သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ပြိုင်ဆိုင်မှုပြင်းထန်လာသော တရုတ်နှင့်ဂျပန်၊ ပါဝင်ပတ်သက်လာသော မြန်မာ (ဒုတိယပိုင်း)

မောင်မောင်စိုး – ပြိုင်ဆိုင်မှုပြင်းထန်လာသော တရုတ်နှင့်ဂျပန်၊ ပါဝင်ပတ်သက်လာသော မြန်မာ (ဒုတိယပိုင်း)
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၅

• တကျော့ပြန်ဂျပန်
ဒုတိယကမ္ဘာစစ်အပြီးနောက် ဂျပန်သည် စီးပွားရေးအရ ပြန်လည်နလံထူလာပြီး ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ခဲ့သော်လည်း စစ်
ရေးအရမူ အမေရိကန်၏ထီးရိပ်အောက်တွင် နေခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်တို့ဆွဲပေးထားသော ဥပဒေ အရ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့သာ ဖွဲ့ခွင့်ရှိပြီး ၎င်းကို ကာကွယ်ရေးအေဂျင်စီအောက်တွင် ထားသည်။ ကာကွယ်ရေး ဝန်ကြီးဌာန ဖွဲ့ခွင့်မရှိခဲ့ဘဲ နှစ်ပေါင်း ၇၀ ကျော်နေခဲ့ရသည်။ ကာကွယ်ရေး စစ်တပ် စသည်တို့နှင့်ပတ်သက်ပြီး အခြားနိုင်ငံများ ရသောအခွင့်အရေးထက် များစွာဆုံရှုံးခဲ့သည်ဟု ဆိုရမည်။

ဒုတိယကမ္ဘာစစ်တွင်းက တာဝန်ရှိမှုအရဆိုရင်လည်း သူနှင့်အလားတူတာဝန်ရှိသော ဂျာမဏီနှင့်အီတလီတို့သည် စောစီးစွာ ကပင် ၎င်းတို့၏စစ်တပ် ကာကွယ်ရေးတို့နှင့်ပတ်သက်၍ အခွင့်အရေးကို ပြန်လည်ရခဲ့ပြီဖြစ်သည်။ ဂျပန်တို့နှင့်ပတ်သက်၍ ကြန့်ကြာနေခြင်းမှာ ဂျပန်တို့၏ စစ်ဝါဒပြန်လည်ခေါင်းထောင်လာမှုနှင့်အတူ ဂျပန်တို့၏ ဘူရှီဒို သူရဲကောင်းစိတ်ဓါတ်နှင့် ကာမီကာဇေအသေခံရဲသည့်စိတ်ဓါတ်တို့ ပေါင်းစပ်ပါက ကြောက်မက်ဘွယ်ကောင်းမည်ဆိုကာ အစိုးရိမ်လွန်နေကြ၍ဟု ယူဆရသည်။

သို့သော် ယခင်လူများလုပ်သမျှ နောက်လူပေါ်ပုံချ၍မရပေ။ နောက်လူများကလည်း လက်ခံကြမည်မဟုတ်။ ဂျပန်တို့သည် လည်း ၎င်းတို့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်ကိုတွေ့ရသည်။ အထူးသဖြင့် ၂၀၀၁ မှ ၂၀၀၆ ထိ ဝန်ကြီးချုပ်တာဝန်ယူခဲ့သော Koizumi ကိုအီဇုမိလက်ထက်က စ၍ပေါ်လွင်လာသည်ဟု ဆိုရမည်။

ကိုအိဇမိနှင့် သူ၏ဝန်ကြီးများသည် Yasukuni ယာဆူကုနိ စစ်သင်္ချိုင်းတို သွားရောက် ဂါဝရပြု၍ ဂျပန်စစ်တပ်အခန်းကို ဖေါ် ထုတ်ခဲ့သည်။ ယာဆုကုနိ စစ်သင်္ချိုင်းသည် ၁၈၆၈ ဂျပန်ဘုရင်မေဂျီလက်ထက်က စတင်တည်ဆောက်ခဲ့ပြီး ဂျပန်အင်ပါ ယာအတွက် ကျဆုံးခဲ့သူစစ်သားများသာမက အလုပ်သမားများအရပ်သား ယောက်ျားမိန်းမ ကလေးမကျန် မှတ်တမ်းတင် ထားသောနေရာဖြစ်သည်။ လူဦးရေ ၂ သန်းခွဲနီးပါး၏ အမည် မွေးရက်မှစ၍ ကျဆုံးသည့် ရက်စွဲနေရာများပါ မှတ်တမ်း တင်ထားသည်။ ဂျပန်နိုင်ငံသားများသာမက ဂျပန်အင်ပါယာအတွက် တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့ကြသော ကိုရီး ယားနှင့် တိုင်ဝမ်တရုတ်များလည်းပါသည်။ သို့သော် ပြောစရာဖြစ်နေသည်မှာ ထိုသူများထဲတွင် ဒုတိယကမ္ဘာစစ်တွင်းက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများဟုသတ်မှတ်ခံရသူ ၁၀၆၈ ဦးပါရှိပြီး ထိုထဲတွင် ထိပ်တန်းစစ်ရာဇဝတ်ကောင်ဟု သတ်မှတ် ခံရသူ ၁၄ ဦးပါဝင်သည်။ ထို့ကြောင့်လည်း ကိုအီဇုမိတို့ ယာဆူကုနိသွားတိုင်း တရုတ်နှင့်တောင်ကိုရီးယားတို့က ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့ကြသည်။

ကိုအိဇုမိပြီးနောက် သူ၏လက်ထောက်ဖြစ်သူ ရှင်ဇိုအာဘေး၂၀၀၆ စက်တင်ဘာမှ ၂၀၀၇ စက်တင်ဘာထိ တာဝန်ယူခဲ့သည်။ သူတာဝန်စဉ်ကာလအတွင်း ဂျပန်ကာကွယ်ရေးအေဂျင်စီကို ကာကွယ်ရေးဝန်ကြီးဌာနအဖြစ် ၂၀၀၇ ဇန္နဝါရီ ၉ ရက်တွင် ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ တဖက်ကလည်း အာဖဂန်စစ်ပွဲ အီရတ်စစ်ပွဲတို့တွင် ဂျပန်ရေတပ်၏ ထောက့်ပံ့ရေး စစ်သင်္ဘော များကို အသုံးချလိုခြင်း ကုလငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ဂျပန်ပါစေလိုခြင်းကြောင့် ဂျပန်တို့၏ကာကွယ်ရေးနှင့်ပတ်သက်သည့် ဥပဒေပြင်ခြင်းကို အမေရိကန်တို့ သဘောတူခဲ့ရသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို တိုးမြှင့်ဖွဲ့စည်းနိုင်ခဲ့သော ရှင်ဇိုအာဘေး Shinzo Abe သည် ၅ နှစ်အကြာ ၂၀၁၂ ဒီဇင် ဘာတွင် လစ်ဘရယ်ဒီမိုကရက်ပါတီ၏ ခေါင်းဆောင်အဖြစ် ပြန်လည်အရွေးခံရပြီး ဂျပန်ဝန်ကြီးချုပ်ပြန်လည်ဖြစ်လာခဲ့ သည်။ ၂၀၁၅ ဧပြီလ ရှင်ဇိုအာဘေး၏ အမေရိကန်ခရီးစဉ်အတွင်း ဂျပန်နှင့်အမေရိကန်တို့သည် လုံခြုံရေးမူဘောင်သစ်ကို ဆွေးနွေးသဘောတူခဲ့ကြသည်။ အပြန်အလှန် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွင် ဂျပန်တို့ ပိုမိုတာဝန်ယူရန်တောင်းဆိုခဲ့သည်။ အမေရိကန်တို့တဦးတည်း ပစိဖိတ်ဒေသစိုးမိုးရေး တာဝန်မယူနိုင်တော့ပြီဖြစ်၍ ဂျပန်နှင့်ပူးပေါင်းလုပ်ဆောင်ရန် လမ်းဖွင့်ပေးရပေပြီ။

ဂျပန်၏ လက်ရှိလုံခြုံရေးဆိုင်ရာ လိုအပ်ချက်အရလည်း လက်ရှိအနေအထားအရ သယံဇာတပေါကြွယ်သော တောင်တရုတ် ပင်လယ်၏ ၉၀ ရာခိုင်နှုန်းအား တရုတ်တို့ကပိုင်ဆိုင်ကြောင်း ကြေငြာပြီးလက်တွေ့စိုးမိုးရန်လည်း ကြိုးစားနေခြင်း အရှေ့ တရုတ်ပင်လယ်အားလည်း လွှမ်းမိုးရန် ကြိုးစားလာခြင်းတို့နှင့်အတူ ပေါ်ထွက်လာသော တရုတ်တို့၏စစ်ရေးခြေလှမ်းများက ဂျပန်၏ရေကြောင်းသွားလာရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေပြီဖြစ်သည်။

အမေရိကန်နှင့် သဘောတူညီချက်ရလာပြီးသော ရှင်ဇိုအာဘေးနှင့် လစ်ဘရယ်ဒီမိုကရက်များသည် ဂျပန်ကာကွယ်ရေး အခန်းကဏ္ဍအားမြှင့်တင်ပြီး နိုင်ငံတကာအရေးကိစ္စတွင် ပိုမိုပါဝင်လာနိုင်ရန် တက်တက်ကြွကြွ အားထုတ်လာကြတော့ သည်။၂၀၁၅ ဇူလိုင်လအတွင်း ဂျပန်အောက်လွှတ်တော်က ဂျပန်ကာကွယ်ရေးဥပဒေကိုပြင်ဆင်၍ အသစ်ချမှတ်လိုက်သည်။ ထိုဥပဒေသစ်အရဂျပန်သည် နိုင်ငံတကာတွင် သူ၏မဟာမိတ်များနှင့်အတူ သူ၏စစ်တပ်များပါဝင်နိုင်တော့မည်။ အောက် လွှတ်တော်ကအတည်ပြုလိုက်သော ဥပဒေကြမ်း ၁၁ ခုကို အထက်လွှတ်တော်ကအတည်ပြုပြီးပါက ဥပဒေအသက်ဝင် မည်ဖြစ်သည်။ လစ်ဘရယ်ဒီမိုကရက်တို့၏ ဥပဒေကြောင်းအရ ပါးနပ်စွာကိုင်တွယ်မှုအရ ၎င်းဥပဒေသစ်အား လူထုဆန္ဒခံယူပွဲ လုပ်ရန် မလိုအပ်ပေ။

ရှင်ဇိုအာဘေး၏ လစ်ဘရယ်ဒီမိုကရက်တို့ လွှမ်းမိုးထားသောအထက်လွှတ်တော်တွင်လည်း ဤဥပဒေအား အခက်အခဲမရှိ အတည်ပြုနိုင်ဟု ယူဆရသည်။ ပြဿနာတခုမှာ ငြိမ်းချမ်းရေးလိုလားသော စစ်ဆန့်ကျင်သော ဂျပန်ပြည်သူတို့၏ ကန့်ကွက် မှုပင်ဖြစ်သည်။ ဤဥပဒေကြမ်းအား အောက်လွှတ်တော်မှအတည်ပြုပြီးနောက် ရှင်ဇိုအာဘေးအား လူထုထောက်ခံမှုမှာ ၅၀ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားသည်ကိုတွေ့ရသည်။ သို့သော် ဤဥပဒေ အသက်မဝင်စေရန်တော့ အလားအလာနည်း သည်ဟု ဆိုရမည်။

ဤဥပဒေအတည်ပြုပြီးပါက ဂျပန်၏အသွင်အပြင်သည် ပြောင်းလဲသွားပေတော့မည်။ ၂၀၁၅ အတွက် ကာကွယ်ရေး အသုံးစားရိတ်မှာ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံရှိပြီး ၃ နှစ်ဆက်တိုက် တိုးလာခြင်းဖြစ်သည်။ ၎င်းပမာဏမှာ GDP ၏ (၁) ရာခိုင်နှုန်းသာရှိသေး၍ ထပ်တိုး၍ရနိုင်သေးသည်။ ဂျပန်တို့သည် ၂၀၁၄ မှ ၂၀၁၉ ထိ ငါးနှစ်အတွင်း ကာကွယ်ရေး အသုံးစားရိတ် ၂၄၀ ဘီလီယံ သုံးစွဲရန် ရာထားသည်ဟုဆိုသည်။

တကယ်တော့ ဂျပန်သည် ဒုတိယကမ္ဘာစစ်ကာလ ကထဲကပစီးဖိတ်ဒေသကို စိုးမိုးထားနိုင်လောက်သည့် ရေတပ်ကိုပိုင် ဆိုင်ထားသူဖြစ်သည်။ လေယဉ်တင်သင်္ဘောများကိုလည်းကောင်း၊ လေယဉ်တင်သင်္ဘောနည်းပညာကိုလည်းကောင်း၊ တရုတ်တို့ထက် နှစ် ၇၀ စော၍ ပိုင်ဆိုင်ခဲ့သူများဖြစ်သည်။ လက်ရှိဂျပန်တို့၏ ရဟတ်ယာဉ်တင်သင်္ဘောနှစ်စီးမှာလည်း လေ ယာဉ်တင်သင်္ဘောအဖြစ် အမြန်ပြောင်းပစ်ရန် လုံလောက်သည့် ပြေးလမ်းအရှည်ရှိသည်ဟု စစ်ရေးကျွမ်းကျင်သူများက ဆိုကြသည်။ စီးပွားရေးအခြေအနေအရလည်း ယခုနှစ်ပိုင်း GDP နှုန်းအရ တရုတ်၏နောက် တတိယနေရာရောက်သွား သော်လည်း လူတဦးချင်းဝင်ငွေအရ တရုတ်ထက် များစွာပိုပြီး ကမ္ဘာ့ရှေ့ဆုံးတန်းတွင်ရှိသည်။ စစ်လက်နက် တိုက်လေယာဉ် တို့ကိုလည်း အမေရိကန်နှင့်ပူးတွဲထုတ်လုပ်နေသည်ဖြစ်ရာ နည်းပညာမြင့်များကို ပိုင်ဆိုင်ထားသည်။

ဤသို့သောအခြေအနေအောက်တွင် တရုတ်နှင့်အပြိုင် ဂျပန်၏စစ်အင်အားတရပ် ပစိဖိတ်ဒေသတွင်းထွက်ပေါ်လာပြီး တရုတ်မြောက်ကိုရီးယားတို့အား ထိမ်းချုပ်ရန် ကြိုးစားယှဉ်ပြိုင်ဘွယ်ရာရှိသည်ဟု ဆိုရမည်။ ဤဂယက်သည် မြန်မာအပါ အရှေ့အာရှနိုင်ငံများအပေါ်သက်ရောက်မည်ကို ရှောင်လွှဲ၍မရနိုင်ပေ။ တရုတ်တို့ကား သူတို့၏စိုးရိမ်မှုကို ပွင့်လင်းစွာဖေါ်ပြ ခဲ့ပြီဖြစ်သည်။

• တတိယံပိ သုံးကြိမ်မြောက်

ယခုအကြိမ် ဂျပန်တို့ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်ခြင်းကို သုံးကြိမ်မြောက်ဝင်ရောက်ခြင်းဟု ဆိုရမည်။ ဒုတိယကမ္ဘာ စစ်အတွင်းက ရဲဘော်သုံးကျိပ်နှင့်အတူ ပထမအကြိမ်ဝင်ရောက်ခဲ့သည်။ ၁၉၆၂ မဆလခေတ်ကာလလည်း စစ်လျော်ကြေး ချေးငွေတို့နှင့်အတူမြန်မာ့စီးပွားရေးတွင်ပါဝင်ပြီး ဒုတိယအကြိမ်ဝင်ရောက်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း အမေရိကန်၏ စီးပွား ရေးပိတ်ဆို့မှုများနှင့်အတူ ဂျပန်လည်း ပြန်လည်ထွက်ခွာခဲ့ရာမှာ ယခု ၂၀၁၀ နောက်ပိုင်း အမေရိကန်နှင့်အတူ ဂျပန်တို့ တတိယအကြိမ်ပြန်လည်ဝင်ရောက်သည်ဟုဆိုရမည်။ ဂျပန်ခေတ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဗိုလ်ချုပ် အောင်ဆန်းအား အောင်ဆန်း မင်းပင့်လာတဲ့ဘုရားတွေ မင်းပြန်ခေါ်သွားဟုဆိုစဉ်က ကျနော်မပင့်လည်း သူတို့ဘာ သာလာမှာဘဲဟုဆိုသကဲ့သို့ ယခုလည်း ဂျပန်တို့ မည်သူမှမခေါ်လည်း လာပေတော့မည်။

ဂျပန်အစိုးရသည် လက်ရှိအစိုးရနှင့် ပြန်လည်ဆက်ဆံလိုက်ပြီး ချေးငွေများ လျော်ပေးခြင်း ချေးငွေအသစ်များ ထုတ်ချေး ပေးခြင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ပြင်ဆင်ခြင်း၊ အကူအညီများပေးရန်ပြင်ဆင်ခြင်းတို့ ပြုလုပ်ခြင်းတို့ပြုလုပ်လာသည်။ မြန်မာစစ်တပ်နှင့် ဆက်ဆံရေး ပြန်လည်စတင်ခဲ့သည်။ တဖက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုများကိုအလေးထားမှုပြသခဲ့သည်။ ဂျပန် နိပွန်ဖေါင်ဒေးရှင်းကလည်း မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပါဝင်ပတ်သက် အကူ အညီပေးလာသည်ကို တွေ့ရသည်။

နှစ်နိုင်ငံခေါင်းဆောင်များ အလည်အပတ်ခရီးများပြုမူခဲ့သလို အတိုက်အခံခေါင်းဆောင်အား ဖိတ်ကြားပြီး မြန်မာ့ဒီမိုကရေ စီရေးအား အလေးထားကြောင်းပြခဲ့သည်။ ဂျပန်နိပွန်ဖေါင်ဒေးရှင်းမှတာဝန်ရှိသူများလည်း သမတဦးသိန်းစိန် ကာချုပ် ဗိုလ် မင်းအောင်လှိုင်တို့နှင့် လာရောက်တွေ့ဆုံမှုများရှိလာသည်။ ဂျပန်အစိုးရ၏ အထူးသံတမန် နိပွန်ဖေါင်ဒေးရှင်းနှင့် ဆာဆာ ကာဝါ ငြိမ်းချမ်းရေးဖေါင်ဒေးရှင်းဥက္ကဌ ယိုဟီအီ ဆာဆာကာဝါ Yohei Sasakawa နှင့်အတူ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဟောင်း ရှီဂီရီအီဝါဆာကီ Shigery Iwosaki နှင့် ဆာဆာကာဝါ ငြိမ်းချမ်းရေးဖေါင်ဒေးရှင်း (USA) ဥက္ကဌ အမေရိ ကန်အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီး ဒင်းနစ်စီဘလဲယား Dennis C Bliar တို့ ပါဝင်သည်ကိုတွေ့ရသည်။ ဂျပန်တို့၏လက်တံ များကို တွေ့နေရသည်။

ဂျပန်တို့ မြန်မာပြည်တွင်း၌ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရန်ပြင်ဆင်ထားပုံရသည်။ လက်ရှိအချိန်တွင် မယ်မယ်ရရ လုပ်ငန်း မရှိသေးသည့် ဂျပန်ကုမ္ပဏီများစွာသည် မြန်မာပြည်တွင်းရောက်ရှိ နေရာယူစောင့်ဆိုင်းနေကြသည်။ အမေရိကန်နှင့် ဂျပန် အစိုးရတို့၏ ပေါ်လစီဖြစ်သည့် ၂၀၁၅ ရွေးကောက်ပွဲစောင့်ပြီး ဆုံးဖြတ်သည့်အဖြေပေါ်ကြည့်၍ လှုပ်ရှားနိုင်ရန်ပြင်ဆင်ထား ကြသည်ကိုတွေ့ရပေသည်။

• တရုတ်နှင့်ဂျပန်ကြားကမြန်မာ

ယခုအကြိမ် ဂျပန်တို့မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်ရာတွင် ရင်ဆိုင်ရမည်မှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံးမြှုပ်နှံထားသည့်တရုတ်စီးပွားရေးအပြင် မြန်မာနိုင်ငံအပေါ်ထားသည့် သေနင်္ဂဗျူဟာ ရည်မှန်ချက်များဖြစ်သည်။ အိန္ဒိယနှင့် အိန္ဒိယ သမုဒ္ဒရာကို ဖောက်ထွက်လမ်းကြောင်းဖွင့်မည့် သေနင်္ဂဗျူဟာရည်မှန်းချက်အထိအပါးမခံမည့် တရုတ်တို့နှင့် တရုတ်တို့အား ထိန်းချုပ်ဘို့ ကြိုးစားမည့်ဂျပန်တို့၏ ပြိုင်ဆိုင်မှုတို့ မြန်မာမြေတွင် ပိုမိုပြင်းထန်လာပေတော့မည်။

စီးပွားရေးရော စစ်ရေးပါအားကြီးနိုင်ငံတို့၏ ပြိုင်ဆိုင်မှုကြားမြန်မာတို့ကြားမညပ်ဘို့ လိုပေမည်။ မိုင်ထောင်ချီ၍ မြန်မာနှင့် နယ်န မိတ်ဆက်စပ်နေကာ မြန်မာနှင့်ပတ်သက်သည့် အရေးကြီးသည့်သေနင်္ဂဗျူဟာချမှတ်ထားသော တရုတ်နှင့် စီးပွားရေး တောင့်တင်းသလို စစ်ရေးအရအားကြီးလာဘွယ်ရှိကာ မဟာမိတ်တောင့်တင်းသော ဂျပန်တိုကြား မြန်မာတို့ တဖက်ဖက်ကပ် ၍ ရပ်ရန်ဖြစ်နိုင်မည်မဟုတ်ပါ။ နှစ်ဖက်စလုံးအား ပျော့ပြောင်းသည့်ပေါ်လစီ ကျင့်သုံးနိုင်ဘို့လိုပေလိမ့်မည်။ တဖက်ဖက်ကပ် ရပ်က မြန်မာတို့ဆိုးဝါးသောအကျိုးဆက်များ ရင်ဆိုင်ရဘွယ်ရှိပေသည်။

• သေးငယ်သောရောင်ခြည်
ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်မဟာမိတ်များနှင့် ဂျပန်တို့၏ပြင်းထန်သည့်ပြိုင်ဆိုင်မှုကြားတွင် မြန်မာတို့ လွတ်လပ်ရေး အရယူနိုင်ခဲ့သည်။ ယခုလည်း တရုတ်နှင့်ဂျပန်တို့၏ပြိုင်ဆိုင်မှုကြား မြန်မာတို့ ဒီမိုကရေစီစနစ် ရနိုင်မည်လော ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ယခင်လို ဂျပန်နှင့်ပေါင်း အင်္ဂလိပ်တိုက်တဖန်အင်္ဂလိပ်နှင့်ပြန်ပေါင်း ဂျပန်တိုက်ဆိုသည့် နည်းနာ ဟောင်းနှင့်တော့ မဖြစ်နိုင်လောက်ပေ။ ပိုမိုကျွမ်းကျင်လိမ္မာသည့် နည်းပရိယာယ်နှင့် ခေါင်းဆောင်ကောင်းတော့လိုပေလိမ့်မည်။

ဤကား အကြပ်အတည်းများကြာမှ မြန်မာဒီမိုကရေစီလမ်းစဖြစ်သည်။ ဤမျှော်လင့်ချက်ရောင်ခြည်သည် အလွန်တရာသေးငယ်ကောင်းသေးငယ်ပေလိမ့်မည်။ သို့သော် ကျနော်တို့လူသားများသည် အလွန်သေးငယ်သောမျှော်လင့်ချက်များဖြင့် ပင် ရှင်သန်နေကြရသည် မဟုတ်ပါလော။

ပြီးပါပြီ

Data credit ဒေါက်တာ Thein Myint


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts