ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ ● ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး

မောင်မိုးသူ ● ယူနန်နယ်စပ် ဝမ်စွေ့ဝမ်စွေ့နှင့် ဘကြီးမိုး
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇
မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင် ၂၀၁၇ ထုတ်မဂ္ဂဇင်းမှ ဖြစ်သည်။ 

ဘကြီးမိုးက ဆွေမျိုးပေါက်ဖော် ဝမ်စွေ့ဝမ်စွေ့လို့ ခေါ်ခဲ့ဖူးရေးခဲ့ဖူးပါတယ်။ အဲသည် ဝမ်စွေ့ဆိုတဲ့စကားလုံးဟာ ဘကြီးမိုးတို့ ကျောင်းသားဘဝ၊ ဦးနုတို့၊ ချူအင်လိုင်းဘန်ဒေါင်းခေတ်က ဘကြီးမိုး ခေါ်ခဲ့ရ အော်ခဲ့ရလို့ ရနေတာပါ။

ဘကြီးမိုးရဲ့ရုပ်ရည်ဟာ တကယ်ပဲ တရုတ်သိုင်း ဝတ္ထု၊ သိုင်းရုပ်ရှင်တွေထဲက ပိန်ပိန်ရှည်ရှည်၊ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ တရုတ်နဲ့ အင်မတန်မှ တူပါတယ်။ အခု အသက်ကြီး ထောင်ကထွက်လာမှ ဆံပင်က တစ်ခေါင်း လုံးဖြူ၊ နှုတ်ခမ်းမွေးက ဖြူလေတော့ ပိုတူတာပေါ့။ ငယ်ငယ်တုန်းက၊ ငယ်ငယ်တုန်းက ဆိုတာက အင်န်အယ်လ် ဒီခေတ်ဦး ၈၈ အရေးတော်ပုံအပြီး အင်န် အယ်လ်ဒီ စတင် တည်ထောင်စဉ်က မောင်သော်က၊ ဦးဝင်း တင်နဲ့ ဘကြီးမိုးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ဝင်တွေပေါ့။ အဲသည်တုန်းက ဘကြီးမိုးဟာ ပိန်သာပိန်ပေမဲ့ ဆံပင်လည်း မည်းတုန်း၊ နှုတ်ခမ်းမွေးကလည်းမည်းတုန်းပဲခင်ဗျ။

တရုတ်နဲ့တူတာတော့ အမှန်ပဲ။ ဟိုအရေးအခင်းမတိုင်ခင် တရုတ်-ဗမာအရေး အခင်း ပဋိပက္ခဖြစ်စဉ်တုန်းက ဘကြီးမိုးက ကျောက်မြောင်းထဲမှာနေတယ်။ ဦးဝင်းတင်က ကျောက်မြောင်းဈေးထိပ်က ကြေးမုံသတင်းစာတိုက်မှာနေတာ၊ အဲသည်တုန်း က ဦးဝင်းတင်က ဘကြီးမိုးအတွက် တကယ်ပဲပူတာလား၊ ဒါမှမဟုတ် သူ့ထုံးစံအတိုင်း ဘကြီးမိုးဆို အမြဲနောက်နေကျ အတိုင်းပဲလား မသိဘူး၊ ဟေ့လူ ကိုမိုးသူ ရန်ကုန်ထဲ မသွားနဲ့နော်၊ သည်မှာ တရုတ်- ဗမာ အဓိကရုဏ်း ဖြစ်နေတယ်၊ ကိုရင့်ကို တရုတ်ဆိုပြီး ရိုက်မှာလို့ ဟားပါတယ်။

ဘကြီးမိုးဟာ မောင်ကိုယုလို တရုတ် အစစ်မဟုတ်ပေမဲ့ ရုပ်ပုံပန်းကတော့ တရုတ်မှ တရုတ်ပဲခင်ဗျ။ ဒါ့ကြောင့် ဗန္ဓုလပန်းခြံထဲ လမ်းလျှောက်ထွက်တုန်းက အား ကစားလုပ်နေတဲ့ တရုတ်အမျိုးသား တရုတ်အမျိုးသမီးတွေကဘကြီးမိုးကို တရုတ်လို အမြဲနှုတ်ဆက်ပြီး ကလေးတွေက အမ်ပေါင်း အတောင်းခံရလေ့ရှိပါတယ်။

ရုပ်ရည်ကသာ တရုတ်နဲ့တူတာ၊ တရုတ်စာလည်း မသိ မတတ်၊ တရုတ်စကားလည်း မပြောတတ်ပေမဲ့ ဘကြီးမိုး သိတဲ့ တရုတ်စကားလုံးကတော့ဆွေမျိုး ပေါက်ဖော် ဝမ်စွေ့ဝမ်စွေ့ပဲခင်ဗျ။ အဲဒါလည်း မအော်ဖြစ်တာ ကြာပါပြီ။ ဝမ်စွေ့ အော်ချင် စိတ်မရှိတာလည်း ကြာပေါ့။ အထူးသဖြင့် မြန်မာစကားတောင်မတတ်တဲ့ နယ်စပ်က လက်နက်ကိုင် ဘာလူမျိုးမှန်းမသိတဲ့ လူတွေ မန္တလေး စီးပွားရေးလောကကြီး အပိုင်စီး ၊ မန္တလေး မြို့ခံတွေရဲ့နေရာတွေ အိမ်တွေကို အဆမတန်ဈေးပေးပြီးဝယ်လို့ မန္တ လေး ဒေသခံများ မြို့သစ်ကို ရောက်ရတဲ့ အခြေအနေ ရောက်ကတည်းကပါပဲ။

မြန်မာနိုင်ငံရဲ့ တပ်အစိုးရအုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်မှာလည်း စီးပွားရေးလောကမှာ တရုတ်တွေတွင်ကျယ်၊ ထိပ်ပိုင်းတွေနဲ့ပေါင်း၊ စက်အစုတ်တွေနဲ့ အမျိုး မျိုးလုပ်ခဲ့လို့ မကျေနပ်ခဲ့။ ပြီးတော့ မြစ်ဆုံ စာချုပ်တို့၊ လက်ပံတောင်းတောင် ဝမ်ပေါင် ဦးပိုင်စာချုပ်တို့ ။ ထားပါထားပါ။

အဲသည်အခြေအနေကနေ ဒီမိုကရေ စီအစိုးရသစ် တက်လာတော့ နိုင်ငံတော်အ တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကို သွား၊ တရုတ်ပြည်က ကော်ဇောနီ နဲ့ ကြို၊ မြန်မာသမ္မတ ဦးထင်ကျော် သွားတော့လည်း ဆရာကြီးမင်းသုဝဏ်ရဲ့ စာအုပ်ကို တရုတ်က ထုတ်၊ တရုတ်- မြန်မာနှစ်နိုင်ငံ စီးပွားရေးနဲ့တကွ ဘက်စုံစာချုပ်တွေ ဘာတွေထိုးတော့ ဘကြီးမိုးလည်း “ဆွေမျိုးပေါက်ဖော်” ဝမ်စွေ့ ဝမ်စွေ့ အော်ရ ပြန်တာပေါ့။

မြန်မာပြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း တရုတ်အစိုးရက ကုဋေနဲ့ ချီပြီး အလှူအတန်းလုပ်တယ်ခင်ဗျ။ ဒါနဲ့ တင် မကသေးပါဘူး။ ဒုတိယ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကိုတက်ဖို့ မသေချာမရေရာတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ တွေကို ပင်လုံညီလာခံကို ဧည့် သည်အဖြစ်ကူမင်းက လေယာဉ်နဲ့ တင်ပို့ပေးပြန်တော့ ဝမ်စွေ့ဝမ်စွေ့အော်ရပြန် ပါတယ်။


အဲဗျ ဇွန် ၁၈ ရက်နေ့မှာတော့ ယူနန်မှာရှိတဲ့ တရုတ်ဘဏ်များက မြန်မာနိုင်ငံသားများ အပ်နှံထားတဲ့ ပိုက်ဆံငွေစာရင်းများကို ပိတ်လိုက်တော့ တရုတ်- မြန်မာစီးပွားရေးကုန်စည်စီးဆင်းမှု ရပ်တန့်သွားသတဲ့။ ဒုက္ခော။

ပိတ်လိုက်တဲ့ စာရင်းငွေပမာဏကလည်း သိန်းပေါင်းလေးသိန်းကျော်ရှိသတဲ့။ အပိတ်ခံလိုက်ရတဲ့စာရင်းက ၁၀ဝ ကျော် ရှိသတဲ့။

ဪသာ်…မြန်မာနိုင်ငံသားဆိုတဲ့ ကုန်သည်တွေရဲ့ ငွေစာရင်းအရေအတွက်ဟာ ၁၀ဝ ကျော်ပြီး ငွေတန်ဖိုးကလည်း သိန်း ပေါင်း လေးသိန်းကျော်ဖိုးရှိသတဲ့။ နယ်စပ်အရောင်းအဝယ်က အတော်များပါတယ်။ အဲသည် ပိုက်ဆံစာရင်းတွေထဲမှာ တစ် လောက တစ်ခါပိတ်လိုက် တယ်ဆိုတဲ့ ကိုးကန့်တွေရဲ့ ဘဏ်စာရင်းတွေ ပါနေလေရော့သလားမသိ။

ဘာပဲပြောပြော တရုတ်-မြန်မာ စီးပွားရေး၊ ကုန်သွယ်ရေးလမ်းကြောင်းက သည်လမ်းပဲရှိလေတော့ ယူနန်နယ်စပ်အဆင် ပြေဖို့ လိုပါတယ်။

ဒါ့ကြောင့် ဘကြီးမိုးက ယူနန်နယ်စပ်ဝမ်စွေ့ ဝမ်စွေ့လို့ အော်လိုက်တာဖြစ်ကြောင်းပါခင်ဗျ။

ယူနန်နယ်စပ် ဝမ်စွေ့ ဝမ်စွေ့နှင့် ဘကြီးမိုးပါ။


ဘကြီးမိုး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts