါတယ်။

စစ်အာဏာရှင်များဟာ ၂၀၀၈ မှာ အခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ၂၀၁၀မှာ လွှတ်တော်အစိုးရ တခု ပေါ်ပေါက်လာပါတယ်။ အဲသည် လွှတ်တော်အစိုးရဟာ စစ်အစိုးရရဲ့ လူမှုရေးအဖွဲ့ဆိုတဲ့ ကြံ့ခိုင်ကို ပါတီအဖြစ် အသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်ခဲ့ရာမှာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ လွှတ်တော်အစိုးရ တက်လာပါတယ်။ လွှတ်တော်အစိုးရရဲ့ ပထမဆုံးပြည်သူ့ဆန္ဒအကြိုက် လုပ်ဆောင်နိုင်ခဲ့တာကတော့ တပြည်လုံးအုန်းအုန်းကျွက်ကျွက် ကန့်ကွက်ဆန္ဒပြနေကြတဲ့ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန် သမ္မတသက်တမ်းငါးနှစ်မှာ ရပ်ဆိုင်းထားမယ်ဆိုတဲ့ အမိန့်ပဲဖြစ်ပါတယ်။

အဲသည် မြစ်ဆုံရပ်ဆိုင်းရေးက လွဲရင် သမ္မတဦးသိန်းစိန် အစိုးရဟာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးလည်း မလုပ်နိုင်၊ အပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးမှုကိုလည်း တပိုင်းတန်းလန်းပဲ လုပ်ဆောင်နိုင်ခဲ့ပြီး နောက်တက်လာမယ့်အစိုးရက ဆက်လက်လုပ်ဆောင်ဖို့ ထားခဲ့ပါတယ်။

သည်လို သည်လိုနဲ့ ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲသည် ရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေအရ ပြုလုပ်တာဖြစ်လို့ လွှတ်တော်ရဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းမှာသာ ပြုလုပ်ကြရတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ရတာ ဖြစ်လေတော့ ရွေးကောက်စရာမလိုတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက အလိုလျောက် ပါနေပြီး ဖြစ်ပါတယ်။

အဲသည် အဲသည် ၇၅ ရာခိုင်နှုန်းကို လက်ရှိအစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အဓိက ယှဉ်ပြိုင်ကြရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိပြီး ကြံ့ခိုင်ကတော့ အရှုံးကြီးရှုံးခဲ့ရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီး အခြေခံဥပဒေအရ လွှတ်တော်ဟောင်း ဖျက်သိမ်းခြင်း၊ လွှတ်တော်သစ် ဖွဲ့စည်းခြင်းနဲ့ လွှတ်တော်သစ်က အစိုးရသစ်ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ အဲဒါ အဲဒါတွေကိုလည်း ဇန်နဝါရီလကုန်မှာ လွှတ်တော်ဟောင်း လွှတ်တော်သစ်ပြောင်းလဲပြီး ဖေဖော်ဝါရီမှာမှ အစိုးရသစ်ဖွဲ့စည်းနိုင်မှာဖြစ်ကာ အစိုးရသစ်တာဝန်ကို မတ်လမှ ရယူနိုင်ကြမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲပြောပြော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် အများစုအနိုင်ရပြီး ` ပြောင်းလဲချိန်တန်ပြီ ´ ဆိုတဲ့ ဒီမိုကရေစီအစိုးရသစ် ဖွဲ့စည်းကြမှာ ဖြစ်ပါတယ်။ အဲသည်လို လုပ်ဆောင်ရာမှာလည်း အဓိကဖြစ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရဟောင်းနဲ့ ၂၅ ရာခိုင်နှုန်း တာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကလည်း အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ကြမယ်လို့ တရားဝင် ပြောကြားထားပြီး ဖြစ်ပါတယ်။

အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နောက်ကြောင်းမလှန်ဖို့ ပြောကြားထားပြီး ဖြစ်ပါတယ်။

သည်တော့ သည်တော့ သည်ဆောင်းပါးရေးတဲ့နေ့မှာ ဇန်နဝါရီလ ၃ ရက်နေ့ ဖြစ်လေတော့ လွတ်လပ်ရေးနေ့အကြိုနေ့ ဖြစ်ပါတယ်။ သည်ဆောင်းပါး ပါရှိထွက်လာမယ့် ကုမုဒြာဂျာနယ်ဟာ ဇန်နဝါရီ ၅ ရက်နေ့ ဖြစ်ပါတယ်။

သည်တော့ ဆောင်းပါးအစကို ပြန်ကောက်ရရင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ၁၁ နှစ်သား ဘကြီးမိုးဟာ အခု ၂၀၁၆ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ အသက်အားဖြင့် ၇၉ နှစ်သား ရင်ဆိုင်ဆင်နွှဲရမှာ ဖြစ်ပါတယ်။

၂၀၁၆ လွတ်လပ်ရေးနေ့ကတော့ ဇန်နဝါရီလမှာ မဟုတ်ဘဲ မတ်လရောက်ရမှာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၆ မတ်လမှ ဒီမိုကရေစီအစိုးရသစ် ကြုံတွေ့ရမှာ ဖြစ်လို့ပါ။

၅၂ နှစ်ကျော် စစ်အာဏာရှင်လက်အောက်မှာ ကုန်းရုန်းထလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူလူထု တခဲနက် ဆန္ဒမဲများနဲ့ တက်လာတဲ့ အစိုးရသစ်ဟာ နှစ်ပေါင်း ၆၀ လောက် လွတ်မြောက်ရေးမရခဲ့တဲ့ ဘကြီးမိုးတယောက် ၁၁ နှစ်သားအရွယ် လွတ်လပ်ရေးဆင်နွှဲခဲ့သလို အခု ၂၀၁၆ လွတ်လပ်ရေး အရသာကိုလည်း မျှော်လင့်ကြိုဆို လိုက်ရပါကြောင်းပါ။

ဒုတိယလွတ်လပ်ရေးနေ့ နှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts