ဓာတ်ပုံသတင်း

သွန်းခ – အကယ်ဒမီဝေဠုကျော်ကို ဒေါက်တာဘွဲ့ ချီးမြှင့်

 

သွန်းခ – အကယ်ဒမီဝေဠုကျော်ကို ဒေါက်တာဘွဲ့ ချီးမြှင့်

(ရန်ကုန်၊ ဇန်နဝါရီ ၄) မိုးမခ၊ ဇန်န၀ါရီ ၅၊ ၂၀၁၆

ယူနီယံဓမ္မတက္ကသိုလ်မှ ဂုဏ်ပြုချီးမြှင့်သည့် ပရဟိတလုပ်ငန်းများ၌ ထူးချွန်စွာ ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ကြသူများအား ဒေါက်တာဘွဲ့ချီးမြှင့်ခြင်း အစီအစဉ်တစ်ရပ် ကို ရန်ကုန်မြို့ ၊မြို့တော်ခန်းမရှေ့ရှိ ဧမာနွေလ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ၄၊၁၊၂ဝ၁၆ နေ့၊နေ့လည် ၁နာရီမှ ၃ နာရီအထိကျင်းပပြုလုပ် ခဲ့သည်။

အစီအစဉ်အရ ခရစ်ယာန် ဓမ္မအမှုတော်ဆောင်များ၏ကိုယ်ကျိုးစွန့်အမှုတော်ဆောင်ခဲ့ကြသူများအား ဂုဏ်ပြုသည့်ဘွဲ့ဒီဂရီချီးမြှင့်ခြင်း၌ လူမျိုးဘာသာခွဲခြားခြင်းမရှိစေရပဲ အများအတွက် ပရဟိတ အကျိုးဆောင်ရွက်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော် အား လူမှုရေးစွမ်းဆောင်ရှင် ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

အကယ်ဒမီဝေဠုကျော်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၌ လူမှုဘဝကယ်ဆယ်ရေးလုပ်ငန်းများ တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့ရုံသာမက လူသားချင်းစာနာသည့် ပရဟိတလုပ်ငန်းများ ၌ လည်း အလှူငွေအားဖြင့် အဆက်မပြတ် ပါဝင်ခဲ့သူဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သည့် ၂ဝ၁၅ မြန်မာနိုင်ငံတစ်ဝှမ်း ကြုံတွေ့ခဲ့ကြသည့် ရေဘေးဒုက္ခအကူအညီပေးရေး၌ အကယ်ဒမီ ဝေဠုကျော်သည် ချင်းပြည်နယ် ၊ ကလေး ဒေသကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသက်ကိုပဓာန မထားပဲ စွန့်လွှတ်စွန့်စား ပါဝင်ကူညီဆောင်ရွက်ခဲ့သည်ကို တွေ့ကြရသည်။

ဧမာနွေလ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၏ ဆရာတော်သိက္ခာတော်ရ ဆရာတော်ဒေါက်တာယော်လား၏ ဂုဏ်ပြုစကားတွင်လည်း “ပရဟိတ၊ ကိုယ်ကျိုးစွန့်လုပ်ငန်းများ လုပ်ခဲ့ကြသူများထဲမှ အကယ်ဒမီသရုပ်ဆောင်ဝေဠု ကျော်အတွက် ဂုဏ်ယူပါကြောင်း၊ ယနေ့ ချီးမြှင့်သည့်ပုဂ္ဂိုလ် ၅ ဦးအား မထိုက်တန်လျှင် ချီးမြှင့်၍မရပါကြောင်း၊ မြန်မာစကားတွင်ရှိနေသည့် ချီးမွှမ်းထိုက်သူ၊ဂုဏ်ပြုထိုက်သူ များအား ချီးမွှမ်းဂုဏ်ပြုရခြင်းသည် မင်္ဂလာတစ်ပါးဖြစ် သည့်အားလျော်စွာ ချီးမွမ်း၊ ဂုဏ်ပြုလိုက်ရပါကြောင်း” ထည့်သွင်း ပြောကြားသွားခဲ့သည်။

အကယ်ဒမီဒေါက်တာဝေဠုကျော်မှလည်း ကျေးဇူးတင်ထိုက်သူများထဲမှ ၄င်း၏ မိဘများအားလည်းကောင်း၊ ၄င်း၏ အစ်ကိုဆရာဖြစ်သူ နာရေးကူညီမှုအသင်းကြီးမှ ဦးကျော်သူအားလည်းကောင်း ကျေးဇူးတင်စ ကားပြောကြားသွားခဲ့သည်။ ထို့အပြင် အခြားသော လူမှုဘဝ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၌ လူမသိ၊ သူမသိ လှုပ်ရှား ပါဝင် လုပ်ကိုင်နေကြလျက်ရှိသည့် အကျိုးတော်ဆောင်များ အားလုံးကိုယ်စားအနေနှင့် ဒေါက်တာဘွဲ့ အားလက်ခံခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသွားခဲ့သည်။

အစီအစဉ်တွင် ခရစ်ယာန် ဘာသာဝင်များအပါအဝင်လူမှုရေးလုပ်ငန်းဆောင်ရွက်ကြသည့် ပရဟိတ အ ဖွဲ့များ၊ ဂုဏ်ပြုပွဲ လာရောက်ချီးမြှင့်ကြသူများ စုစုပေါင်း ၇ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။ အကယ်ဒမီဝေဠုကျော်အား ချီးမြှင့်သည့် ဒေါက်တာဘွဲ့ကို သိက္ခာတော်ရဆရာတော် ဒေါက်တာ မောရစ်စ် လျန်းနာမှ ချီးမြှင့်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts