ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း- တပ်မတော်ရဲ့အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် – အပိုင်း(၅)

ဗိုလ်ထက်မင်း- တပ်မတော်ရဲ့အမျိုးသားနိုင်ငံရေး စစ်မှန်သွားရေး တိုက်တွန်းချက် – အပိုင်း(၅)

(မိုးမခ) ဇန်န၀ါရီ ၇၊ ၂၀၁၆

၂၃။ တပ်မတော်မှာ တော် (၄) တော် (အဖါးတော်၊ အမျိုးတော်၊ ကိုယ်တိုင်တော်၊ ဇာတာတော်) ရှိတဲ့ အစဉ်အလာကို စာရေးသူ တင်ပြခဲ့ပြီးဖြစ်ရာ အဖါးတော်ဆိုတဲ့အတိုင်း မိဘဆရာသမားမို့ ကိုးကွယ်စောင့်ရှောက်တာ အလွန်အကျွံ ရှိခဲ့ပါတယ်။ မဆလပါတီ မဟုတ်ဘဲ တပ်မှအငြိမ်းစားယူထားတဲ့ ဦးနေဝင်းနဲ့ ထိပ်ပိုင်း (၅) ဦးကို လုံခြုံရေးပေးရတာမျိုး၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ထောက်လှမ်းရေးတဖွဲ့လုံး ကွပ်ကဲမှု ဆက်ပေးရတာမျိုး ရှိလာပါတယ်။ ဦးနေဝင်း ကို သနက (၄) တပ်ရင်း တရင်းလုံး ပေးထားရာ တိုင်းမှူအစည်းအဝေးခေါ်ရင် တပ်ရင်းမှူးကအဖေကြီး(ဦးနေဝင်း) ခိုင်းထားတာရှိလို့ဆိုကာ အရှိန်အဝါသုံး ပျက်ကွက်နေရာမှ ခါးပိုက်ဆောင်တပ်ဖြစ်လာပြီး တပ်မ(ရရ)ကို ထိုး ဖေါက်စည်းရုံးကာ အာဏာသိမ်းဖို့ ကြံစည်သည်အထိ ဖြစ်လာပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်က မူဆယ်ကိစ္စ ပတ်သက်ပြီး တိုင်းမှူးတွေကို မကျေမချမ်းဖြစ်လာလို့ ထောက်လှမ်းရေးတပ်ဖွဲ့တွေအား နောက်ကြောင်းလိုက်ဖို့အမိန့်ပေးခဲ့တာတွေ စတဲ့ဖြစ်စဉ်တွေဟာ တပ်ပြိုကွဲမှူ အန္တရယ်ကြီးမားစွာ သက်ရောက်ခဲ့ပါတယ်။ တပ်က ထွက်သွားတဲ့ လူကြီးတွေဟာ အရင်ယစ်မှူးခဲ့တဲ့ သြဇာအာဏာကို အိမ်မက်လို ပြန်လည်စိတ်ကူးယဉ် မက်မောတတ် ကြပြီး၊ မရပါက ဝင်ရောက်စွက်ဖက်ဖို့ကြိုးစားရင်း ပေါက်ကွဲတတ်တဲ့ သဘာဝရှိပါတယ်။ ဦးသန်းရွှေလည်း တဖန် ပြန်ကြိုးစားဦးမယ်ဆိုရင် ယခင်လိုဖြစ်စဉ်များကို သင်ခန်းစာယူရင်း နိုင်ငံ့ဒီမိုကရေစီ အကူးအပြောင်းမှာ တည်ငြိမ်ရေး အတွက် နည်းလမ်းရှာ အပြုသဘောဆောင် သိမ့်သိမ်မွေ့မွေ့ ကိုင်တွယ်သွားဖို့တိုက်တွန်းလိုပါတယ်။

၂၄။ တပ်မတော်ဟာ အထက်လူကြီးဆိုပြီး တပ်မှာ မရှိတော့တဲ့သူတွေရဲ့ ကိုယ်ပိုင်ရာဘာခြံ ရဲမွန် လိုမျိုးတွေမှာ ပင်ပန်းဆင်းရဲစွာနဲ့လုပ်အားပေးခဲ့ရတာလည်း ရှိပါတယ်။ တပ်မတော် ထောက်ခံအားပေးခဲ့တဲ့ ပါတီတွေဟာ တကယ်တမ်း ပါတီအကျိုးနဲ့တပ်အကျိုး ယှဉ်လာရင် ပါတီအကျိုးကို ထိပ်တင်တဲ့ အစဉ်အလာတွေ ရှိခဲ့ပြီးဖြစ်ပါတယ်။ ဆေးရုံကဆင်းလာတဲ့ တပ်ကြပ်ကြီးတစ်ဦးဟာ ဝရမ်းကိုင်ပြီး ရထားလက်မှတ်ရဖို့ ရုံပိုင်ကို အာပေါက်အောင် ပြောနေချိန်မှာ ပြည်ခိုင်ဖြိုးပါတီထောက်ခံစာနဲ့ အလွယ်တကူရသွားတာ ရင်နာစရာတွေ့ခဲ့ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ အခွင့်ထူးခံလုပ်နေတာ လူထုနဲ့အနီးစပ်ဆုံး ဆိုက်ကားသမားတွေဆီက မကြားချင်အဆုံး သိရပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေး အခန်းကဏ္ဏတွေမှာ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးအချို့ ဟာ သူတို့သမိုင်းအမဲစက် ဖုံးလွှမ်းချင်တာမို့ သူတို့အမည် မှတ်ကျောက်တင်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးသမား ဆိုပြီး အရှိန်ယူကြရာမှာ တပ်မတော်ကို ဖိအားပေးတာမျိုး၊ သွေးခွဲတာမျိုး၊ တန်ဖိုး မထားတာမျိုး လုပ်လာမယ် ဆိုရင် ပွတ်တိုက်မှူ ကတဆင့် ပဋိပက္ခဖြစ်ကာ မီးပွင့်ပြီး မလိုလားအပ်တဲ့ဖြစ်စဉ်များ ဖြစ်လာနိုင်ပါတယ်။ တပ်ချုပ်အနေနဲ့ ဦးသန်းရွှေ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ သူပြောစကားအတိုင်း လုပ်နိုင်မလား၊ ဒါမှမဟုတ် အမှတ်ရတာခြင်း အတူတူ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းက တွဲလျှက်ရှိရာ တပ်မတော်ပါ ဂုဏ်သိက္ခာတက်စေဖို့မိမိကသာ ဦးဆောင် လုပ်ရင် ပိုမကောင်းဖူးလားဆိုတာ စဉ်းစားဖို့လိုအပ်လာပြီဖြစ်ပါတယ်။ ယနေ့မီဒီယာလောကမှာ ဝါရှင်တန်ပိုစ့်လို သမ္ဘာတွေကို တန်းတူယှဉ်ပြောကာ လိမ္မာပါးနပ်မှူအပြည့်နဲ့ ရှောင်တိမ်းကာပြောဆိုနိုင်တဲ့ တပ်ချုပ်တယောက်ဟာ စစ်သားပုံထက် နိုင်ငံရေးသမားဆန်လာပြီမို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ဝင်လာတဲ့သတင်းအရ တပ်ချုပ်ရုံးက စေလွှတ်လိုက်တဲ့ ဗိုလ်ချုပ်များ (ဒုဗိုလ်ချုပ်ကြီ်း မြထွန်းဦး စရဖချုပ်၊ ဗိုလ်ချုပ်အောင်ရဲဝင်းဖြစ်နိုင်၊ စီစစ်ဆဲ) အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက်ဆွေးနွေးနေတဲ့ သတင်းရရှိတာမို့ ကြိုဆိုပါတယ်။

၂၅။ တပ်မတော်ကသာ ပါတီတွေအတွက် တာဝန်ကျေခဲ့တာ ဖြစ်ပြီး တစည၊ ပြည်ခိုင်ဖြိုးပါတီတွေကြတော့ (၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅) ခုနှစ် ရွေးကောက်ပွဲတွေမှာ (၃) ပွဲ ပွဲမရှိ အတိုက်အခံ NLD ပါတီကြီးကို ဝက်ဝက်ကွဲအောင် ရှုံးခဲ့ရာ တပ်မတော် အကျပ်အတည်း ဖြစ်ပေါင်းများခဲ့လို့ စိတ်မသက်မသာ ဖြစ်မိပါတယ်။ ရွေးကောက်ပွဲ အရှိန်တက်နေစဉ် ကာလမှာ ဟင်္သာတမြို့ကို တပ်ချုပ်ရောက်သွားပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ တာဝန်ယူထားသူ ဦးဌေးဦးကို မဲရနိုင်တဲ့ အလားအလာ မေးခဲ့ရာ ၇၀% နိုင်မယ်လို့ ကြွားခဲ့သလို သူနယ်ခံတွေနဲ့ မိတ်ဆက်ေပးကြည့်ရာ တပ်ချုပ်နံမည် တလွှဲဖြေခဲ့ကြလို့ တပ်ချုပ်တယောက် စိတ်မသက်မသာ ဖြစ်မိလောက်ပါတယ်။ တပ်မတော်က ပြည်ခိုင်ဖြိုးပါတီကို ဖုတ်ပူမီးတိုက် ပို့လိုက်တဲ့ အရာရှိတွေဟာ ကြွားဝါထားတဲ့ပါတီကို မျှော်လင့်ထားသမျှ သဲထဲရေသွန် မရှူမလှ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာမို့ ဘုံပျောက်သွားတာကြောင့် တပ်ချုပ်က နိုဝင်ဘာလ (၁၀) ရက် မှာ အရေးပေါ်အစည်းအဝေး ခေါ်ကာ အဲဒီအရာရှိတွေကို နှစ်သိမ့်ပြန်လည်ကြည့်ရှု့ပေးလိုက်ရတဲ့ အစီအစဉ် လုပ်ပေးရပါတော့တယ်။ အဆိုးထဲက အကောင်းအနေနဲ့ ဒီရလဒ်ဟာ အဆိုပါ ပါတီတွေနဲ့ လမ်းခွဲဖို့ မီးစိမ်းပြလိုက်တာဖြစ်ပြီး လူထုနဲ့ ထိတွေ့ဆက်ဆံ လုပ်ကျွေးပြုစုတာဟာ စစ်မှန်တဲ့ အမျိုးသားနိုင်ငံရေးပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ လူထုနဲ့တိုက်ရိုက်ဆက်ဆံရေး ယဉ်ကျေးမှုသစ် ဖွင့်လှစ်တာဟာ ကောင်းမွန်လှပါတယ်။ မိမိထောက်ခံထားတဲ့ ပါတီတွေဟာ တပ်မတော်လုပ်ဆောင်မှုကို လူထုအား စည်းရုံးပေးဖို့ မေ့လျှော့နေကြမှာ မြေကြီးလက်ခပ် မလွှဲဧကန်ဖြစ်ပါတယ်။ ပြီးခဲတဲ့ သင်ခန်းစာများအရ အဲဒီပါတီတွေရဲ့ လောင်းရိပ်မှလွတ်ကင်းပြီး ပြည်သူလူထုအား သန့်သန့်လေး ပြုစုစောင့်ရှောက် ကာကွယ်သွားမယ်ဆိုရင် ကိုးကန့်တိုက်ပွဲမှ ဒဏ်ရာရစစ်သည်များကို တခဲနက် လာရောက်အားပေးလာတဲ့ လူထုရဲ့ မေတ္တာကြောင့် တုနိုင်းလို့မရတဲ့ ခွန်အား တွေရရှိလာပြီး ရန်သူ့ စခန်းကုန်းများ ပြန်လည်သိမ်းယူနိုင်တာ လက်တွေ့ဘဲ ဖြစ်ပါတယ်။

၂၆။ အနိုင်ရပါတီ ဘယ်ပါတီဘဲဖြစ်ဖြစ်၊ တပ်မတော်က အဆင်ပြေအောင်ပံ့ပိုး ကူညီ ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။ တိုင်းရင်းသားပါတီများ ကိုလည်း တန်းတူ ရည်တူ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ဆက်ဆံရပါမည်။ တခုသတိပြုရမှာက NLD ပါတီဟာ လူထုရဲ့ထောက်ခံမှုအား အများဆုံးပါတီဖြစ်သလို ရွေးကောက်ပွဲ (၃) ပွဲ စလုံးဟာလည်း (၃) ပွဲ – ပွဲ မရှိ ဒီပါတီကဘဲ ဆက်တိုက် အနိုင်ရထားရာ ရလဒ်ဟာလည်း (၃) ပွဲ စလုံး အပြတ်အသတ် နိုင်ထားတာမို့ အားကစားပွဲအနေနဲ့ပြောရရင်  (၂) ပွဲ ဆက် ကစားစရာမလိုဘဲ ဒိုင်ပွဲရပ်သွားပြီဖြစ်တယ်။ လက်ဝှေ့အရ ဆိုရင် လက်ဖြောင့်လက်သီး၊ ဝိုက်လက်သီး၊ ပင့်လက်သီးတို့နဲ့ အလဲထိုး ပွဲသိမ်းသွားပြီ ဖြစ်တယ်။ တကယ်တော့ တပ်မတော်ကသာ လိုက်လျော ပူးပေါင်းဆောင်ရွက်မည်ဆိုရင် လူထုကို တကူးတက စည်းရုံးနေစရာမလိုဘဲ လူထုမေတ္တာခံယူတဲ့ ပြည်သူ့တပ်မတော် ဖြစ်လာမှာ ဧကန်မလွှဲဖြစ်ပါတယ်။ တပ်မတော်ဟာ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကိုငြင်းရတဲ့ အကြောင်းရင်းများဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံနဲ့ကင်းကွာနေလို့ နိုင်ငံရေး၊ တိုင်းရင်းသားအရေး ဂဃဏန မသိလို့ အာဏာပေးလို့မဖြစ်နိုင် ဆိုတဲ့သုံးသပ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်အနားမှာ ကွန်မြူနစ်တွေ ဝိုင်းရံနေတယ် ဆိုတဲ့ စွပ်စွဲချက်၊ သူ့ယောင်္ကျားဟာ နိုင်ငံခြားသားဖြစ်နေတယ် ဆိုတဲ့ အချက်တွေဟာ အဲဒီအချိန်ကာလတုံးက သံသယအကျိုး ဖြစ်ပေါ်စေခဲ့သော်လည်း ယခုအခါမှတော့ သူမရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပြည်သူက ဆက်လက် ထောက်ခံအားပေးတဲ့ ရလဒ်တွေကြောင့် ဒီအချိန်မှာတော့ဖြင့် တပ်မတော်အဖို့ အထက်ပါ အချက်အလက်တွေကို ဆက်လက် လက်ခံဖို့ ခဲယဉ်းသွားပြီဖြစ်ပါတယ်။ တပ်မတော်ဟာ ပြည်သူ ထောက်ခံအားပေးတဲ့ ပါတီကို ရပ်တည်ပေးရမဲ့ တာဝန်ရှိလာပြီဖြစ်ပါတယ်။

၂၇။ ဒီလိုတင်ပြတော့ ယခင်ပါတီတွေရဲ့ သင်ခန်းစာတွေကြောင့် အနိုင်ရပါတီကို တပ်မတော်က ခေါင်းငုံ့ဝင်ဖို့တိုက်တွန်းနေတာ မဟုတ်ဘဲ ပွင့်လင်းမြင်သာစွာ ရိုးသားစွာ ဖြောင့်ဖြောင့်မတ်မတ် အပြုသဘော ဆောင်ရွက်ပေးတာဟာ စစ်မှန်တဲ့ အမျိုးသားနိုင်ငံရေးဘဲ ဖြစ်ပါတယ်။ ပြည်သူလူထုတွေကို ပေးထားတဲ့ ဂတိမတည်ရင် တပ်မတော်က စိုးရိမ်စရာမလိုဘဲ ပြည်သူတွေက ပါတီကို ဖြုတ်ချသွားမှာဖြစ်တယ်။ လူထုက အသိတရား မြင့်မား နေပြီးဖြစ်သလို မီဒီယာခေတ်မှာ နည်းနည်းမှားတာနဲ့ တဟုန်ထိုးပြန့်နှံ့လာတတ်ပြီ ဖြစ်လို့တပ်က စောင့်ကြည့်နေယုံသာဖြစ်ပါတယ်။ အဆိုပါ အချက်တွေကြောင့် တပ်က၂၅% ယူထားတာဖြစ်ပြီး NLD ကနားလည် လုပ်ဆောင်လာမယ် ဆိုရင် တားချိန်တောင် မရလိုက်ဘဲ ဘားတိုက် တန်းပြန်သွားပါလိမ့်မယ်။

၂၈။ တပ်မတော်ရဲ့ နောက်ဆုံးသံသယကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို တကယ်ဘဲ သံ
ယောဇဉ် ရှိပါ့မလား ဆိုတာဖြစ်ရာ သူမရဲ့တပ်အပေါ် စည်းရုံး ထိတွေ့ဆက်ဆံမှု အားနည်းချက်တွေက စိုးရိမ်စရာဖြစ် နေတယ်လို့ ပြောတဲ့သူတွေ ရှိပါတယ်။ စာရေးသူဟာ KNU နဲ့ ABSDF တို့မှ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်ကို အပြုသဘောမြင်တဲ့ သူများအား ဆက်သွယ်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့တပ်အပေါ် အတွင်းသဘော ခန့်မှန်းခိုင်းပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေ တည်ထောင်ခဲ့တဲ့ တပ်မို့လို့ အင်မတန်မှ သံယောဇဉ်ရှိကြောင်း၊ ဂျပန်နိုင်ငံသွားပြီး သူ့အဖေနဲ့ ရဲဘော် (၃) ကျိပ် လှူပ်ရှားခဲ့တဲ့ နယ်မြေကို လေ့လာခဲ့တာဟာ တပ်ကို သံယောဇဉ်ရှိလို့ ပြောရမှာ ဖြစ်ကြောင်း၊ တပ်မတော်နေ့ အခမ်းအနားတက်ကတည်းက သံယောဇဉ် ပိုပြီးတွေ့ရမှာဖြစ်ကြောင်း၊  ရွေးကောက်ပွဲ မဲဆွယ်မိန့်ခွန်းမှာ တပ်မတော်ကို ခေတ်မှီတပ်မတော်ဖြစ်ဖို့ ဖြည်းစွမ်းပေးမယ် ဆိုတာဟာ သူမ တကယ်ဘဲ ရင်ထဲက ချစ်လို့ပင် ဖြစ်ကြောင်း၊ စာရေးသူရေးခဲ့တဲ့ ဆောင်းပါးတနေရာမှာ ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ထိပ်သီးဆွေးနွေးပွဲ အချိန်အတွင်း အမတစ်ယောက်လို တပ်ချုပ်က ဖေါ်ဖေါ်ရွေရွေ ဆက်ဆံနေတာ ဖေါ်ပြခဲံ့တာကို ဒေါ်အောင်ဆန်းစုကြည်က သဘောကျဟန်တူပြီး မောင်နှမလို့ သုံးစွဲသွားတာ တွေ့ရမှာဖြစ်ကြောင်း၊ ကုန်ကုန်ပြောရရင် သူမပါတီထဲမှာ အစွန်းရောက်သဘောထားတွေ အမြင်တွေ မဖြန့်ဝေခဲ့တာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆူးညှောင့်ခလုတ်ဖြစ်မှာ စိုးလို့ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလ  တပ်နဲ့ ပါတီအကြား သွေးထိုးမှုတွေကို ရှောင်ရှားခဲ့ကြောင်း၊  တပ်မတော်ကို ထိတွေ့ခွင့်မရတာဟာ လွှတ်တော်အတွင်း အနည်းဆုံးဖြစ်ပြီး အစိုးရအဖွဲ့မှာ ပါဝင်မှု မရှိတဲ့ အခြေအနေ ကန့်သတ်ချက်ကြောင့်ဖြစ်ကြောင်း၊ အစိုးရဖြစ်လာပြီဆိုရင် လုပ်ပိုင်ခွင့်နဲ့ တပ်မတော် သက်သာချောင်ချိရေးကို ထိခိုက်စေမဲ့ ဘတ်ဂျက် ဖြတ်တောက်တာမျိုး လုပ်လိမ့်မယ် မထင်ကြောင်း၊ သူမကတောင် အနောက်နိုင်ငံတွေနဲ့ ချိတ်ပေးမှာဖြစ်ကြောင်း၊ အရှင်းဆုံးဖြစ်စဉ်မှာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ကာလအတွင်း တပ် ဘတ်ဂျက်တောင်းခံတာမျိုးကို ဆန့်ကျင် ဆွေးနွေးတာမျိုး မလုပ်ခဲ့သလို ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးပြဌာန်းတာမျိုး သဘောတူခဲ့တာ ကြည့်ခြင်းဖြင့် တပ်အပေါ် တစုံတခုထိ နားလည်ပေးဟန်တူကြောင်း၊ ဒေါ်အောင်ဆန်းစုကြည့် အပေါ် အထင်အမြင် မလွှဲစေလိုကြောင်း ပြောသွားကြပါတယ်။

၂၉။ ဒါကြောင့် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို သံသယတွေ ဖျောက်ပြီးယုံကြည်စွာ လက်တွဲမယ် ဆိုရင် ပြည်သူလူထုရဲ့ သာဓုခေါ်သံဟာ မြန်မာမြေကြီး သိမ့်သိမ်တုန်ကာ အာရှတိုက်တတိုက်လုံး ငေးကြည့် ရပါလိမ့်မယ်။ စာရေးသူဆောင်ပါးမှာ တင်ပြဖူးတဲ့ ပုဒ်မ (၅၉) (စ) ဟာ ခေတ်နဲ့မညီသေးလို့ နည်းလမ်းရှာ ခေတ္တ ဆိုင်းငံ့လုပ်နိုင်တယ် ဆိုတဲ့တင်ပြချက်ကို ထုတ်ဖေါ်လာတာဟာ ဝမ်းသာအားရဖြစ်မိပါတယ်။ ဒီပုဒ်မကို အဆိုပြုရာမှာ တပ်မတော်က စတင် တင်သွင်းမည်ဆိုရင် တပ်မတော်သမိုင်းအမဲစက် လုံးဝကင်းစင်သွားမှာဖြစ်ပြီး ကြားကာလ သမ္မတကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရိုသေလေးစားတဲ့သူကို ဖြစ်ဖြစ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ဘဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်စွာနဲ့ အသိအမှတ်ပြုရင် ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးသွားမှာ မလွှဲဧကန်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts