Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ပြင်ဦးလွင်-ထုံးဘို မင်းမဲ့စရိုက် ရိုက်နှက်မှု သတင်းစာရှင်းလင်း

 

ပြင်ဦးလွင်-ထုံးဘို မင်းမဲ့စရိုက် ရိုက်နှက်မှု သတင်းစာရှင်းလင်း
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၈၊ ၂၀၁၄

မန္တလေးတိုင်းပြင်ဦးလွင်ခရိုင် ထုံးဘိုကျေးရွာတွင်  ၂၀၁၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီ အချိန်၌ တောင်သူလယ်သမားသမဂ္ဂ မှ ဦးစီး၍ သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲပြုလုပ်ရခြင်းအကြောင်းမှာ ထုံးဘိုကျေးရွာနေ  တောင်သူဦးစိုးမြင့်နှင့် အပေါင်းပါငါးဦးတို့ မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းရိုက်နှက်ခံခဲ့ရသည့်အတွက် အများပြည်သူသိရှိနိုင်စေရန်ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။

ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်မေလ ၂၆ ရက်နေ့တွင်  ဦးစိုးမြင့် တောင်ယာလုပ်သူအား မြေယာကိစ္စညှိုနှိုင်းရန်အတွက် ဒေါ်မိမိလေး ကော်ဖီခြံ စိုက်ခင်းပိုင်ရှင်မှခေါ်သဖြင့် သွေးရိုးသားရိုးသဘောအောက်မေ့ကာလိုက်သွားခဲ့ပါသည် ။ ခြံဝရောက်သောအခါ လူလေးငါးဦးမှ (မင်းလားကွ စိုးမြင့်) ဆိုကာ ဝိုင်း၍ ရိုက်နှက်ကြပါတော့သည် ။ အဖော်အဖြစ်လိုက်ပါလာသော ဦးပုည၊ထွန်းလင်းတို့အားလည်း ထိုးကြိတ်ရိုက်နှက်ခဲ့ကြပါသည် ။ ဖိုးထွန်း၊ ဘာဆူးတို့ ထပ်မံရောက်လာသောအခါ တွင်လည်း သူတို့ကို အကြမ်းဖက်လူစုက ဝါးလုံးများ၊ဓါးများဖြင့် ဝိုင်းကာထိုးနှက်ခဲ့ကြပါသည် ။

ထိုသို့ ထိုးနှက်ရုံတင်သာမက သူတို့ငါးယောက်အား ကြိုးများဖြင့်တုတ်နှောင်ကာ သတ်ဖြတ်ဖို့အထိကြံစည်ခဲ့ကြပါသည် ။ ဦးပုည မှာ စတင်ရိုက်နှက်ချိန်မှာပင် သတိမေ့လဲကျသွားပါသည် ။ ဘာဆူးမှာမူ ဂေါ်ရခါးကုလားဖြစ်သည့်အတွက် အနည်းငယ်သက်သာခဲ့ပါသည် ။ ဦးစိုးမြင့်တို့ ယခုလို နှိပ်စက်ခဲ့နေရသည်ကို ရပ်ရွာမှ သိရှိသဖြင့် အမြန်ဆုံးသွားရောက်ကယ်ဆယ်နိုင်၍သာ အသက်မဆုံးရှုံးရခြင်းဖြစ်သည် ။ ရိုက်နှက်သူများအား ပိတ်ချင်းမြောင်ရဲစခန်းမှ အမှုဖွင့်အရေးယူသော်လည်း လူကြီးတယောက်၏ အာမခံမှုကြောင့် ရိုက်နှက်သူများအား အာမခံပေးခဲ့ပါသည် ။ အမှုမှာ အာမခံပေး၍ ရသောပုဒ်မများဖြစ်သောကြောင့် အာမခံပေးခြင်းဖြစ်ကြောင်းလည်း အမှုစစ်ဒုရဲအုပ် သန်းထိုက်မှပြောကြားခဲ့ပါသည် ။

ယခုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် ရိုက်နှက်မှုမျိုး ၊သတ်ဖြတ်မှုမျိုးသည် ယခုလက်ရှိ ဒီမိုကရေစီအစိုးရ ဆိုသည်အစိုးရလက်ထက်တွင်  အဖြစ်များနေပြီး မှုခင်းများမပေါ်ပေါက်နေသည်မှာလည်း  ထူးခြားဆန်းပြားနေပါသည်ဟု သုံးသပ်ကြသည်။

ထိုကိစ္စ နှင့်ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက်လည်းကောင်း တောင်သူလယ်သမားသမဂ္ဂမှ တာဝန်ခံ မစုစုနွေး ဦးဆောင်ကာ  ဇွန်လ ၁၆ ရက်တွင် ပြင်ဦးလွင် မြို့ အတွင်းဆန္ဒဖော်ထုတ်ကြမည်ဖြစ်သည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts