ရေခြားမြေခြား မြန်မာများ

စမ်းစမ်းတင် – မေငြိမ်းသို့ပေးစာ

 
စမ်းစမ်းတင် – မေငြိမ်းသို့ပေးစာ
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၇၊ ၂၀၁၅
မေငြိမ်းရေးတဲ့ လွမ်းရကောင်းနိုး မကောင်းနိုးဖတ်မိတော့၊ စာတွေကဗျာတွေ ပြည်တွင်းမှာ မပါရချိန် ဂျပန်နိုင်ငံမှာထုတ်တဲ့ စာစောင်က စာမူတောင်းလို့ ပို့ဖြစ်တဲ့ ကဗျာ တပုဒ်ကို သတိရတယ်။
 
ဆရာတင်မိုးလည်း အဲဒိမှာရေးလေ့ရှိပြီး အဲဒိကဗျာဖတ်ဖြစ်လေတယ်။ ဆန်ဖရန်စ္စကိုက စာပေဟောပြောပွဲလာတဲ့ဆရာနဲ့ ဆုံတော့ ဆရာကအဲဒိ ကဗျာကိုဖတ်ထားပြီးသား ရယ်လည်းရယ်တယ်… ။
 
ခေါင်းစဉ်ကို ပြောပြောရယ်ရယ်။  ကဗျာကတော့ ထုံးစံအတိုင်း ခပ်တိုတို။  ဗမာပြည်တုန်းက အယ်ဒီတာတယောက် ပြောဖူးသလိုပေါ့ –  အစ်မ ကဗျာတွေက ပင်နယ်တီ ဂိုးပဲဆိုသလို။  သူပြောတာက ဆရာဂျမ်း ( ဆရာတင်မိုး) သဘောရသလိုပါပဲ။  လျှာရှည်နေတာနဲ့ ကဗျာဘက်မရောက်ဘူး။
 
ကဗျာက ဒီလို …
မေငြိမ်းရေ့  ခေါင်းစဉ်ဖတ်ဖို့ မမေ့နဲ
 
ပြည်ပြေး
 
အတောင်ရှိလျက်
အပြန်ခက်တဲ့ ငှက်
အသိုက်မဲ့ပေါ့
 
ဒီကဗျာရေးချိန်က အိမ်လွမ်းနာ မကြာမကြာကျနေချိန်။  နောက်အချိန်တွေပြောင်းတော့ လူလည်းနေသားတကျဖြစ်လာ..အတွေးလည်းပြောင်းသွားတယ်။  ခုတော့ ပြောလေ့ရှိနေတာက …
 
ကောင်းကင်အောက် ဘယ်နေရာရောက်နေနေ
နေတတ်ရင် အိမ်
 
တခါတခါကျတော့ ပြည်တော်ပြန်လေမလားတွေးပြန်တော့ – ကိုယ်ပြောပြောနေတာနဲ့ ကွဲလွဲချက် ထွက်လာပြန်ရော။ 
 
အမေမရှိရင် အိမ်လည်းမရှိတော့ ဆိုတာပေါ့မေမေက ၂၀၁၀ မှာဆုံးသွားတာ။
 
ခုတော့နေထိုင်ရာကို ရွေးဖို့စဉ်းစားရင် သမာအာဇီဝနဲ့သန့်ရှင်းတဲ့ဘဝကိုပဲ ဦးစားပေးရွေးမိတော့တာ။
 
နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်ပြီး (တကယ်တော့ ကိုယ့်ကိုယ်ကိုယ်လှည့်စားတာ)
 
ကောင်းကင်အောက် ဘယ်နေရာရောက်နေနေ

 

နေတတ်ရင် အမေ့အိမ်ပါပဲ   မေငြိမ်းရေ
 
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts