သတင်းဆောင်းပါး

သတင်းတိုထွာ သောင်းပြောင်းထွေလာ (ယူနီတီ၊ ကယ်လီဖိုးနီးယား ၆စိတ်၊ အိုဘားမား အကျ၊ ၊ အင်ဒိုရွေးပွဲ)

ထင်ရာမြင်ရာ သတင်းတိုထွာ သောင်းပြောင်းထွေလာ

(ယူနီတီ၊ ကယ်လီဖိုးနီးယား ၆စိတ်၊ အိုဘားမား အကျ၊ ၊ အင်ဒိုရွေးပွဲ)

သာဂိ၊ မိုက်ခဲစိန်၊ ဇူလိုင် ၁၇၊ ၂၀၁၄

ဒီတပတ်လည်း သတင်းခေါင်းစဉ်တွေ ကြုံရာဆွဲပြီး ရေးပို့လိုက်တယ်။ မိုက်ခဲစိန်က အသွားရေး၊ သာဂိက အပြန်ပြောပေါ့။

မိုက်ခဲစိန် – ယူနတီသတင်းဂျာနယ်က သတင်းသမားတွေကို ထောင် ၁၀နှစ်ချပြီးနောက် ဘိုင် မွန်းတည့်နေဂျာနယ်ကိုလည်း အစိုးရက တရားစွဲထားတယ် ဆိုပါကလား။ သတင်းထောက်တွေကလည်း တုန့်ပြန် ဆန္ဒပြနေကြတယ်။

သာဂိ – ကြံ့ဖွံ့အစိုးရက မီဒီယာကို သွေးတိုးစမ်းတာပေါ့ဗျာ။ သူတို့တွေမှာ မီဒီယာဥပဒေတွေ ဘာတွေ ရှိတယ်ပြောသော်လည်း ဥပဒေက အစိုးရစိတ်ကြိုက်၊ တရားစီရင်ရေးကလည်း သူတို့လက်ထဲ ဖြစ်နေတာကိုး။ အစိုးရရဲ့ လျို့ဝှက်ချက်တွေ၊ ခြစားနေတာတွေ ဘယ်လောက်ထိ မီဒီယာတွေက ထုတ်ဖော်ရေးသားလာကြမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့။

မိုက်ခဲစိန် – ခင်ဗျားတို့ ကယ်လီဖိုးနီးယားပြည်နယ်ကို ၆ စိတ်တောင် ခွဲပစ်ဖို့ ဥပဒေပြုရေး ဆန္ဒခံယူပွဲ အဆိုတင်သွင်းမယ် ဆိုပါလား။ ဘယ်လိုတုန်းဗျာ။

သာဂိ – ဘီလျံနာသေဌေးတယောက်ရဲ့ အကြံကြီးမှုပေါ့ဗျာ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဥပဒေပြုခွင့်ကို လူထုက တိုက်ရိုက်အဆိုတင်ခွင့် ရှိတယ်။ လူထုလက်မှတ် ၈ သိန်းလောက်ရရင် အဲသည်အဆိုကို အနီးဆုံးရွေးကောက်ပွဲမှာ လူထုဆန္ဒခံယူဖို့ ပြည်နယ်က လုပ်ပေးရတယ်။ လူထုထောက်ခံရင် အကောင်အထည်ဖော်ဖို့ ပြည်နယ်လွှတ်တော်က ဆောင်ရွက်ရတယ်ပေါ့ဗျာ။ လွှတ်တော်အမတ်တွေက တဆင့်အဆိုတင်၊ မဲခွဲ၊ အကောင်အထည်ဖော်တဲ့ နည်းက တနည်းပေါ့။ ဒါက တိုက်ရိုက်နည်းတခု။ သေဌေးကြီးက ပြည်နယ်မှာ လူတန်းစားတွေ ခွဲပြီး ပြည်နယ်အသစ် ၆ ခု ခွဲထုတ်ပစ်ရမတဲ့။ ဆီလီကွန်တောင်ကြားက နည်းပညာလူတန်းစားတွေအတွက် တခု၊ အလယ်ပိုင်းက လယ်သမားတွေအတွက် တခု၊ အဲသလိုမျိုး ခွဲပစ်မှ ပြည်နယ်ကြီး တိုးတက်မတဲ့။ သူက လက်မှတ်တွေ ကောက်တာ လုံလောက်ပြီဆိုတော့ ပြည်နယ်ကို တင်တာပေါ့။ ပြည်နယ်က အမတ်တွေကတော့ ဒီအကြံကို လက်မခံကြပါဘူး။ လူထုနည်းနဲ့ ကြံတာပေါ့ဗျာ။ ပြည်နယ်တော့ ငွေကုန် အချိန်ကုန် လူပင်ပန်းရဦးတော့မှာပေါ့။

မိုက်ခဲစိန် – ခင်ဗျားတို့အမေရိကန်သမ္မတကြီး အိုဘားမား သက်တမ်းက ၂၀၁၆ဆို ကုန်တော့မယ်။ အခုတောင် အိုဘားမားတယောက် ခြေကျနေပြီလို့ ခင်ဗျားတို့ မီဒီယာတွေက ရေးနေကြပါကလား။ သူ့အလုပ်တောင် သူ စိတ်မ၀င်စားသလိုလို ဖြစ်နေပြီလို့ ပြောနေကြတယ်။

သာဂိ – အတိုက်အခံကြီးစိုးထားတဲ့ လွှတ်တော်က အင်အားတောင့်တော့ အစိုးရကိုယ်တိုင် အလုပ်မတွင်ဘူးပေါ့ဗျာ။ လူဝင်မှုကြည့်ကြပ်ရေးဥပဒေပြင်ဆင်ဖို့အရေးကလည်း လွှတ်တော်က မလှုပ်။ အခု လမ်းပန်းဆက်သွယ်ရေးတွေ ပြင်ဆင်ဖို့ ဘဏ္ဍာရေး ဘတ်ဂျက်ကိုလည်း လွှတ်တော်က လုပ်မပေးဆိုတော့ သမ္မတအာဏာအတွင်းကပဲ ဆေးမြီးတိုနည်းတွေနဲ့ အုပ်ချုပ်နေရတာကိုးလေ။ ခင်ဗျားတို့သမ္မတကြီးသိန်းစိန်လိုပေါ့။ ဘာတဲ့ … လွှတ်တော်ကို မတင်ပြနိုင်သေးခင် သမ္မတဘတ်ဂျက်ထဲကနေ လုပ်ပိုင်ခွင့်တွေထဲကနေ ရုပ်ရှင်ရုံတွေအတွက် အလှူခံပေးမယ်ဆိုလား။ အဲသလိုမျိုးပေါ့။ အိုဘားမားကိုယ်တိုင်လည်း သူ့ပါတီကင်ပိန်းတွေ ပွဲတွေတက်ပြီး အလှူခံထွက်တာတွေ ရန်ပုံငွေရှာတာတွေ တိုးပြီး လုပ်နေတာကြည့်ပေါ့ဗျာ။

မိုက်ခဲစိန် – အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲက ပြီးသာသွားတယ်၊ မဲအရေအတွက်က သူမသာ ကိုယ်မသာ ဆိုပါ့ကလား။ အရပ်သား ဂျိုကိုဝီက နှာတဖြားနဲ့ နိုင်နေတယ်ဆိုပေမယ့် ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုကလည်း အလျော့မပေးသေးဘူး။ နှစ်ဦးစလုံးက အနိုင်ရနေတယ် ပြောတယ်။ ဘယ်နှယ့်တုန်း။

သာဂိ – သမ္မတဖြစ်တဲ့သူက အစိုးရဖွဲ့နိုင်တယ်ဆိုပေမယ့် လွှတ်တော်က အရေးကြီးသေးတယ်လေ။ ဂျိုကိုဝီနိုင်တယ်ဆိုရင် အစိုးရဖွဲ့နိုင်သော်လည်း ပါလီမန်မှာက လူနည်းစုပဲ ရတယ်။ ပရာဘိုဝိုက လွှတ်တော်မှာ သူ့အမတ်အများစု အနိုင်ရထားတယ်။ ညွန့်ပေါင်းတော့ ဖွဲ့ရမှာပဲ။ ပရာဘိုဝိုနိုင်တယ်ဆိုပြန်ရင်လည်း အေးအေးနဲ့ ပြီးမယ် မထင်ဘူး။ မဲလက်မှတ်တွေကို အသေအချာ စစ်ကြဆေးကြရဦးမှာပေါ့ဗျာ။ ရွေးကောက်ပွဲဆိုတာက ဘောလုံးကန်သလို ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ခိုင်းလို့လည်း မရဘူးမို့လား။

မိုက်ခဲစိန် – ဒီလောက်နဲ့ တော်ကြစို့ဗျာ။ စာမူခလည်း မရဘဲ ရေးနေရတာ သိပ်မနိပ်ဘူး။

သာဂိ – စာမူခသာ ရရင် ခင်ဗျားနဲ့ တွဲပြီး ဘယ်ရေးမလဲ။ သတ်သတ်ရေးမှာပေါ့ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts