ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ငါ မဲပေးမယ့် အမတ်လောင်းလျာလေးများသို့

 

ငြိမ်းချမ်းအေး – ငါ မဲပေးမယ့် အမတ်လောင်းလျာလေးများသို့

မိုးမခ ။ စက်တင်ဘာ ၁၄၊ ၂၀၁၅

“အသက် ၂၃ နှစ်ရှိ

ဒူးပေါ် ဂါဝန်ဝတ်

အိုင်ယာလန်လုံမပျို

အမတ် ‘မစ္စဘားနားဒဲ့ ဒက်ဗလင်’ သို့..”

 လွန်ခဲ့တဲ့ ၄၅ နှစ်က ဦးလှိုင် တိုင်တည်ဖူးခဲ့..။

ငါလည်း အခု တိုင်တည်ချင်ပါရဲ့..

ဒူးပေါ် ဂါဝန်ဝတ်

မြန်မာ ဗမာ အမျိုးသမီး အမတ် လုံမပျိုများ

ရှင်သန်ခွင့်ရှိရာ စနစ်အဖွဲ့စည်း တခုဆီသို့..။

±±±

အခုတော့..

ငါ့ နှမလေးများ

ငါ့ သူရဲကောင်းမလေးများ

ငါ့ ခေါင်းဆောင်လေးများက

ထောင်ထဲ တန်းတဲမှာ

စိန်ပန်း ကံ့ကော်နံ့မသင်း

စာသင်ခန်းနဲ့ ဝေးရာမှာ

ချစ်သူ ခင်သူများနဲ့ အဝေးမှာ

မွေးနေ့ပေါင်းများစွာကို

ခေါင်းမော့ ရင်ကော့ အပြုံးမပျက်

ဖြတ်သန်းနေတယ်..။ 

±±±

စင်မြင့်နိုင်ငံရေး၊ ပွဲတက်နိုင်ငံရေး

ပုဝါခြုံ နိုင်ငံရေး၊ အလှပြ နိုင်ငံရေး

ဆုတံဆိပ် နိုင်ငံရေး

လူတစု နိုင်ငံရေးနဲ့ ဝေးရာမှာ

ရေပေါ်ဆီများရဲ့ အလေးထား

လော်ဘီခြင်းလည်း မခံရရှာဘူးပေါ့..။

နှစ်ပိုင်းဖြတ် အလှမယ် အတွက်

နေ့မအား ညမအား ကလစ် ကလစ် လုပ်ခြင်းကို

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်သလောက်

ဂုဏ်ယူနေကြသူ ခပ်တိမ်တိမ်များရဲ့

အလေးဂရုမပြုခံရခြင်းကိုက ဂုဏ်ယူစရာပါ 

ငါ့ နှမရေ..။

စစ်ဖိနပ်အောက်က

‘ဘယ်’ ‘ညာ’ အပြောင်းကို

အကောင်း ထင် မြင် တက်ကြွနေသူများရဲ့

အရေးလုပ် ကလစ်ခြင်း မခံရတာကိုကလည်း ဂုဏ်ယူစရာပါ

ငါ့ နှမရေ..။

±±±

ပုဝါနှစ်စ အသာချ 

စစ်ဗိုလ်များ မျက်နာတော် ညှိုးမှာ စိုးလှတဲ့

ဆွံ့အ၊ နားမကြား၊ မျက်စိ တိမ်သလ္လာဖုံး

၉၆ ပါး ရောဂါစုံရင်း

တကျော့ပြန် ခေတ်သစ် ခွေးကတက် ဇာတ်လမ်းခင်းနေရတဲ့

စစ်လွှတ်တော်နိုင်ငံရေးခေတ်မှာတော့

ရွေးကောက်ပွဲကိုလည်း လူအထင်ကြီးခံ

ငါလည်း ဝင် လက်ရောက် ‘လော်’ မှု မမြောက်ပါရစေနဲ့တော့..။

ဆံပင်နီကြောင်

ဘောင်းဘီ မတိုမရှည်

စကတ် ဂါဝတ်ဝတ်

Hip Hop ကြိုက်တဲ့

ငါ့ နှမတို့ ခေတ်ရောက်မှပဲ

ရွေးကောက်ပွဲ ပါလီမန်ကနေ

ဓားမိုးကာ ရေစီးကြမ်းလှတဲ့

‘လူတစု ဒီမိုကရေစီ’

ပေါက္ခရဝဿမိုးကို 

‘လူထု ဒီမိုကရေစီ’

ရှင်နေမင်းထွန်း

လင်းလက်တောက်ပစေပါတော့..။

±±±

မြောက်အိုင်ယာလန်က

‘သွေးစွန်းတဲ့ တနင်္ဂနွေ’ အတွက်

ဘုရင်မ စစ်သားတွေက ကိုယ့်ကိုယ်ကိုကာကွယ်ရင်း ပစ်ရတာပါ

ပါလီမန်မှာလာ ‘ညာ’ ထွက်ဆိုတဲ့ ပြည်ထဲရေးဝန်ကိုတော့

အိုင်ယာလန် လုံမပျို ဘားနားဒဲ့က ပါးရိုက် ပစ်ခဲ့သတဲ့..။

ဒို့တိုင်းပြည်မှာလည်း..

ဘာမထီတဲ့ ခွပ်ဒေါင်းအစစ်

ငါ့နှမများ ခေတ်ရောက်မှပဲ

သမိုင်းက သွေးစွန်းတဲ့ ရက်စွဲများစွာ

တနင်္ဂနွေများစွာအတွက်

၂၀၁၅ ‘သွေးစွန်းတဲ့ အင်္ဂါ’ အထိ

လုံထိန်းက ကာကွယ်ရင်း ရိုက်ခဲ့ရတာပါဆိုတဲ့

လယ်သူမကြီး ခေါင်းက ကျည်ဆန်က တရားဝင်ပါတယ်ဆိုတဲ့

စစ်ဗိုလ် သမ္မတ စစ်ဗိုလ် အမတ် အပေါင်းနဲ့

ကိုယ့်လူ သူ့ဘက်သား ကြံရာပါ အပေါင်းကို

စစ်ဘုရင် လူဆိုး ‘အယုတ်’ ကြီးများရှိရာ

ကျတ်ပြေး အရပ်က စစ်လွှတ်တော်အပေါက်ကစောင့်

“..စကတ်တိုတာလှတယ်

အသိဉာဏ်တိုတာ မလှဘူး၊

တရားဥပဒေလက်တံတိုတာ မလှဘူး..”

ကိုရွှေ့ ကဗျာကို ရွတ်ပြပြီး

ပါးတွေ တန်းစီ ရိုက်ပြမယ့်

ဒူးပေါ် ဂါဝန်ဝတ်

အမတ် လုံမပျိုခေတ်သစ်ကို

ငါတို့ မျိုးဆက်သစ် ‘စံ’ စားရတော့မယ်..။

±±±

ဗမာပြည်အား

ပြည်သူ့ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် စစ်စစ်ထူထောင်ရန်

ကြံစည်နေသော

အသက် ၂၀ ကျော်

ဘောင်းဘီ တိုရှည်

စကတ်တို. ဂါဝန်ဝတ်

မြန်မာ ဗမာ လုံမပျို

ငါ့ ခေါင်းဆောင်

ငါ မဲပေးမယ့်

အမတ်လောင်းလျာလေးများ သို့..။

ငြိမ်းချမ်းအေး

စက်တင်ဘာ ၁၂၊ ၂၀၁၅

ဝန်ခံချက်-  ဆရာ သိဒ္ဓတ္ထလှိုင် (သုခမိန်လှိုင် ) ဂျွန်လ၏မိုးရေ (၁၉၇၂) ကဗျာ စာအုပ် အဖွင့် စာသားနှင့် စတီရီယိုတေးရေးဆရာ ရွှေဂျော်ဂျော် ၏ ကမ္ဘာကြီးရဲ့သီချင်းတပုဒ် (၂၀၁၅) ကဗျာ စာသားများက ခံစားမှု တွန်းအားပေးပါသည်။

≠≠≠≠≠≠≠≠≠

ပုံ အညွန်း (၁) – ပညာရေးဥပဒေမူကြမ်းအသစ်ကို ကန့်ကွက်သည့်အနေဖြင့် ဒီမိုကရေစီပညာရေး ခရီးရှည်ချီတက်ပွဲ ဆင်နွှဲခဲ့ကြသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ ပင်မသပိတ်ကြောင်း အစိုးရ၏ အင်အားသုံး တားဆီးပိတ်ဆို့ခံရသဖြင့် ပဲခူးတိုင်း လက်ပံတန်းမြို့တွင် ငြိမ်းချမ်းစွာ ထိုင်သပိတ်ဆင်နွှဲနေစဉ် အလံကိုင်ကာ ပါဝင်ဆင်နွှဲ တိုက်ပွဲဝင်နေသူ သပိတ်မှောက်ကျောင်းသူငယ် တဦး၊ ၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့။

ပုံ အညွန်း (၂) –  ၂၀၁၅ ခုနှစ်၊ ဇွန်လ ကျောင်းသားသပိတ် ရန်ကုန် ဆန္ဒပြမှု မြင်ကွင်း

 

Photos Credit: Soe Zeya Tun / Reuters


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts