ရသဆောင်းပါးစုံ

ရန်ဝင်း (တောင်တံခါး) – ကျောက်ဂူဥမင် ဂူဘုရား၊ ပုဂံ

 ကျောက်ဂူဥမင် ဂူဘုရား၊ ယခင်
ရန်ဝင်း (တောင်တံခါး) – ကျောက်ဂူဥမင် ဂူဘုရား၊ ပုဂံ
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၅

ပုဂံဘုရားဖူးတွေ အရောက်အပေါက် နည်းကြတဲ့ ဂူဘုရားကြီးတစ်ဆူကတော့ ညောင်ဦးမြို့ အရှေ့မြောက်အရပ် ခပ်ဝေးဝေး မှာရှိတဲ့ ကျောက်ဂူဥမင် ဂူဘုရားကြီး ဘုရားအမှတ် ၁၅၄/၁၂၃ ဖြစ်ပါတယ်။

သက္ကရာဇ် ၅၅၀ ခုနှစ်ထိုး ကျောက်စာအရ သခင်ထံပါ (သခင်ဓမ္မပါလ) အား လှူတော်မူသည်လို့ ရေးထိုးထားတဲ့ နရပတိစည် သူမင်းကြီး ကောင်းမှု ဖြစ်ကြောင်း သိရပါတယ်။

ကျော်ဆစ်လက်ရာ အနေအထားတွေအရဆိုရရင်တော့ နှစ်ပေါင်း ၁၀၀ လောက်စောတဲ့ ထိလိုင်မင်းကြီး လက်ထက်လောက် ကတည်းက ကျောက်ဂူဥမင်ကြီး ရှိနေခဲ့နိုင်တယ်လို့ အဆိုရှိပါတယ်။

ဧရာဝတီမြစ်ဆီကို စီးဆင်းတဲ့ ချောက် ချောင်းကမ်းပါး၊ ကျောက်ကုန်းစောင်းပြတ် တစ်ခုကို ထွင်းဖေါက်ပြီး ဥမင်ကြီးအဖြစ် ဖန်တီးထားပါတယ်။ မူလ ကျောက်ဆစ်လက်ရာ ဂူကြီးအပေါ်ဘက်မှာ အုတ်ရိုးတစ်ထပ် ထပ်ဆင့်စီထားတဲ့ ဂူဘုရား ဖြစ်ပါ တယ်။

မြေနိမ့် ချောက်ဘက်ကိုမျက်နှာမူထားပြီး၊ ရှေ့မျက်နှာစာမှာတော့ ကျောက်ဆစ် ကျောက်ချပ် ကျောက်အုတ်တွေကို စီပြီး၊ ရှေ့ပိုင်း နှစ်ဆင့် တိုက်ခန်းမကြီး ကို ခန့်ခန့်ညားညား တည်ဆောက်ထားပါတယ်။ အပေါ်ထပ်မှာတော့ မီးဖုတ်အုတ်ချပ်တွေနဲ့ တည်ဆောက်ထားပါတယ်။ အပေါ်ဆုံးမှာ ရှိတဲ့ စေတီငယ်က နောက်ပိုင်းထပ်ဖြည့်ထားတဲ့ လက်ရာဖြစ်ပါတယ်။

ဘီလူးပန်းဆွဲတွေ၊ ပန်းတန်းတွေ၊ ဘီလူးရုပ်၊ မိန်းမငယ်ရုပ်၊ ကိန္နရာရုပ် စတဲ့ အလွန်တရာ လက်ရာမြောက်တဲ့ ကျောက်ဆစ်ရုပ် တွေလည်း ရှိပါတယ်။

တိုက်မကြီး အတွင်းပိုင်း လိုဏ်ပတ်လမ်း နံရံတွေမှာ အချိုင့်ပေါင်း ၄၉ ခုရှိတဲ့အထဲ အတွေ့အမြင်ရနည်းပါးတဲ့ ကျောက်ဆစ် လက်ရာ ဗုဒ္ဓဆင်းတုတော်တွေ ရှိပါတယ်။ မူလတုန်းက ဗုဒ္ဓဆင်းတုတော်တွေ အပြည့် ရှိခဲ့ပါလိမ့်မယ်။ အခုအချိန်မှာတော့ ကွက်လပ်ဖြစ်နေတာတွေက များနေပါတယ်။

နောက်ဘက်ပိုင်းမှာတော့ အကွေ့အကောက် ဥမင်တွေ ဖေါက်ထားပါတယ်။ ဥမင်တွေရဲ့ နံရံတွေမှာ တရားကျင့်ကြံဖို့အတွက် ထွင်းဖေါက်ထားတဲ့ အခန်းငယ်တွေရှိပါတယ်။ အခန်းဝင်ပေါက် ပေါင်တွေမှာ ရှေးဟောင်းသစ်သား နဲ့ အုတ်ကိုရောနှောပြီး စီထားတာတွေကိုလည်း တွေ့နိုင်ပါသေးတယ်။

အနီးအပါးမှာ နှောင်းခေတ်မှ တည်ဆောက်ထားတဲ့ ကျောင်းတွေ ရှိနေပေမယ့် အေးချမ်းတိတ်ဆိတ်တဲ့ သဘာဝအတိုင်း ရှိနေသေးတဲ့ အရပ်ဒေသတစ်ခုဖြစ်ပါတယ်။

အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Old Burma-Early Bagan: Gordon H. Luce. Print 1970
Pictorial Guide to Pagan: Reprint 1971
Pagan, Art and Architecture of Old Burma: Paul Strachan 2nd Edn. Print 1996
http://www.baganmyanmar.com
www.myanmartours.us

 

 ကျောက်ဂူဥမင် ဂူဘုရား၊ ယခု
ကျောက်ဂူဥမင် ဂူဘုရား၊ ပန္နက်ပုံ
ဂူဘုရား အတွင်းပိုင်းက လိုဏ်ပတ်လမ်း
အတွင်းပိုင်း နံရံတစ်နေရာက ကျောက်ဆစ် ဆင်းတုတော်များ
အတွင်းပိုင်း နံရံတစ်နေရာက ဒုက္ကရစရိယ ကျင့်နေပုံ ဆင်းတုတော်
အပြင်နံရံမှ ကျောက်ဆစ်ပန်း
မုခ်အ၀င်မှ ကျောက်ဆစ် ရုပ်တုများ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts