အေးဝင်း (လမင်းတရာ) – သန်းခေါင်စာရင်း
(မိုးမခ) မတ် ၁၇၊ ၂၀၁၅
သတင်းထဲမှာ ကျောင်းသူ ခေါင်းဆောင်မလေး တယောက်ကို အိမ်မှာ သန်းခေါင်စာရင်း စစ်ပြီး ဖမ်းခေါ်သွားကြောင်း၊ အခြား ကျောင်းသားခေါင်းဆောင် တယောက် နှစ်ယောက် လည်းပါကြောင်း ဖတ်လိုက်ရတယ်။ ကျောင်းသူလေးနာမည်က ကိုယ့်နားထဲ၊ ဦးနှောက်ထဲမှာ မစိမ်းဘူးလို့ သိနေတယ်။ ဒါပေမဲ့ ခေါင်းထဲမှာ နာမည် သုံးခုက ရောနေတာ။ တဦးကတော့ အမေရိကလည်း လာသွားဖူးလို့ ကောင်းကောင်းသိတယ်။ ကျန် နှစ်ယောက်က ရောနေတယ်။
ကိုယ်တို့ ရဲဘော်တွေရဲ့ မျိုးဆက်သစ်တွေ။ နှစ်ယောက်စလုံးက အင်္ဂလိပ်နာမည်။ တယောက်က ရဲဘော်ထွန်းဦး သမီး၊ တယောက်က ကိုတင်အေး(ဗကသ) ရဲ့ အမျိုးသမီး။
ဟိုမေး သည်မေး မေးတော့မှ ကွဲပြားသွားတယ်။ ရဲရဲတောက် မျိုးဆက်သစ်တွေ အတွက် ဂုဏ်ယူပါတယ်။
ဒီအကြောင်းကို အိမ်မှာ သမီးနဲ့ စကားစပ်မိပြီး ပြောကြတော့ – သမီးက သူ ငယ်ငယ်လေး ကတည်းက ကြောက်ခဲ့ရတဲ့ သန်းခေါင်စာရင်းတစ္ဆေ အကြောင်းကို ပြောတယ်။ အဲဒီ စိတ်အစွဲဟာ စိတ်ဒဏ်ရာ တခုအနေနဲ့ ကြီးတဲ့ အထိ ကြောက်နေတုန်း ပြောရင်း၊ သူ ဒီ တိုင်းပြည်မှာ နေရတာ တခု ကောင်းတာက ဧည့်စာရင်း မတိုင်ရဘူး၊ သန်းခေါင်စာရင်း မစစ်ဘူး… တဲ့။
သမီးက အခု အသက် လေးဆယ်ရှိပြီ။ သမီး အသက် နှစ်နှစ်မှာ အဖေ အထိန်းသိမ်း ခံရတယ်။ သမီး အိပ်နေတုန်းမှာ အိမ်ကို ထောက်လှမ်းရေးတွေ ရောက်လာတယ်။ ကိုယ်တို့ နေရတဲ့ အထပ်ခိုးလေးမှာ ကိုယ့်ပစ္စည်းတွေကို ထောက်လှမ်းရေးတွေ မွှေနှောက်နေတုန်း သမီးလေးက တရေးနိုးလာတယ်။ ကလေးဆိုတော့ ဒီလူကြီးတွေ ဘာလုပ်နေကြတယ် သူ မသိဘူး…။
ပစ္စည်းတွေ ပွထနေတဲ့ အထပ်ခိုး ကျဉ်းကျဉ်း လေးမှာ သူက တောက်တက် တောက်တက် လျှောက်သွားနေတယ်။ နောက် သူ ပြန်အိပ်ပျော်သွားတယ်။
အခု သမီး ပြန်ပြောပြတာတောင် စိတ်ထဲမှာ နာနာကျင်ကျင် တခု ခံစားရတယ်။ ဒါအသစ် မဟုတ်ဘူး။ စကားကြုံရင် ဒီခံစားမှုကို သမီး ပြန်ပြောလေ့ ရှိတယ်။ ပြောတိုင်းလည်း ဒီအတိုင်းပဲ ခံစားရတယ်။ ဒါကြောင့်လည်း ပြုသူအပေါ်တွေအပေါ် ထားခဲ့တဲ့ သဘောထားဟာ အပြောင်းအလဲ မရှိပါ..။
သမီးက ပြောတယ်။ မနက် မိုးလင်းတော့ အဖေက သူ့ အိပ်ရာဘေး မရှိတော့ဘူး။ အဖေ ပျောက်သွားတယ်။ အဲဒီည အိပ်တော့ အိပ်ရာနိုးရင် အမေပါ ပျောက်သွားမှာ စိုးလို့ အမေ့အင်္ကျီစကို လက်နဲ့ တအားဆုပ်ပြီး အိပ်တာ… …. တဲ့။
နောက်.. နှစ်ပေါင်း တဆယ့်သုံးနှစ် ကြာတဲ့ – သမီး အသက် တဆယ့်ငါးနှစ်မှာ သန်းခေါင်စာရင်း အဖြစ်ဆိုးကို တခါ ကြုံရပြန်တယ်။ သမီးက ပြောတယ်။ အဲဒီညက အဖေက အိမ်ပြန်မအိပ်ဘူး။ ဖွားဖွားက နေမကောင်းဘူ။ မနက်အစောကြီး လေးနာရီမှာ ရပ်ကွက်လူကြီးတွေလည်း ပါတဲ့ လူအုပ်စု တစုဟာ သမီးတို့ ခြံဝကနေ တံခါးဖွင့်ပေးဖို့ အော်နေလို့ အိမ်က တယောက်က တံခါး သွားဖွင့်ပေးတယ်။ သူတို့ သန်းခေါင်စာရင်း စစ်ချင်လို့တဲ့။
သူတို့ အိမ်ရှေ့မှာ ထိုင်တော့ အဖွားကို မေမေက အပေါ်ထပ်က တွဲချလာပေးတယ်။ သန်းခေါင်စာရင်း ထဲပါတဲ့ လူနာမည်တွေကို အိမ်ရှိ လူတွေနဲ့ တိုက်ဆိုင် စစ်ဆေးတယ်။ ကိုယ့်နာမည်ကို စာရင်းပေါ်မှာ လက်နဲ့ ထောက်ပြီး သူက ဘယ်မှာလဲ မေးတယ်။ သမီး ဖိုးဖိုးက မသိဘူးလို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ…၊ အဖေ ခြေဦးတည့်ရာ လျှောက်သွားနေတတ်တာ ဖိုးဖိုးက ဘယ်လိုလုပ် သိမှာလဲ…။
သမီး ကြီးလာပြီး အိမ်ထောင်တွေ ဘာတွေ ကျတော့ သမီးတို့က ကမာရွတ် လှိုင်မြင့်မိုရ် အိမ်ယာမှာ နေတယ်။ အဖေနဲ့ အမေက အမေရိက ရောက်နေပြီ။
သမီးတို့ နေတဲ့ အခန်းလေးမှာ သမီးက လက်ဘက်သုပ် ဂျင်းသုပ် ဆိုင် ဖွင့်ထားတယ်။ တယ်လီဖုံးလည်း ထားတယ်။ ဖုံးဆက်ချင်တဲ့ လူက သမီးအိမ်မှာ ပိုက်ဆံပေးပြီး လာဆက်ရတယ်။
ကောင်စီရုံးက သမီးတို့ အိမ်နားမှာ။ ကောင်စီတွေ ရဲတွေကလည်း ဖုံးဆက်ချင်ရင် သမီးတို့ အိမ်မှာ လာဆက်ကြတယ်။ သူတို့က ရပ်ကွက်ထဲ ဧည့်စာရင်းစစ်မယ် ဘာမယ်ဆို သူတို့ဆီက သမီး အရင်ကြားတာပဲ။ ကိုယ့်အိမ်ကို လာမစစ်တာတောင် သန်းခေါင်စာရင်း-ဧည့်စာရင်းဆို သမီး စိတ်အခံထဲက ကြောက်စိတ်က ပေါ်လာပြီး ရင်တွေတုန်၊ ခြေဖျား လက်ဖျားတွေ အေးနေပြီ။
သန်းခေါင်စာရင်းဟာ သမီး ဘဝမှာ သမီးနဲ့ အဖေကို ခွဲခဲ့သလို ဖြစ်နေတော့ သမီးဟာ သန်းခေါင်စာရင်း ဆို သိပ်ကြောက်တယ်… …။
အေးဝင်း (လမင်းတရာ)
မတ် ၁၆၊ ၂၀၁၅