ရသဆောင်းပါးစုံ သက်ခိုင် ဖြစ်ရပ်များ၊ အမှတ်တရများ

သက်ခိုင် – ထောက်လှမ်းရေးအောင်ဖေ

သက်ခိုင် – ထောက်လှမ်းရေးအောင်ဖေ
သြဂုတ် ၁၁၊ ၂၀၁၄

photo – Absdf Hq

 
(၁)

တခါတော့ ပယော်ရွာထဲက မုဆိုးတဦးက တောလိုက်ရင်း မျောက်ညိုသားပေါက်လေးတကောင် ရလာလို့ မအေးအေးအောင်ကို လက် ဆောင်ပေးဖူးတယ်။ တရက်တရက်နဲ့ မျောက်ကလေးက အတော်ကိုချစ်စရာလေး ဖြစ်လာကော၊ ရဲဘော်တွေကလည်း ဟိုအသီး ဒီအသီး လေးတွေရှာကျွေးပေါ့။ ဒီကောင်ကလည်း သိပ်မငြင်းရှာပါဘူး ကျွေးတာအတော်များများ စားတဲ့ကောင်။

တရက်တော့ ဒီမျောက်လေး ယိုင်ထိုးယိုင်ထိုးနဲ့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘဲ ရှောသွား ပါလေကော၊ မအေးအေးအောင် ကငိုပေါ့ သူကအတော်ချစ်တာကိုး၊ ကိုငြိမ်းက မျောက်ကလေး သေသွားတယ်ဆိုတော့ ဘာများဖြစ်လဲပေါ့ ကိုင်ကြည့်ပါလေရော၊ အဲဒီမှာ သဘောပေါက်သွားတယ်။ အဘမသိအောင် တပ်စိပ်မှူးတွေကို အသာပြောပြီး အကုန်တန်းစီခိုင်းတော့တာ။

ဟာ ဘာလဲပေါ့ မျောက်သေတာနဲ့ ရဲဘော်တွေ တန်းစီစရာလားပေါ့။ ဒီနေ့အပြင် ဘယ်သူထွက်လည်လဲဆိုပြီး တပ်စိပ်မှူးတွေကို မေး တာပေါ့၊ ဟာဟုတ်ကဲ့ ဘယ်သူတွေ ဘယ်သူတွေ သွားပါတယ်ပေါ့။ အဲဒီကြမှမေးတာ။

“ဘယ်ကောင်မျောက်ကို အရက်တိုက်သလဲ”တဲ့။

“အမ်”

ရွာထဲသာ သွားလည်ကြတာ၊ ဘယ်သူမှလည်း အရက်မသောက်လာပါဘူး၊ ဒီလိုအဘရှိတဲ့အချိန်မှာကော၊ အရက်သောက်ဖို့ ပိုက်ဆံဆို တာကော ဝေလာဝေးအချိန်မှာ။ ဘယ်သူမှ မဖြေရဲဘူး ကျနော်တို့ မသောက်ပါဘူးပဲ ပြောတာပေါ့။

“အေး မင်းတို့ မသောက်တာသိတယ်၊ မျောက်ကိုတော့ တိုက်လာတယ် မဟုတ်လား” တဲ့။

ရဲဘော်တွေ တခွီးခွီး ဖြစ်ကုန်တာပေါ့၊ ဟုတ်သားပဲ ရွာထဲကအရက် ရောင်းတဲ့ဆီမှာ တပက်စာလောက်လေးတော့ အလကားတောင်း ရတာပဲဟာ၊ ဒါကြောင့် အဲဒီလောက်အရက် နည်းနည်းလေးတောင်းပြီး လျှာရှည်စပ်စုပြီး မူးမမူး မျောက်ကို အရက်တိုက်ကြည့်တာနေမှာပေါ့၊ ဒါကြောင့် ဘာတိုက်တိုက်၊ ကျွေးကျွေးစားတဲ့ကောင် ဘယ်ခံနိုင်မလဲ ရှောတော့တာပေါ့၊ ကိုငြိမ်းကပြောပါတယ် ငါဒီကောင်ကိုနမ်းကြည့်တာ အရက်နံ့ကိုထောင်းထောင်းထ နေတာပဲတဲ့၊ သူ့နှယ်မျောက်များ သွားနမ်းရတယ်လို့။ ရလာဒ်ကတော့ out pass ရထားတဲ့သူတွေ တလ အပိတ်ခံရကော ၄-၅ ယောက်လောက်ရှိမယ်၊ အဆစ်အနေနဲ့ တောပါရှင်းလိုက်ရသေးတယ်၊ ကံဆိုးသွားတာက မြိတ်သားကြီး ကိုဝင်းမြင့် (သူကရိုးလွန်းအားကြီးတော့ ချစ်စနိုးနဲ့ ကိုပေါတာဝင်းမြင့်လို့ ခေါ်ကြတယ်၊ ဟလော့ခနီ ဒုက္ခသည်စခန်း မနီးမဝေးက ထိုင်းတပ်ကဖမ်းပြီး အသတ်ခံလိုက်ရတယ် ၂၀၀၀ ကျော်ကာလတခုမှာ) ၊ သူကရွာထဲမှာ အိမ်ရှိတယ် အငြိမ်းလို့ခေါ်တဲ့ သူ့အမျိုးသမီး မွန်မလေးက ကလေး တွေနဲ့ အဲဒီမှာနေတယ်လေ။ သူလည်း သွားပြန်လည် မရတော့ဘူးပေါ့။ ပါးစပ်က တဗျစ်တောာက်တောက်နဲ့ ပြောနေတော့တာပေါ့၊ ဘာတဲ့ “ကိုယ့်ဘာသာသောက်ရင် ဒီလောက်အပြစ် မကြီးလောက်ဘူး” တဲ့၊ လုပ်တဲ့လူကို စောင်းပြောတာပါ၊ သူကတော့ မလုပ်ပါဘူး။

အောင်ဖေတို့နေတဲ့ဘားတိုက်က အစွန်ဆုံးနဲ့ အထဲအကျဆုံးတဲ၊ ကိုငြိမ်းလည်း ဒီတဲမှာပဲနေတယ်၊ ဘာလို့ဆို ညညဆို ကြက်ခြံကို လာလာချောင်းတဲ့ စပါးကြီးလို မြွေဆိုးတွေ၊ ကျားမင်း (ကျားနဲ့တူတဲ့ ကြောင်အရွယ်၊ အစားရှိတဲ့ တောကြောင်တမျိုး) စတာတွေကို သူ့ကာဘိုင်နဲ့ နှိမ်နင်းဖို့၊ တပတ်တခါလောက်တော့ ဒီသတ္တဝါတွေက အသားလာလာလှူတတ်တယ်၊ အလှုခံတာကတော့ ကိုငြိမ်းနဲ့ ကျော်ထင်ဒိုင်ခံ၊ ဘာလို့ဆို နည်းနည်းအပင်မြင့်ရင် ကျော်ထင်က လက်နှိပ်ဓါတ်မီးနဲ့မီးထိုး ပုခုံးကိုခံပေး ဒီအပေါ်ကိုငြိမ်းက ပြောင်းတင်ပြီး အလင်းရောင်ကို ငါ့ထက်မျက်လုံးကြီးပြီး တောက်ပလှချေလားဆိုပြီး အူကြောင်ကြောင်နဲ့ ပြန်ကြည့်နေတဲ့ တောကောင်ကိုပစ်ပေါ့ ရတာများပါတယ်။ တခါတခါလည်း ကြောင်ပျံလိုဟာမျိုးတွေလည်း စခန်းထိပ်က အပင်ခြောက်ကြီးတွေဆီ လာလာနားတတ်တယ် အထူးသဖြင့်တော့ နေဝင်ရီတယောအချိန်၊ ကြောင်ပျံဆိုတာက ကြောင်ကိုယ်လုံးရှိပြီး သူ့ခန္ဒာကိုယ်မှာ လင်းနို့လိုအရေပြားကြီး တွဲပါနေတတ်တဲ့ကောင်၊ ဒါကြောင့်သူက လေဟုန်စီးပြီး ဟိုပျံဒီပျံလုပ်လို့ရတာ၊ ရိုးရိုးတောကြောင်လို မဟုတ်ဘူး။ ပစ်ရလွယ်မှလွယ် မီးထိုးလိုက်ရင် ကြောင်မလေးကိုမြင်သလို လှုပ်ကိုမလှုပ်ပဲကြည့်တတ်တာ။

တောထဲတောင်ထဲဆိုတာက ညဘက်ဆိုအလွန်အေးတာကိုး၊ ဒုက္ခသည်စောင်လို့ခေါ်တဲ့ စောင်အထူကြီးတွေ ၃-၄ထပ်ခြုံတောင် အရိုးထဲထိ စိမ့်နေအောင်အေးတာ၊ ဒါကြောင့်နေ့ကော၊ ညကော သစ်ပင်ခြောက်တွေရှာပြီး ဘားတိုက်အလည်မှာ မီးမွှေးထားရတယ်၊ တခါတော့ လူတွေကညဘက် အေးကလည်းအေးဆိုတော့ ဘားတိုက်ပေါ်မှာ ဟိုအကြောင်း ဒီအကြောင်း စောင်ခြုံပြောနေကြတာပေါ့၊ ဘားတိုက်ဟိုဘက်အခြမ်းနဲ့ ဒီဘက်ခြမ်းက လူတွေ၊ လှဲတဲ့သူကလည်း လှဲပေါ့၊ အဲဒီလိုရှိနေတုန်း။

“ခွပ်”

“ကျီးးး”

ဆိုပြီး သံပြတ်နဲ့ နောက်အသံစူးစူးဝါးဝါးကြီး မီးပုံဘေးကထွက်လာပါကော၊ ဘာလဲပေါ့ လူတွေကငုံကြည့်ကြတာ၊ အဲဒီမှာလေ ဝက်သိုးကြီး လုံးဝကို ပက်လက်လန် မေ့နေတော့တာ ကိုကျော်နိုင်ထွန်းက ဆင်းပြီး “ဝက်သိုးကြီး” “ဝက်သိုးကြီး” ဆိုပြီး အတင်းသတိရအောင် လှုပ်နှိုးရတယ် ၃-၄မိနစ်လောက်ကြာမှ တခူးခူးနဲ့ ဒီကောင် ပြန်သတိရလာတယ်၊ အဲဒီကြမှ လူတွေသက်ပြင်းချကြရတော့တယ်။

ဖြစ်ပုံကဒီလို အောင်ဖေတို့က မီးကိုအမြဲမွှေးထားတော့ ဒီသစ်ကိုင်းခြောက်တွေ ပင်စည်ခြောက်တွေထည့်ထားတဲ့ မီးပုံဘေးမှာ ပြာတွေအိုင်နေတယ်လေ၊ အဲဒီလိုအိုင်နေတာကို အေးလွန်းအားကြီးလို့ ပြာပုံထဲတိုးပြီး နွေးနွေးထွေးထွေး နေချင်တဲ့ ဆိတ်သိုးကြီးနဲ့ ဝက်သိုး ကြီး နေရာလုရာကနေ ဆိတ်သိုးကြီးက ဝက်သိုးကြီးကို ခွေ့ထည့်လိုက်တာ၊ ဟိုကောင်ချက်ကောင်း ထိသွားတော့ မေ့သွားတာပေါ့၊ အဲဒီလို။ ဒီလိုရန်ဖြစ်ကြတာကို အချို့ကတော့ အတော်စိတ်ပျက်သွားကြတယ် ဝက်သိုးကြီး သတိမရတော့ဘဲ တခါတည်းရှောသွားရင် ဟင်းကောင်းပြီပေါ့လေ။

(၂)

ကုန်သည်တွေက ကိုပြည်အုပ်အိမ်ကလေးမှာ အမြဲတမ်းနီးပါး နားလေ့နားထရှိတယ်၊ သူရောင်းတဲ့ ၁ဘတ်တန် ၂ဘတ်တန် မုန့်လေးတွေလည်း အားပေးရင်းပေါ့၊ ညဘက်ဆိုလည်း ညအိပ်နားတာတွေ ဘာတွေရှိတယ်၊ ဒီလိုရက်မျိုးဆိုရင် ကိုပြည်အုပ်က မွေးထားတဲ့ ကြက်ကလေးဘာလေးချက်ပြီး ဟင်းချက်ရောင်းတတ်တယ်၊ လူတွေကနား၊ ကစား၊ စားသောက်အိပ်ပေါ့ နောက်ရက်မှ ရွာထဲဆင်း ရောင်းချ၊ ပေါက်ကြူအထိဆက်သွား အဲဒီလိုမျိုး။

တရက်တော့ ကိုကုလားအောင်နိုင်က ကိုပြည်အုပ်အိမ်အနောက်ဘက် ရွာဟောင်းတောစပ်က သစ်သား အပိုင်းအစတွေ ယူလာပြီး အောင်ဖေတို့ ၃-၄ယောက်ကိုခေါ်တယ်၊ အသာလိုက်ခဲ့တဲ့ ဘာလဲမသိပေါ့ သူကဒု-တပ်စိတ်မှူးလေ၊ အောင်ဖေတို့လည်း အသာလိုက်သွားတာပေါ့၊ ကုန်သည်လမ်းဘက်ကို ထွက်လာကြတာ၊ လမ်းရောက်တော့ အောင်ဖေကမနေနိုင်ဘဲ မေးတာပေါ့။

“ဟေ့လူ၊ ခင်ဗျားဟာက ဘာလုပ်မလို့လဲဗျ” ဆိုတော့။

“နတ်စင်ဆောက်မလို့” တဲ့၊ ဟာ ကွိုင်ပဲ။

“ခင်ဗျားနဲ့ နတ်စင်နဲ့ ဘာဆိုင်လို့လဲ” ဆိုတော့၊ မင်းအသာကြည့်နေစမ်းပါတဲ့။

အဲဒါနဲ့ နယ်ခြားမရောက်ခင် တောအလည်လောက် ခပ်မှောင်မှောင်နေရာရောက်တော့ မြေကျင်းတွေဘာတွေ သေချာတူး၊ ဌက်အိမ်လိုလို ထင်ရတဲ့ နတ်စင်လေးကို အမိုးတွေဘာတွေ မိုးပြီးဆောက်လိုက်ကြတာပေါ့၊ လူတွေဘာရယ်မဟုတ် အချမ်းပြေ အလုပ်တခု လုပ်ဖြစ်သလိုပေါ့။

အဲဒါလည်းပြီးရော ဘယ် ကိုအောင်နိုင်ရယ်လေ လာသမျှကုန်သည်တွေကို အခုလိုတရားဟောတော့တာပဲ။

“ကျနော်တို့ စခန်းကရဲဘော်တွေကော တပ်မှူးတွေကိုပါ အိမ်မက်ပေးတယ်ဗျ၊ ဘာတွေမှန်းတော့ မသိပါဘူး၊ ဒီတောက အရင်က သူတို့ပိုင်တာတဲ့ အခုတော့ ကျနော်တို့တပ်ကော၊ ခင်ဗျားတို့ကုန်သည်တွေကော သူတို့ဆီက ခွင့်မတောင်းဘဲနဲ့ ဖြတ်သွားဖြတ်လာ လုပ်ကြတယ်၊ တွေ့ကရာနေရာ ရှုရှုးပေါက်ကြတယ်၊ သူတို့လည်း နေရတာ အဆင်မပြေတော့ဘူး အဲဒီတော့ အကုန်လုံးအဆင်ပြေအောင် သူတို့ကိုနတ်ကွန်း သေးသေးလေးသာ ဆောက်ပေး၊ ပေ၅၀ ပတ်လည်တော့ အညစ်အကြေးမစွန့်နဲ့၊ ဈေးရောင်းဈေးဝယ်ကောင်းစေပြီး၊ ရဲဘော်တွေ ဖျားနာတာကအစ မဖြစ်စေရဘူးလို့ အာမခံတယ်ဆိုပြီး လာလာပြောပြောနေလို့ ကျနော်တို့နတ်ကွန်း ဆောက်လိုက်ရတယ်၊ ခင်ဗျားတို့လည်း ကိုယ့်ဘာသာဆုံးဖြတ်ပေါ့ ဖယောင်းတိုင်လေးဘာလေး မီးပူဇော် နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ” တဲ့ အဲဒီလို တရစပ် ပြောပြောနေတော့တာ။

ကုန်သည်တွေကလည်း ဟာ ဒါတော့ လုပ်ရမှာပေါ့ ဆရာတို့ရယ်၊ ဘာညာနဲ့ တညီတညွှတ်တည်းကို လက်ခံသွားကြတော့တာ၊ ဟုတ်တယ်လေ သေနတ်ကိုင်ထားတဲ့ စစ်သားလုပ်တဲ့ကောင်တွေတောင် နတ်ကိုကြောက်ရတယ်ဆိုတော့ သူတို့ကုန်သည်က ပိုတောင်အရိုအသေပေးရမှာပေါ့ မဟုတ်ဘူးလား အဲဒီလို။

တခုတော့ရှိတယ် ကုန်သည်တွေကလည်း အောင်ဖေတို့တွေ ကင်းဘယ်မှာ စောင့်နေတတ်မှန်းလည်း သိကြတာမဟုတ်သလို၊ ကင်းစောင့်တဲ့သူကလည်း ယူနီဖောင်းနဲ့ ငြိမ်ငြိမ်လေး နေနေတာဆိုတော့ ဘယ်မြင်မလဲ၊ အဲဒီတော့ သူတို့အရေးပေါ်ပြီဆို လမ်းဘေးကိုခွဲထွက်လာ တခါတည်းထမီလေး ပုဆိုးလေးလှန်ပြီး ကိစ္စဝိစ္စ ရှင်းတတ်ကြတာလေ၊ ကင်းစောင့်တဲ့ကောင်ကတော့ မလှုပ်ရဲပေါ့၊ တခါတလေ သူတို့နဲ့ပါလာတဲ့ ခွေးတောင်ပါသေး မလှုပ်တော့မြင်ကို မမြင်ဘူး ချုံတွေနဲ့ ယူနီဖောင်းအရောင်နဲ့ ရောနေတော့။

နောက်မှ သဘောပေါက်တယ် အကြံအစည်က ဒီလို။

အဲဒီလို ဝါဒဖြန့်ပြီးနောက်ပိုင်း၊ သူနဲ့အတူ အောင်ဖေတို့၊ ဆန်းဦးတို့ ကျော်ထင်တို့က ကုန်သည်တွေ တက်လာပြီးရင်၊ နတ်စင်ကို မသိမသာသွား နောက်ကုန်သည်တွေ လာမလာ ကင်းစောင့်တဲ့ကောင်ကစောင့်၊ နတ်စင်လို့ သမုတ်ထားတဲ့ ဌက်စင်ထဲက တွေ့သမျှ ဖယောင်းတိုင်ကို မီးမှုတ်၊ ဖွက်ယူလာ ညဘက်ကြတော့ ပြန်ထွန်း စာဖတ်၊ အဲဒီလို စီမံကိန်းကိုး၊ အောင်ဖေထင်သလို ဘယ်ကလာ စစ်သားက ဒီနတ်ကို ကြောက်နေရမှာလဲ၊ အောင်ဖေတို့ ဝယ်ပြီးတုန်းတယ်ဆိုတာ ဒါမျိုးနေမယ်၊ တခါတလေတော့လည်း ကုန်သည်တွေထားခဲ့တဲ့ မုန့်ထုပ်လေးတွေ ဘာလေးတွေနဲ့ ၁ဘတ်စ ၂ဘတ်စ အကြွေလေးတွေလည်း ရတတ်ရဲ့၊ ဒါမျိုးဆို ကိုပြည်အုပ်ဆိုင်က မုန့်ချိုချိုချဉ်ချဉ်လေးတွေ မြီးရတာပေါ့။ ဒီနတ်ကွန်းနဲ့ ဖယောင်းတိုင်ကိစ္စက အားလုံးအတွက် အဆင်ပြေတော့ တပ်တခုလုံးကပဲ နတ်ကိုယုံသလိုလို မယုံသလိုလို ကုန်သည်တွေမေးလာရင် ဟိုလိုလို ဒီလိုလိုပြောပြီး ဖယောင်းတိုင်သာ အတင်းပူဇော်ခိုင်းတော့တာပါပဲ။ 

(၃)

စစ်သင်တန်းတွေပြီးသွားတော့ အဘကို တောက်လျှောက်ပြုစုပြီး ကိုယ်ရေးအရာရှိလို ဖြစ်နေတဲ့ ကိုဂျော်နီက တရက် အောင်ဖေ့ကို အဘတဲဆီကိုခေါ်သွားတယ်။

အဘက ခိုင်းစရာရှိလို့ ဘယ်သူမှမပြောရတဲ့။

ခက်တော့ခက်ပြီ အဘကခိုင်းမှာဆိုတော့ ဖြစ်ပါ့မလားပေါ့လေ။ ကိုယ်ကလည်း သူချီးကျူးခံထားရတော့။

အမှန်က အောင်ဖေက အဘဗိုလ်မှူးကြီးစိန်မြကို မာနယ်ပလောမှာကတည်းက မြင်ဖူးသိဖူးပြီးသား၊ ၁၉၉၂မိုးတွင်းလွန် ကာလတခုမှာ တပ်ပေါင်းစုကိစ္စနဲ့ အဘမာနယ်ပလော ရောက်လာတယ်၊ အောင်ဖေတို့ လူ့ဘောင်သစ်ဌာနချုပ်မှာပဲ သူကတည်းတယ်။

နေ့လည်ခင်းတခုမှာ ရုံးရှေ့အပေါက်ဝဘေးမှာ သူတယောက်တည်း ကုလားထိုင်လေးချပြီး တခုခု စဉ်းစားနေပုံရပါတယ်၊ အဲဒါကို အောင်ဖေက ဟာအဘတော့ တယောက်တည်း ပျင်းနေပြီနဲ့တူတယ်ဆိုပြီး သွားဘေးနားထိုင်ပြီး စကားပြောဖူးတယ်။

“အဘနေကောင်းလား”

“အေး ကောင်းပါတယ်ကွာ”

လိုတာပဲဖြေတယ်၊ ဘာမှဆက်မပြောဘူး၊ အောင်ဖေလည်း ဘာဆက်မေး၊ ပြောရမှန်း မသိတော့ဘူး၊ ဒါနဲ့။

“အဘတို့က ဂျပန်ခေတ် ဗိုလ်သင်တန်း ပထမပတ်ပေါ့နော်”

“အေး” တဲ့၊ ဒါပဲ။

ဟာ အောင်ဖေဘယ်လို စကားဆက်ရမှန်းလည်း မသိတော့ဘူး၊ ဟိုးစားဖိုဘက်မှာလည်း ကျန်တဲ့သူတွေက အောင်ဖေအဘနား သွားရှုပ်နေတာကို ကွက်ကြည့်ကွက်ကြည့်နဲ့၊ လူကြီးနားနားနေနေ နေတာကို အလိုက်ကန်းဆိုး မသိပေါ့လေ။

စကားကလည်း ဘယ်လိုဆက်ရမှန်းမသိတော့ ညာဘက်က မြင်နေရတဲ့ ဘောနော်လေးတောင်ကြီးကို စကားတည်လိုက်တယ်။

“အဘ ဒီတောင်ကြီးက အတော်မြင့်တာပဲနော်၊ ဒါကြောင့် ရန်သူပစ်တဲ့ လက်နက်ကြီးက မာနယ်ပလောကို မကျဘဲ ကျော်ကျော်ပြီး ထိုင်းဘက်သွားကျတယ်လို့ ပြောကြတယ် အဘရ”

“ဘာမြင့်ရမှာလဲကွ၊ ဒါဂမူပဲရှိသေးတယ်၊ ငါတို့ချင်းတောင်ဘက်တွေမှာ တာဝန်ကျတုန်းကဆို ပေသောင်းကျော် မြင့်တာတွေကွ” တဲ့။

မှတ်စမ်းဟဲ့၊ အောင်ဖေ့အမြင်မှာ အတော်မြင့်တဲ့ ပေ၆-၇၀၀၀ လောက်ရှိတဲ့ ဘောနော်လေးတောင်မှ ဂမူတဲ့၊ ဘုရားဘုရား ဒါကြောင့် ဗိုလ်မှူးကြီး စိန်မြဆိုပြီး နာမည်ကြီးခဲ့တာကိုး။ အဘနဲ့ နည်းနည်းပါးပါး စကားပြောပြီး အောင်ဖေပြန်လစ်လာတော့ သူများတွေက ပြောတယ် “အဘကို ပေါက်တက်ကရတွေ သွားပြောတယ် ကြားလို့ကတော့ အပြစ်ပေးခံရမယ်နော်တဲ့”  အောင်ဖေကလည်း ပြန်ပြောပါတယ် “အာဗျာ သူပျင်းနေမှာစိုးလို့ စကားအကောင်းသွားပြောတာပါဗျ ခင်ဗျားတို့ကလည်း” ပေါ့၊ အဲဒီလိုတော့ ရင်းနှီးဖူးခဲ့တယ်လေ။ ဒါကြောင့်နည်းနည်းလန့်တာ။

အဘတဲပေါ်ရောက်တော့ ကိုဂျော်နီက မိတ်ဆက်ပေးပါတယ်၊ “သူနဲ့တော့ ကိုက်မယ်ထင်တယ်အဘ” တဲ့၊ အဲဒီကြမှ အဘတာဝန်ပေးတာက နေ့တိုင်းကိုပြည်အုပ်အိမ်မှာ သွားထိုင် တောင်ပြောမြောက်ပြော ပြောရင်းကနေ တောင်အောက်မှာ ရန်သူလှုပ်ရှားမှုသတင်းကို ကုန်သည်တွေဆီက ရသလောက် လည်လည်ပတ်ပတ်နဲ့ မေးမြန်းပြီး သတင်းထောက်တဲ့။ လူက ဝမ်းတော့သာသွားတယ်၊ အားပါး လတ်စသတ်တော့ ထောက်လှမ်းရေး တာဝန်ပေးတာကိုး၊ မခေဘူးပေါ့လေ။

အောင်ဖေတာဝန်စတော့ ကျော်ထင်ဖြစ်ဖြစ်၊ ဆန်းဦးဖြစ်ဖြစ် တွဲတွဲထားပေးပါတယ်၊ ဟိုကောင်တွေက မွန်ဆိုတော့ မွန်စကားဆိုလည်း အဆင်ပြေအောင်ပေါ့။ တခါတလေ စက်ကိုင်တဲ့သူတွေက စခန်းအပြင် ထွက်လာပြီး မှာတာတွေရှိတတ်တယ်၊ ဘယ်အဖွဲ့က အမျိုးသမီးတွေတက်လာတယ်၊ သူတို့ကို မြန်မာပြည်ထဲ ပြန်လွှတ်ဖို့ ခရိုင်ကအကြောင်းကြားတဲ့အကြောင်း စတာမျိုးတွေပေါ့၊ ဆိုလိုတာက အဲဒီအချိန်က အမျိုးသမီးတွေ ထိုင်းနယ်မြေထဲသွားပြီး အလုပ်လုပ်မှာကို မွန်ပြည်သစ်က တတ်နိုင်သလောက်တားတဲ့သဘော သူများနိုင်ငံမှာ ပင်ပန်းဆင်းရဲမှာစိုးရိမ်လို့။

အဲဒီလိုမျိုးဆိုရင် ကုန်သည်အဖွဲ့တွေနဲ့ရောပြီး တက်လာတဲ့ သူတို့ကိုနားချရတာပေါ့၊ ခရိုင်က ကျနော်တို့ကိုစက်နဲ့ လှမ်းအကြောင်းကြားလို့ပါ၊ ကျနော်တို့ဘယ်လိုမှ ခွင့်ပြုမရလို့ပါ ဘာညာနဲ့ချော့မော့ပြောပြီး ပြန်ခိုင်းရတာပေါ့၊ တခါတလေလည်း အတင်းပြောတာခံရတယ်၊ “ယောင်္ကျားရင့်မကြီးတွေ၊ စစ်သားတွေလုပ်ပြီး သူများတွေ သွားချင်တာကို ချုပ်ချယ်တယ်တို့ ဘာတို့ပေါ့” မွန်လိုပြောတာ၊ အောင်ဖေတို့က ဗမာလိုပဲပြောတော့ မွန်လိုတတ်တယ်လို့ မထင်ဘဲ အတင်းပြောကြတာလေ။

ပုံမှန်အားဖြင့်တော့ ကုန်သည်တွေလာရင် ဘယ်ကလာကြလဲဗျ၊ နားကြပါဦး၊ ရေလေးဘာလေးသောက်ကြ၊ အမောဖြေကြပါဦးဗျာ၊ စကားလေးဘာလေး ပြောကြတာပေါ့ ဘာညာအဲဒီလို စကားခံပြီး အောက်မြေပြန့်မှာ ဘယ်နေရာတွေမှာ တပ်စခန်းတွေ ရှိသလဲ၊ အင်အားဘယ်လောက်ရှိလဲ ဘယ်တပ်လဲ။ ဘယ်မှာတွေ့ခဲ့လဲ၊ သူတို့ကကော ဘာတွေမေးသလဲ၊ ဘာဖြစ်တယ် ညာဖြစ်တယ် စသဖြင့် ဟိုလှည့်ပတ် ဒီလှည့်ပတ် မေးရတော့ တာပဲ။ ပထမတော့ ကုန်သည်တွေက သာမာန်မေးတာထင်ပုံရပါတယ်၊ ခပ်ပေါ့ပေါ့ပဲ ဖြေတာပါပဲ နောက်မှ သတိထားမိလာပြီး၊ ပြောသင့်တာ အသိပေးသင့်တာတွေ ပေးလာပြောလာတော့တယ်။ ညနေကြရင် အဘဆီသွားပြီး သတင်းပို့ပေါ့၊ အဘဒီနေ့ဘာကြားတယ် ညာကြားတယ်ပေါ့၊ တခါတလေအဘက ခြင်ထောင်ထဲကနေ နားထောင်တယ်၊ ဆိုလိုတာက ဗိုလ်မှုးးကြီးစိန်မြက ဌက်ဖျားပိုးပါပြီး ညနေဘက်မှာ လူကိုကိုက်တတ်တဲ့ အနောဖလိလား ဘာလားအဲဒီခြင်မတွေ ထွက်တတ်တဲ့အချိန်ဆို ကာကွယ်ရေးသဘော ခြင်ထောင်ထဲမှာ ဝင်ထိုင်နေတတ်တယ် ခဏတဖြုတ်ပေါ့၊ အဲဒီခြင်တွေ မထွက်တော့တဲ့အချိန်မှ ခြင်ထောင်ထဲ ကနေ ပြန်ထွက်ပြီး လုပ်စရာရှိတာတွေလုပ်တာ ဌက်ဖျားမဖျားအောင် အဲဒီလိုအတွေ့အကြုံရှိတာ။

တခါမှာတော့ အောက်ဘက်မှာ ရန်သူ့တပ်တွေက လှုပ်ရှားမှုတွေက ထူးထူးခြားခြား ဖြစ်နေတယ် ကုန်သည်တွေစကားတွေကို လိုတာတွေမှတ်သားပြီး ညနေကြတော့ အဘဆီကိုထုံးစံအတိုင်း သတင်းပို့ ရတာပေါ့။

“အောက်မှာတော့ ထူးနေပြီအဘ၊ ရန်သူတပ်တွေက လှုပ်ရှားနေတာ ကျွဲသုံးညီမမှာ အင်အားမနည်းဘူးတဲ့၊ ဒီကုန်သည်လမ်းအတိုင်း အပေါ်ကိုတက်မယ်လို့ သူတို့ပြောနေကြတယ် အဘ” လို့ အစီရင်ခံတာပေါ့။ အဘက အောင်ဖေ့စကား ဆုံးတော့မှ။

“မင်းအရူးလား၊ မင်းကိုကုန်သည်တွေ ပြောတဲ့အတိုင်း၊ ကုန်သည်တွေကို သူတို့အသိပေးတဲ့အတိုင်း စစ်တပ်ကလာမယ်လို့ မင်းကိုဘယ်သူပြောသလဲ၊ ဘာလို့ဘိုင်သေ ကောက်ချက် ချရသလဲ” တဲ့၊ ဟုတ်သား သူပြောမှ စစ်ရေးစစ်ရာ ဆိုတာ၊ အောင်ဖေတွက်သလို ပေါပေါပဲပဲ တွေးခေါ်လို့မှ မရတာပဲကိုး၊ ဒါက အဘဆီကနေ အောင်ဖေရလိုက်တဲ့ အသိပညာတခုပေါ့။ ကိုဂျော်နီကတော့ ပြုံးစိစိနဲ့၊ အဘက အဲဒီလို ရဲဘော်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆုံးမတတ်တာ။

နောက်ပိုင်းမှာတော့ တာဝန်အရ ဟိုဟိုဒီဒီ သွားရင်းက ပြောင်မြောက်တဲ့ အောင်ဖေ့အစွမ်းတွေကိုလည်း ဆက်လက်တင်ပြပါဦးမယ်။

သက်ခိုင်
(၁၉း၄၆)နာရီ
၃.၇.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts