သတင်းဆောင်းပါး သာဂိ နိုင်ငံတကာရေးရာ

လုပ်ကြံသတင်းတွေနဲ့ တိုင်းပြည်ကို ကိုင်လှုပ်နိုင်သူနဲ့ တွေ့ဆုံခြင်း

fake news run by Boston Globe

လုပ်ကြံသတင်းတွေနဲ့ တိုင်းပြည်ကို ကိုင်လှုပ်နိုင်သူနဲ့ တွေ့ဆုံခြင်း
(NPR News Report) မိုးမခ၊ နိုဝင်ဘာ ၂၉၊ ၂၀၁၆

အမေရိကန်ရွေးကောက်ပွဲကာလတွင်းမှာ သတင်းအတု (လုပ်ကြံသတင်း) တွေ၊ အထင်အမြင်မှားစေတဲ့ ထုတ်လွှင့်မှုတွေဟာ ဆိုရှယ်မီဒီယာတွေမှာ ခေတ်စားပါတယ်။ အဲသည်ထဲက ထင်ရှားတဲ့ တခုကတော့ … ‘ကလင်တန်၏ အီးမေးဆာဗာပေါက်ကြားမှုမှာ သံသယရှိသူ အက်ဖ်ဘီအိုင်ဝန်ထမ်း ကိုယ့်ကိုယ်ကို အဆုံးစီရင်’ ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းဟာ လုပ်ကြံသတင်း တခုသာ ဖြစ်တယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်မှာ လူတွေက အကြိမ် ၅သိန်း ကျော် ရှယ်ပြီး သွားပြီ။

ဒီသတင်းလိမ်နောက်ကို သတင်းထောက်အဖွဲ့က လိုက်ကြတဲ့အခါမှာ ဒေသခံသတင်းဝက်ဆိုက်အမည် ခံထားတဲ့ Denvergurdian.com ကို သွားတွေ့တယ်။ အဲသည်မှာ လုပ်ကြံသတင်းကို တင်ထားတယ်။ ဒီဆိုက်ကို ဘယ်သူပိုင်သလဲ လိုက်ကြည့်တော့ သူက အမည်မဖော်လိုသူအဖြစ် မှတ်ပုံတင်ထားတယ်။ ဒါနဲ့ NPR သတင်းအဖွဲ့က ပညာရှင်တွေကို အကူတောင်းရတော့တာပေါ့။

ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာကလေးမြို့မှာ နည်းပညာကျွမ်းကျင်သူအဖြစ် အလုပ်လုပ်နေသူ John Jansen က ဒီအမှုကို စုံစမ်းပေးပါတယ်။ သူက အတိတ်ကာလတုန်းက ၀က်ဆိုက်ရဲ့ သမိုင်းကြောင်းကို ခြေရာပြန်ခံ လိုက်တယ်လို့ ဆိုပါတယ်။ ဒီအလုပ်က ရှေးဟောင်းသုတေသီတွေလိုပါ။ အတိတ်က အဲဒီဝက်ဆိုက်ကို ဘယ်သူတွေက ရည်ညွှန်းခဲ့ကြသလဲ၊ ဖော်ပြခဲ့ကြဖူးသလဲဆိုတဲ့ သဲလွန်စတွေကို ကောက်ရပါတယ်။

အဲသည် Denver Gurdian ဆိုတဲ့ သတင်းအတု ၀က်ဆိုက်ကို ဘလော့ဂါအများ နှစ်သက်တဲ့ wordpress အင်ဂျင်နဲ့ ဆောက်ထားတာ ဖြစ်ပါတယ်။ အဲသည်ဝက်ဆိုက်မှာ ပထမဦးဆုံး ဆောင်းပါးပိုစ့် တင်ခဲ့သူ အမည်ခံက ‘letTaxasSecede” လို့ တွေ့ရပါသတဲ့။

အဲသည် အင်တာနက်ကလောင်အမည်နောက်ကို လိုက်တဲ့အခါ အဲသည်အမည်သုံးစွဲထားတာ အခြား ၀က်ဆိုက်တွေ တော်တော်များများ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲသည် ၀က်ဆိုက်တွေထဲက တခုကတော့ NationalReport.Net ပါ။ သူနဲ့ အလားသဏ္ဍန်တူ ဆင်တူရိုးမှား သတင်းဝက်ဆိုက်နာမည်တွေကတော့ USAToday.com.co WashtingtonPost.com.co တွေ ဖြစ်ပါတယ်။ အဲသည်နာမည်တွေအားလုံးကို Amazon ၀က်ဆိုက်ဝန်ဆောင်မှု အကောင့်တခုမှာ အားလုံး ချိတ်ဆက်ထားတယ်။ သည်တော့ အဲသည်ဆိုက်တွေအားလုံးကို ပိုင်ရှင် တဦးတည်းက ချုပ်ကိုင်တာဖြစ်မယ်လို့ John Jansen က ကောက်ချက်ဆွဲလိုက်ပါတယ်။ အဲသည်ဆိုက်တွေထဲက တခုကနေ အီးမေးလိပ်စာ တခုရတယ်။ အီးမေးလိပ်စာ ပိုင်ရှင်နောက်ကို လိုက်လိုက်တော့ နာမည်တခု ထွက်လာတယ်။ Jestin Coler ပါတဲ့။

အွန်လိုင်းမှာ Coler (ကိုလာ) ဆိုသူဟာ Disinomedia (သတင်းလိမ်) အမည်ရ ကုမ္မဏီရဲ့ CEO ဖြစ်ပါတယ်။ သူရဲ့ LinkedIn ပရိုဖိုင်းအရ အွန်လိုင်းသတင်းစာရောင်းသူ၊ ဒေတာဘေ့စ် စီမံသူနဲ့ အလွတ်တန်း စာရေးစားသူ လို့ ဖော်ပြထားပါတယ်။ သူ့အမည်ရင်းနောက်ကို ဆက်လိုက်တော့ နေရပ်လိပ်စာတခု ထွက်လာပါတော့တယ်။

သည်လိုနဲ့ NPR သတင်းအဖွဲ့ဟာ နေ့ခင်းတခုမှာ လိပ်စာရှိရာကို ရောက်သွားပါတယ်။ လော့စ်အိန်ဂျလိစ် မြို့တော်ကြီးရဲ့ ဆင်ခြေဖုံးရပ်ကွက်တခု ဖြစ်ပါတယ်။ လူလတ်တန်းစားတွေရဲ့ ရပ်ကွက်တခုထဲက ဘန်ဂလိုဆန်ဆန် တထပ်အိမ်လေး တလုံးပါ။ အိမ်ရှေ့က မြက်ခင်းတွေကတော့ ရေမလောင်းလို့ ခြောက်သွေ့နေပြီး မျက်နှာစာမှာ အမေရိကန်အလံကို လွှင့်ထူထားပါတယ်။

သတင်းထောက်တွေ အိမ်တံခါးကို ခေါက်တဲ့အခါ တံခါးနောက်က ခြင်ဆန်ကာကနေ လူတဦး ချောင်းကြည့်ပါတယ်။ မျက်နှာတော့ ထင်ထင်ရှားရှား မမြင်ရ။ သူ့ကို (ကိုလာ) လားလို့ မေးတော့ သူက ဟုတ်တယ်လို့ ဖြေပါတယ်။ ကျန်ုပ်တို့က DisInfoMedia အကြောင်း မေးချင်တယ်လို့ ပြောလိုက်တော့ သူက ခင်ဗျားတို့ကို ဘာမှ ပြောစရာ မရှိဘူးလို့ ပြောပြီး ပြန်ကြဖို့ နှုတ်ဆက်ပါတယ်။

သတင်းထောက်က သူ့ ကဒ်ပြား ထုတ်ပေးပြီးတော့ ထွက်ခွာလာခဲ့ကြပါတယ်။ ဒီလူကတော့ ဘာမှ ငါတို့ကို ပြောချင်မှာ မဟုတ်ဘူးလို့ ကောက်ချက်ဆွဲမိကြပါတယ်။ သို့သော် နာရီပိုင်း အတွင်းမှာပဲ ကိုလာက သူတို့ကို ပြန်ဆက်သွယ်လာပါတယ်။ အီးမေးကနေ ဆက်ကြပြီးနောက်မှာ အင်တာဗျူးလုပ်ဖို့ NPR နဲ့ စီစဉ်နိုင်ခဲ့ကြပါတော့တယ်။

ကိုလာဟာ အသက် ၄၀ ခန့် ရှိပြီး ဇနီးသည်နဲ့ ကလေး ၂ ဦးရှိ မိသားစု ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းကစပြီး fake news (လုပ်ကြံသတင်း) အလုပ်ထဲကို ၀င်ရောက်လာတာဖြစ်ပါတယ်။ အစကတော့ လက်ယာစွန်း လူဖြူအမျိုးသားဝါဒီတွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ပါ။

အစပထမ အကြံအစည်ကတော့ သတင်းမှားတွေ၊ သတင်းအတုအယောင်တွေ လုပ်ကြံဖန်တီးပြီးတော့ လက်ယာစွန်းတွေကို အမဲဖမ်းဖို့ပါ။ ပြီးတော့မှ သူတို့တွေ အတည်ထင်နေတဲ့ အချက်အလက်တွေဟာ အလကားဟာတွေ စိတ်ကူးဖန်တီးထားတာတွေလို့ ဖွင့်ချပြီး လူထုမျက်မှောက်မှာ ရှုတ်ချပစ်ဖို့ပါ။ လို့ ကိုလာက ပြောပါတယ်။

အဲသည်မှာ သူ အံအားသင့်စွာ သဘောပေါက်လိုက်မိတာကတော့ လုပ်ကြံသတင်းတွေဟာ အလွန်လွယ်ကူစွာ လူတွေကို ဖမ်းစားနိုင်တယ်။ အဲသည်လူတွေဟာ အလွန်ကို အယုံလွယ်ကြတယ် ဆိုတာပါ။ သူ တခါက NationalReport.net မှာ သတင်းလိမ်တခုကို လုပ်ကြံရေးသားဖူးပါတယ်။ ဘာလဲဆိုတော့ ကိုလိုရာဒီုပြည်နယ်က တရားဝင်ဆေးခြောက်ဆိုင်မှာ လူတွေက လူမှုဖူလုံရေးထောက်ပံ့စာ ကူပွန်တွေ သုံးပြီး ၀ယ်ယူနေကြတယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။

အဲသည်လုပ်ကြံသတင်းမှားကို တကယ်ဖြစ်ပျက်နေတယ်လို့ ထင်မှတ်ပြီးတော့ တခါဖူးမှ မရှိတဲ့ အပြစ် အတည်ယူပြီး ကိုလိုရာဒိုပြည်နယ် လွှတ်တော်မှာ အဆိုတွေ တင်ကြ၊ ဆွေးနွေးကြပါတယ်။ ပြီးတော့ လူမှုဖူလုံရေး ထောက်ပံ့စာ လက်မှတ်တွေသုံးပြီး ဆေးခြောက်ဝယ်ယူခြင်းကို တားမြစ်တဲ့ ဥပဒေ တကယ်ကြီးကို ပြဌာန်းတဲ့အထိ ဖြစ်ပျက်ခဲ့ပါတော့တယ်။

“သည်လိုနဲ့ အမေရိကန်ရွေးကောက်ပွဲကာလအတွင်းမှာ လုပ်ကြံသတင်းလုပ်ငန်းတွေ ရွှေထီဆောင်းကြပါတော့တယ်။ အရှိန်တက်လာပါတော့တယ်။ ဘလော့ဂ် ရေးတတ်နိုင်ရုံနဲ့ အလုပ်ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ထရန့်ကို ထောက်ခံတဲ့ အုပ်စုတွေကို လိုက်ရှာ၊ ပြီးတော့ လုပ်ကြံသတင်းတွေ ချပေးပြီး ကိုယ်မျှားထားတဲ့ အသားတုံးကို ဘယ်အချိန် လာဟပ်ကြမလဲ ဆိုတာ စောင့်ဆိုင်းနေရုံပါပဲ”။ ကိုလင်က သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။ “အဲသည်မှာတင် ကိုယ့်လုပ်ကြံသတင်းက ပေါက်ပြီဆိုရင် ၀က်ဆိုက်တွေတိုင်းမှာ ဆက်တိုက် ပေါက်ထွက်ကုန်တာပါ။ ထရန့်ရွေးကောက်ပွဲကာလတုန်းမှာ အမယ်လေးလေး ဖေ့စ်ဘွတ်အကောင့်အတုတွေဆိုတာ ပေါချင်း သောချင်းတွေ ဖြစ်ကုန်တော့တာပါပဲ။”

ကိုလင်က လက်ဝဲစွန်းတွေ တိုးတက်တဲ့အမြင်ရှိသူတွေအတွက်လည်း လုပ်ကြံသတင်းတွေနဲ့ ငါးစာပြ မျှားခဲ့ဖူးပါသတဲ့။ သို့သော်လည်း ဒီမိုကရက်တွေဘက်က လုပ်ကြံသတင်းတွေကို လာ မဟပ်ခဲ့ကြပါဘူးလို့ ဆိုပါတယ်။

ကိုလင်ပြောတာကတော့ သူ့ (သတင်းလိမ်) ကုမ္မဏီကြီးမှာ သတင်းအတုအယောင်ဖြန့် ၀က်ဆိုက်တွေ အများကြီး ရှိပါသတဲ့။ အရေအတွက်ကိုတော့ ပြောလို့ မရဘူးတဲ့။ လုပ်ကြံသတင်းထုတ်လုပ်တဲ့ လုပ်ငန်းဟာ စားပေါက်ကြီး၊ စီးပွားရေးလုပ်ငန်းကြီးသဖွယ် ဖြစ်ပါသတဲ့။ သူဟာ အဲသည်ထဲက တဦးတယောက် အပါအ၀င် ဖြစ်ပါတယ်တဲ့။ သူကိုယ်တိုင်ကတော့ အဲသည်ထဲက ဂိုဏ်းဆရာကြီး ဂရုကြီးသဖွယ်လို့ မှတ်ယူထားပါသတဲ့။

ကိုလင်မှာ သတင်းလိမ် ရေးစားသူ ၀န်ထမ်း ၂၅ ဦးလောက် ရှိတယ်လို့ ဆိုပါတယ်။ အဲသည်ထဲက တဦးဟာ Denver Gurdian ၀က်ဆိုက်ကနေ ကလင်တန်အီးမေး ပေါက်ကြားတဲ့ အက်ဖ်ဘီအိုင်ဝန်ထမ်း အသတ်ခံရတဲ့ သတင်းလိမ်ကို လုပ်ကြံရေးသားခဲ့တာ ဖြစ်ပါတယ်။ ၁၀ ရက်အတွင်းမှာ ၀က်ဆိုက်ကို လာကြည့်တဲ့သူ ၁.၆ သန်း ရှိတယ်။ သည်သတင်းမျိုးဟာ လက်ယာစွန်းရောက်တွေအတွက် သည်းခြေကြိုက် လုပ်ကြံမှုအယူအဆနဲ့ ကွက်တိကို ဟပ်မိတယ်လို့ ဆိုပါတယ်။

လူတွေက ဒါမျိုးကိုပဲ ဖတ်ချင်ကြတာပါလို့ ကိုလင်က ပြောပါတယ်။ “ကျနော်တို့က ဇာတ်လမ်းကို ရေးရုံပါပဲ။ အားလုံးဟာ စိတ်ကူးယဉ်တွေချည်းပါ။ သတင်းထဲမှာ ပါတဲ့ မြို့၊ လူတွေ၊ ပုလိပ်အရာရှိ၊ အက်ဖ်ဘီအိုင်က လူဆိုတာ ဇာတ်ကောင်တွေချည်းပါပဲ။ ပြီးတာနဲ့ ကျနော်တို့ဆီက ဆိုရှယ်မီဒီယာသမားတွေက ထရန့်ဘက်တော်သားတွေ ထရန့်အုပ်စုတွေကြားထဲ သွားချထားပေးလိုက်ရုံနဲ့ တောမီးလောင်သလို ပြန့်ကုန်တော့တာပါပဲ”

ဒါက ငွေကြေးအတွက် သက်သက်လုပ်နေတာ မဟုတ်ဘူးလို့ ကိုလင်က ပြောပါတယ်။ သူပြောချင်တာက လုပ်ကြံသတင်းတွေဟာ ဘယ်လောက်တောင်မှ ဖြန့်ဖြူးရတာ လွယ်ကူသလဲ ဆိုတာ ပြချင်တာလို့ ဆိုပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လုပ်ကြံသတင်းတွေဆိုတာ ပြန့်နှံ့ နေပြီးသားပါတဲ့။ ဒါပေမယ့် ငွေကြေးတွေ ရတာကြောင့်လည်း ကိုလင်ကိုယ်တိုင် ဒါကို ဘယ်လိုပဲ ထိခိုက်မှုတွေ ဖြစ်စေကာမူ ဆက်ပြီး လုပ်ကြံမှုတွေ ဆက်လုပ်နေတာ မဟုတ်လားလို့ NPD သတင်းထောက်က ကိုလင်ကို ထောက်ပြဝေဖန်တဲ့အခါ သူက ဟုတ်ပါတယ်လို့ ၀န်ခံပြန်ပါတယ်။

ကိုလင်က အရင်တုန်းက မီဒီယာဌာနကြီးတွေနဲ့ အင်တာဗျူးတွေလုပ်ပြီးတော့ အခုလို လုပ်ကြံသတင်းတွေရဲ့ ထိခိုက်မှုတွေကို တင်ပြခဲ့ဖူးပါသတဲ့။ ဘယ်သူကမှ အရေးတယူ မရှိခဲ့ကြပါဘူးတဲ့။ တကယ်တန်းကတော့ ကိုလင်က အင်တာဗျုးပေးတဲ့ဆီမှာ သူ့အမည်အစစ်ကို ထုတ်သုံးခဲ့တာ မဟုတ်ပါ။ သူ သုံးခဲ့တဲ့ အမည်ခွဲက Allen Montgomery နဲ့ ပြောခဲ့တာပါ။

ကိုလင်က ဒီမိုကရက်ပါတီဘက်က မှတ်ပုံတင်ထားသူ ဖြစ်ပါတယ်။ သူရဲ့ လုပ်ကြံသတင်း ကွန်ယက်ကြီးအတွက် နောင်တ ရတာ မရှိပါဘူးတဲ့။ သူကတော့ လုပ်ကြံသတင်းတွေက ရွေးကောက်ပွဲကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

‘လုပ်ကြံသတင်းတွေကြောင့် မဟုတ်ဘဲ အခြားအကြောင်းအရာတွေကြောင့်သာ ထရန့်က ရွေးကောက်ပွဲကို နိုင်သွားတာပါ။ ကျနော်က ဟီလာရီကလင်တန်ကို ကြိုက်ပါတယ်။ သို့သော် သူက အားနည်းတဲ့ သမ္မတလောင်းပါ။ သူ့မှာ ပြသနာတွေ အများကြီး ပါလာပြီးသား ဖြစ်နေတယ်လေ။” လို့ သူက ဆင်ခြေပေးလိုက်ပါတယ်။

သူရဲ့ NationalReport.Net ၀က်ဆိုက်ကို ဂူးဂဲကတော့ fake news လုပ်ကြံသတင်းဝက်ဆိုက်အဖြစ် နာမည်ပျက်စာရင်း သွင်းထားလိုက်ပါပြီ။ ကိုလင်ကတော့ fake news တွေက ပပျောက်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဂူးဂဲက ဂူးဂဲကြော်ငြာဝန်ဆောင်မှုတွေ ကိုလင်ရဲ့ ဆိုက်တွေမှာ ထည့်သွင်းတာ မလုပ်တော့ဘူးလို့ ဆိုပါတယ်။

‘သည်လို ကျနော်တို့လို ၀က်ဆိုက်တွေမှာ ကြော်ငြာထည့်သွင်းချင်တဲ့ ကြော်ငြာအေဂျင်စီဝက်ဆိုက်တွေက အများကြီးပါ။ (၀က်ဆိုက်တွေ ဟစ်များများရပြီး အဲသည်ကြော်ငြာတွေ များများတက်တာကနေ ပိုက်ဆံရကြတာ ဖြစ်ပါတယ်)။ တခြား ကြော်ငြာရှင်တွေက ကျနော့်ကို လာဆက်သွယ်နေကြတာ ကျနော့်အီးမေးတွေ လျံထွက်နေပြီ” လို့ ကိုလင်က ပြောပါတယ်။

ကိုလင်ပြောတာကတော့ သူ့မိန်းမနဲ့ သူနဲ့ ဒီလုပ်ကြံသတင်းလုပ်ငန်းကနေ အနားယူဖို့ ဆွေးနွေးနေကြတယ်တဲ့။ ဒါပေမယ့် ငကန်းသေ ငစွေပေါ်လိမ့်မယ် ဆိုတာလို နောက်ပေါက်လာမယ့် ရွှေကြာပင်တွေကလည်း အများကြီး လို့ ဆိုပါတယ်။ သတင်းအစစ်အမှန် ၀က်ဆိုက်တွေနဲ့ သတင်းအတုအယောင် ၀က်ဆိုက်တွေကို ခွဲခြားဖို့က အခုချိန်ခါမှာ ပိုပိုပြီး ခက်ခဲလာနေပြီလို့ ထောက်ပြလိုက်ပါသေးတယ်။ လုပ်ကြံသတင်းတွေက အရောင်းသွက်ပါတယ်။ အရောင်းသွက်လို့လည်း လူတွေက ၀င်လာနေကြတာ ဖြစ်ပါတယ် တဲ့။

NPR – We Tracked Down A Fake-News Creator In The Suburbs. Here’s What We Learned ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည် (နိုင်ငံတကာသာဂိ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts