ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – ၂၀၁၅ ရွေးကောက်ပွဲ ဘယ်လောက်အရေးကြီးသလဲနှင့် ဘကြီးမိုး

မောင်မိုးသူ – ၂၀၁၅ ရွေးကောက်ပွဲ ဘယ်လောက်အရေးကြီးသလဲနှင့် ဘကြီးမိုး
(ကုမုဒြာသတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် မောင်မိုးသူ၏ ဆောင်းပါးဖြစ်ပါသည်) 
ဇူလိုင် ၂၈၊  ၂၀၁၅

ဘကြီးမိုးဟာ ရွေးကောက်ပွဲတွေ အကြိမ်ကြိမ်လွဲ၊ထောင်ထဲရောက်နေတာအကြိမ်ကြိမ်၊ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကန့်ကွက်မဲပေးခဲ့ပေမဲ့ ၉၈ ရာခိုင်နှုန်းနဲ့ အတည်ပြုခဲ့။၂၀၁၀ ရွေးကောက်ပွဲတွင်တော့ ၂၀၀၈ အခြေခံဥပဒေနဲ့ လုပ်တာမို့ အင်န်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်။ ဘကြီးမိုးကလည်း သပိတ်မှောက်၊ မဲမပေးခဲ့။ လွှတ်တော် အစိုးရဖြစ်လာ။

၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်တော့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ လွှတ်တော်ထဲဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ လွှတ်တော်ထဲမှာရော လွှတ်တော်ပြင်ပမှာပါ ၈၈ ပွင့်လင်းနဲ့ ပြည်သူလူထု ထောက်ခံမဲတွေ ကောက်ယူတာတွေရော လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ။ ပြည်သူဆန္ဒတွေ ငါးသန်းလောက်ပဲ ရရ၊လွှတ်တော်မှာ ပြင်ဆင်ဖို့ပဲတင်တင် စစ်တပ်ကိုယ်စားလှယ်က ကန့်ကွက်တာနဲ့ အခြေခံဥပဒေတွေ ပြင်ဆင်ရေးဆိုတာ သည်လွှတ်တော်သက်တမ်းမှာတော့ မဖြစ်နိုင်တော့ဘူးလို့ ဖြစ်လာပါတော့တယ်။

လွှတ်တော်အစိုးရဟာ ဆင်းရဲမွဲတေမှုပပျောက်ရေးလုပ်မယ်လို့ ဆိုပါတယ်။ မဖြစ်ပါဘူး။ အပစ်အခတ်ရပ်စဲရေးမှသည် ပြည်တွင်းငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲကို အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်၊ နောက်ဆုံး ဇူလိုင်လကုန်ရက်အထိ ရောက်လာ တာနဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလလွန်မှပဲ လုပ်နိုင်တော့မယ်လို့ ဆိုကြပါတော့တယ်။

အပစ်အခတ်ရပ်စဲရေးကို လွှတ်တော်အစိုးရက လုပ်မယ်၊ လုပ်တယ်လို့ပြောနေပေမဲ့ အောက်ခြေမှာ တပ်မတော်နဲ့ တိုင်းရင်း သားလူမျိုးစုတွေနဲ့ စစ်တပ်တွေကတော့ နယ်မြေလုပွဲ တိုက်ပွဲတွေဖြစ်နေကြလို့ ငြိမ်းချမ်းရေး လုပ်ဆောင်ရေး အဖွဲ့ပေါင်းစုံက သည်တစ်ခါ အပစ်အခတ်ရပ်စဲရေး တကယ်ဖြစ်နိုင်အောင် သမ္မတစီရေ၊ ကာချုပ်စီရော အိတ်ဖွင့်ပေးစာ ပေးပို့မယ်လို့ ဆိုပါ တယ်။

သည်ကြားထဲ ကာချုပ်ကပြောလိုက်တဲ့စကားက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးဆိုတာထက် လက်နက်ကိုင်ပြီး တောင်းဆိုကြမယ့် အစား လက်နက်စွန့်ပြီး ဒီမိုကရေစီဘောင်ထဲက လုပ်ကြပါလားဆိုတော့ လက်နက်စွန့်ရေးဆိုတာကြီးဖြစ်သွားတာပေါ့။ သည်အတိုင်းဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိရေးဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေ ရပြန်ပြီပေါ့။

ဒါပေမဲ့လည်း ဒါပေမဲ့ ၂၀၁၅ရွေးကောက်ပွဲကတော့ ၂၀၁၅ နိုဝင်ဘာလဆန်းမှာ လုပ်မယ်။မပြောင်းဘူး။ မဲစာရင်းတွေလည်း မှားတာရှိရှိ၊ မှန်တာရှိရှိ ဖြစ်နိုင်သမျှ ရွေးကောက်ပွဲကတော့ လုပ်ဖြစ်အောင်လုပ်မှာပဲ။ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းလည်း ဩဂုတ်လ ၈ ရက်နေ့မှာ တင်သွင်းရမယ်လို့ ဆိုပါတယ်။ တချို့က ရက်နည်းလွန်းတယ်။တိုးပေးပါပြောပေမဲ့ တိုး မပေးပါဘူး။ ရွေးကောက်ပွဲမဲစာရင်းတွေမှာ ပါ မပါဆိုတာ ကာယကံရှင် မဲဆန္ဒရှင်တွေရဲ့ တာဝန်သာဖြစ်တယ်လို့လည်း ကော်မရှင်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ အစည်းအဝေးမှာ ၂၀၁၅ ကဲ့သို့ ရွေးကောက်ပွဲမျိုး မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဘယ်အချိန်မှဖြစ်မယ်ဆိုတာ ပြောလို့မရကြောင်းနဲ့ ရွေးကောက်ပွဲရ လဒ်ဟာ တိုင်းပြည်အနာဂတ်ကို အကောင်အထည်ဖော်ရမယ့် ရလဒ်ဖြစ်တယ်ဆိုတာကို မမေ့ကြဖို့ ဒေါ်စုက သတိပေးလိုက် တဲ့ မိန့်ခွန်းကို ကြားလိုက်ရပါတယ်။

ဟုတ်ပေတာပဲ။၂၀၁၅ ရွေးကောက်ပွဲဆိုတာ တကယ်ပဲ ရှားရှားပါးပါးလုပ်တဲ့ပွဲလေ။ မဖြစ်ဖြစ်အောင် တွန်းပြီး လုပ်တဲ့ပွဲ။ အင်န်အယ်လ်ဒီကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာ အင်န်အယ်လ်ဒီပါတီဝင်ဖြစ်ခြင်း၊ မဖြစ် ခြင်းထက် အရည်အချင်းပြည့်မီသူတွေကို အဓိကထားရွေးချယ်တယ်လို့ ဆိုပါတယ်။ သည်လိုသည်လိုနဲ့ ၈၈ ပွင့်လင်းက ခေါင်းဆောင် ၂၀ ကျော်ဝင်ရွေးမယ်လို့ သတင်းထွက်ပါတယ်။ အမျိုးသမီးတွေထဲက တော်တော်များများ ပါလာပြီး ပညာရေး မှာ ဒေါက်တာသိန်းလွင်တို့၊ ပါချုပ်ဒေါက်တာအောင်သူတို့ ရွေးမယ်လို့ဆိုလာပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့လည်း ညှိ နှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

အင်န်အယ်လ်ဒီဘက်က ထောင့်စုံအင်ပြည့်အားပြည့် ဝင်ရွေးမယ်လို့ဆိုနေချိနမှာ စစ်တပ်ဘက်က အခြေခံအားဖြင့်  မဆလ အသွင်ပြောင်း တစညဟာ ရန်ပုံငွေရှိပေမဲ့ လူကောရှိရဲ့လားမသိပါဘူး။ မဆလကနေ တစညအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တာ လည်း ကြာပြီလေ။ တစညခေါင်းကြီးပိုင်းကလူတွေလည်း ကြီးကုန်ပြီ။ တစညဟာ ရှင်သန် သွေးသစ်လောင်းနိုင်တဲ့ပါတီ မဟုတ်လေတော့ လူရွေးဖို့က ခက်ရှာမှာပါပဲ။

ထိုနည်းတူ စစ်အစိုးရအသွင်ပြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း စစ်ခေါင်းဆောင်ကြီးတွေနဲ့ဖွဲ့ခဲ့တာ အခုဆိုရင် ကြီးကုန်ကြပြီ။ သည်ကြားထဲမှာ အဝေမတည့်တဲ့အသံတွေကလည်း စီစီညံညံ ထွက်နေပါတယ်။ လက်ရှိတပ်မတော်ရဲ့ အသက်ငယ်အရာရှိ တွေက ပါတီကနေ ဝင်ရွေးဖို့အရေးမှာလည်း တွန့်ဆုတ်နေသူတွေရှိ၊ ဟုတ်တယ်လေ။ ကိုယ်စားလှယ်အဖြစ်ရွေးရင် တပ်ရာ ထူးက ထွက်ရမှာ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အရွေးခံရ၊မခံရ သေချာတာမဟုတ်ဘူး။ သည်တော့ မျောက်သစ် ကိုင်းလွတ်ဖြစ်မှာကို စိုးရိမ်တဲ့သူက စိုးရိမ်။ သူတို့အနေအထားကလည်း စိုးရိမ်ရေမှတ်မှာ ရောက်နေပါတယ်။

သည်ကြားထဲမှာ ကြံ့ခိုင်ရဲ့ တစ်ဦးတည်းသော အကြံပေးပုဂ္ဂိုလ်ကြီး ဦးအောင်သောင်း က ရုတ်တရက် ကွယ်လွန်သွားပါတယ်။ ဦးအောင်သောင်းဟာ ကြံ့ခိုင်ရေးရဲ့ ဦးဏှောက်၊ ကြံ့ခိုင်ရေးရဲ့ စီမံခန့်ခွဲမှုလုပ်ရတဲ့သူလို့ သတ်မှတ်ထားကြတာကိုး။ အဲ သည် ဦးအောင်သောင်းကွယ်လွန်တော့ နာရေးကြော်ငြာမှာ ဦးအောင်သောင်းရဲ့ အသက်ဟာ ၇၉ နှစ်ပါတဲ့။ စစ်တပ် ဘက်ကလည်း၊ ကြံ့ခိုင်ရေးဘက်မှာလည်း  ကြီးတဲ့သူတွေ ကြီးကုန်ပြီ။ အရည်အချင်းပြည့်မီတဲ့သူ၊ ပြည်သူလူထုက လေးစား ကြည်ညိုသူကရှားဆိုတော့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းရွေးရာမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရင်ဆိုင် ရမှာ သေချာပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကတော့ နိုဝင်ဘာလလုပ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ၂၀၁၅ လို ရွေးကောက်ပွဲမျိုး မြန်မာ့ သမိုင်းမှာ ဘယ်သောအခါမှ ကြုံတွေ့နိုင်စရာ ပြောလို့မရနိုင်သလို အဲသည်ရွေးကောက်ပွဲကပဲ တိုင်းပြည်အနာဂတ်ကို ဖန် တီးနိုင်မှာ ဖြစ်နေပါတယ်။ သည်တော့ ၂၀၁၅ ရွေးကောက်ပွဲဟာ ဘယ်လောက်အရေးကြီးသလဲဆိုရင် အင်မတိ အင်မ တန်အလွန် အရေးကြီးကြောင်းပါ။ သည်ရွေးကောက်ပွဲဟာ ဘီလူးစည်း၊ လူ့စည်း ရွေးကြရမယ့် ရွေးကောက်ပွဲပါ။

စစ်တပ်ဘက်မှာက ရွေးစရာမလိုဘဲ အစိတ်သား ၂၅ ရာခိုင်နှုန်းက ရပြီးသား။ ကျန်တဲ့နေရာ ၂၅ ရာခိုင်နှုန်းလောက်ရရင် စစ် တပ်က အစိုးရဖွဲ့နိုင်နေပြီလေ။အဲသည် အနေအထားကို ပြောင်းပြန်လှန်ပစ်နိုင်တာ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လို့ အရေးပါ ကြောင်းပါ။

ဘကြီးမိုးကိုယ်တိုင်လည်း မဲပေးဖို့ မဲဆန္ဒရှင်များအားလုံး ဆန္ဒမဲပေးကြဖို့ကိုလည်း လှုံ့ဆော်နေရကြောင်းပါ။

၂၀၁၅ ရွေးကောက်ပွဲ ဘယ်လောက်အရေးကြီးသလဲနှင့် ဘကြီးမိုးပါ။

Photo : CKN/Getty Images


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts