စာအုပ်စင် ဖိုးထက် ဝေဖန်ရေးရာ

ဖိုးထက် – ဓား၊ လှံတွေ ကာကွယ်မယ့် စာအုပ်တစ်အုပ်

Photo credit – Myanmar Book Shop

ဓား၊ လှံတွေ ကာကွယ်မယ့် စာအုပ်တစ်အုပ်
ဖိုးထက်၊ မေ ၂၂၊ ၂၀၁၄

စာအုပ် ကောင်းကောင်း တစ်အုပ် ဖတ်ခွင့်ရလိုက်ဖို့ ရှေးရှေးက ကုသိုလ်ကံ ကောင်းဖို့ လိုပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်တို့က အခုနောက်ပိုင်းနှစ်တွေမှာ ဆိုရှယ်နက်ခ်ဝပ်တွေနဲ့ အချိန်တွေ ကုန်နေကြတယ်။ မနက်လင်းတာနဲ့ ဘာစတေးတပ်လေး တင်လိုက်ရမလဲလို့ တွေးပြီး နေ့သစ်ကို နှုတ်ဆက်နေတဲ့ လူတွေ မနည်းတွေ့နေရတယ်။ ဆိုရှယ်နက်ခ်ဝပ်ပေါ်မှာ ကိုယ်ဘာလေးဘဲ ရေးလိုက်ရေးလိုက် ကြိုက်နှစ်သက်သူဦးရေ ရာကျော်အောင် ရှိကြတဲ့ အပေါ်မှာ သာယာသွားကြပြီး (နင်ထင်တာပါ၊ မနာလို မဖြစ်ပါနဲ့လို့ ပြောချင်လဲ ပြောပေါ့) ဖတ်ခဲ့ဘူးတဲ့ စာအုပ်တွေထဲက ရသလောက် အတွေးအခေါ်ကို ညှစ်ထုတ်ပြီး တစ်နာရီခြား တစ်ခါ ဘာလေး ရေးတင်ရပါ့မလဲလို့ အမြဲလိုနီးပါး တွေးနေတဲ့ သူတွေ ရှိတယ်လို့ ပြောရင် စိတ်ဆိုးကြမလားပါဘဲ။ ဒီတော့ စာအုပ်တစ်အုပ်ကို လောက်လောက်လားလား၊ တင်းတင်းရင်းရင်း ဖတ်ဖြစ်ဖို့ ဒီ ဆိုရှယ်နက်ခ်ဝပ်တွေက ကြီးစွာသော နှောင့်ယှက်မှု ရှိတယ်လို့ ကောက်ချက်ဆွဲရင် သဘောတူသူတွေ များမယ် ထင်ပါရဲ့။ ကန့်ကွက်တဲ့ စတေးတပ်တွေလဲ များမှာပေါ့လေ။ ထားပါတော့။

အခုတော့ အထက်က ကျွန်တော်ဆိုခဲ့သလို ကံကောင်းထောက်မစွာနဲ့ Facebook ကိုလဲ စိတ်ပျက်စပြုချိန်၊ အင်တာနက်ပေါ်မှာလဲ အချက်အလက် သိပ်ပြီး ရှာစရာ မရှိတဲ့ အချိန်မှာ လက်ထဲကို ဆရာ ဦးသန့်မြင့်ဦးရဲ့ “Where China Meets India” စာအုပ် ရောက်လာတယ်။ ဆရာ့ရဲ့ စာအုပ်ကို ဆရာဟိန်းလတ်က မြန်မာဘာသာ ပြန်ထားတာပါ။ ကျွန်တော်က အင်္ဂလိပ်စာအုပ်တွေဆိုရင် သူများ နားလည်အောင် ဘာသာ ပြန်ချရေးဖို့ မဆိုထားနဲ့ ကိုယ်နားလည်အောင်တောင် မနည်းဖတ်ရတဲ့ (ဒါလဲ နားလည်တယ်လို့ မထင်ပါနဲ့) အဆင့်ပါ။ ဒီတော့ အင်္ဂလိပ်စာအုပ်ဆိုရင် သိပ်ကောင်းတဲ့ စာအုပ်ဘဲ၊ အရမ်းဖတ်သင့်တဲ့ စာအုပ်ဘဲလို့ စိတ်ထဲက သိပေမယ့် အင်္ဂလိပ်စာအုပ်ကောင်းတွေ မြင်တာနဲ့ တီကို ဆားပုံလိုက်သလို တွန့်ဆုတ်ပါတယ်။

နောက်ပြီးတော့ ဘာသာပြန်တဲ့ နေရာမှာလဲ ကိုယ်တိုင်သာ အသုံးမကျတယ်။ ကျွန်တော်က ဂျီးများတတ် ချင်သေးတာ။ ဆရာမြသန်းတင့်ဘာသာပြန်တဲ့ သုခမြို့တော်၊ စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ်တွေ လိုမျိုး ဘာသာပြန် ဖတ်လို့ ဖတ်နေရမှန်း မသိအောင် အဆင်ပြေသော ဘာသာပြန်တာမျိုးမှ ဖတ်ချင်တယ်။ တစ်ချို့ဘာသာပြန်စာအုပ်တွေကျတော့ စွံမလားလို့ ကောက်ကိုင်လိုက်ပြီးမှ ၀ါကျတွေရှည်၊ ဝေါဟာရတွေ ရှုပ်၊ အကြောင်းအရာ မပြတ်မသားနဲ့ တစ်ခါတည်းနဲ့ မိတ်ပျက်သွားတဲ့ ဘာသာပြန် ဆရာတွေလဲ တွေ့ဘူးတယ်။ အခု ဆရာသန့်မြင့်ဦးစာအုပ်ကျတော့ ဘာသာ ပြန်သူက ဆရာ ဟိန်းလတ်တဲ့။ ဆရာဟိန်းလတ်က နိုင်ငံအရေး၊ ကမ္ဘာ့အရေး၊ စီးပွားရေး စတဲ့ လူမှု ရေးရာ ကိစ္စတွေကို ဘာသာပြန်ရော၊ ကိုယ်တိုင်ပါ စာတွေ ကောင်းကောင်းကြီးဖတ်ပြီး စာဖတ်ပရိတ်သတ်ကို ဝေမျှနေသူ။ အခု ဆရာသန့်မြင့်ဦးရဲ့ စာအုပ်ကို ဆရာဟိန်းလတ်က ဘာသာပြန်တော့ အတိုင်းထက် အလွန်။ တံခွန်နဲ့ ကုက္ကား။ စစ်အစိုးရနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အရမ်းကို ပဏာရ၊ လိုက်ဖက်လွန်းတယ်လို့ ဆိုရမှာပါ။

“စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ” ဆိုပြီး ဆောင်းပါးတွေ၊ စကားပုံတွေ၊ ပုံပြင်တွေ၊ စာအုပ် စာတမ်းတွေ နည်းတာမှ မဟုတ်တာ။ ဒါပေမယ့် စာဖတ်နည်းလာကြတာ ထင်ထင်ရှားရှားပါဘဲ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေလို့ လူမျိုးနဲ့ ချီပြောရင် ဘာအချက်အလက်နဲ့ ပြောသလဲ လို့ ချောင်ပိတ်မေးချင်သူတွေ ရှိလာမှာဘဲ။ မြန်မာလူမျိုးတို့ရဲ့ Facebook ကို ကြည့်လိုက်ပေါ့လို့ ပြန်ပြောရမှာဘဲ။ စာဖတ်ဖို့နဲ့ စာအုပ်အများကြီးတွေကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ကာ တင်ဖို့ ပိုပြီး စိတ်ဝင်စားနေကြတာ ဟို အွန်လိုင်းက ၀န်ကြီးတစ်ပါးကိုတောင် သံသယ၀င်မိတယ်။ တကယ်စာဖတ်သူဟာ တစ်နာရီခြားတစ်ခါလောက် Facebook သုံးနေ၊ ဖတ်နေဖို့လဲ အချိန်မရပါဘူး။ စာဖတ်တာကောင်းတယ်။ လူအထင်ကြီးတယ်ဆိုတဲ့ အတွေးမျိုး တစ်ချို့လူတွေမှာ ရှိတတ်တာ ငြင်းကြမယ် မထင်ဘူး။ ဒီလိုလူတွေထဲမှာ ပညာတတ်ဆိုတဲ့ စာဖတ်ချင်ယောင်ဆောင်တဲ့ လူတွေ ပါနေတာ ပိုပြီးလို့တောင် စိတ်ညစ်ဖို့ ကောင်းပါရဲ့။

ကျွန်တော့်အမြင်မှာတော့ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲမှာ အကောင်းဆုံးက လူပါးဝလို့ ကောင်းတာပါဘဲ။ ဒီလိုပါ…ဆရာဦးသန့်မြင့်ဦးလို ကမ္ဘာသိ၊ ကမ္ဘာ့အဆင့်မှီ ပညာတတ်တစ်ယောက်ရဲ့ ဥာဏ်ရည်၊ စာဖတ်အား၊ လေ့လာအားတွေ ကျွန်တော်လို သာမန်လူတွေမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲလေ။ ဒါပေသိ အခု သူရေးတဲ့ “Where China Meets India” (ဆရာ ဟိန်းလတ်က “တရုတ်နှင့် အိန္ဒိယဆုံမှတ်” လို့ ဘာသာပြန်တယ်) စာအုပ်ကို ဖတ်လိုက်ရင် ဆရာ့ရဲ့ ဦးဏှောက်၊ မျက်လုံး၊ အချိန်နဲ့ ငွေကြေးတွေကို အိပ်ရာပေါ်က မထဘဲ ခပ်လွယ်လွယ်နဲ့ ရလိုက်နိုင်လို့ လူပါးဝလို့ ကောင်းတယ်လို့ ပြောချင်တာ။

ဆရာ့စာအုပ်ကို ဖတ်ရင်း ဟိုးတစ်လောက ကျွန်တော် ဖတ်ဘူးတဲ့ စာအုပ်တစ်အုပ်ကို သတိရလာတယ်။ ဆရာနေဇင်လတ် ဘာသာပြန်တဲ့ “သမ္မတကြီးတစ်ဦးတည်း အတွက်သာ” ဆိုတဲ့ စာအုပ်။ ကမ္ဘာ့နိုင်ငံရေး ၊သူလျှိုမှု စတဲ့ အကြောင်းအရာတွေ ပါတဲ့ စာအုပ်။ အဲဒီစာအုပ်ထဲမှာလဲ တရုတ်နိုင်ငံရဲ့ အကြောင်းအရာတွေ ပါတယ်။ သတိထားရမယ့် အကြောင်းအရာတွေကို ထောက်ပြထားတယ်။ အခု ဆရာ့ရဲ့ စာအုပ်ကလဲ တရုတ်နဲ့ အိန္ဒိယအကြားမှာ ရှိတဲ့ မြန်မာနိုင်ငံရဲ့ အန္တရာယ်ကို ပညာတတ် တစ်ယောက်အမြင်နဲ့ ယဉ်ယဉ်ကျေးကျေးလေး ပြောသွားတယ်လို့ မြင်ပါတယ်။ ရှည်လျားလှတဲ့ နောက်ခံသမိုင်းတွေကို တစ်ကွက်ခြင်း ထောက်ပြပြီး ဆရာက သံယောဇဉ်မကုန်တဲ့၊ စိုးရိမ်တဲ့ စိတ်ခံစားမှုတွေနဲ့ သူ့ရဲ့ ခရီးသွား စာအုပ်ဆန်ဆန် စာအုပ်ကို ရေးထားတယ်လို့ဘဲ မြင်တယ်။

အခုလက်ရှိ ကျွန်တော်တို့ မျိုးဆက်တွေအများစုကို မေးစမ်းတီးခေါက်ကြည့်ရင် တရုတ်လူမျိုးကို ကြည့်မရ၊ အမြင်ကတ်တဲ့ သူတွေ များတယ်။ လက်ပန်းတောင်းတောင်၊ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူ သဘာဝငွေ့ပိုက်လိုင်း၊ ကုလသမဂ္ဂမှာ စစ်အာဏာရှင်တွေ အတွက် အသုံးပြုပေးခဲ့တဲ့ ဗီတိုအာဏာ တွေဟာ ကျွန်တော်တို့ရဲ့ အမုန်းစိတ်တွေကို ပွားသထက် ပွားစေ၊ များစေခဲ့တယ်မို့လား။ ကမ္ဘာမှာ စက္ကူစတင် အသုံးပြုခဲ့ပြီး ယဉ်ကျေးမှု သမိုင်းကြောင်း အရမ်းခိုင်မာလှတဲ့ လူမျိုးတွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရော စိတ်ထားတွေ များလာတာ သိပ်ပြီး ၀မ်းနည်းဖို့ ကောင်းပါတယ်။

ဒါပေမယ့်လဲ တစ်ဖက်က ပြန်တွေးရင်လဲ… ကျွန်တော်တို့သာ အချင်းချင်း စိတ်ဝမ်းကွဲမနေကြဘဲ သာတူညီမျှစိတ်နဲ့ မရှိအတူ၊ ရှိအတူ နေခဲ့ကြမယ်ဆိုရင် အခု လက်ပန်းတောင်တောင်မှာ၊ ကျောက်ဖြူမှာ လုပ်သလိုမျိုး သူတို့ လုပ်လို့ရပါ့မလား။ ဆရာသန့်မြင့်ဦးလိုမျိုး ပညာတွေ အများကြီး မတတ်တဲ့ ဆည်တည်းရွာက ရွာသားတွေတောင် တရုတ်ကို သတိထားရမယ်ဆိုတဲ့ အသိမျိုး ရှိကြတာဘဲ။ ဆရာနဲ့ ကျွန်တော်တို့ကြားက ကွဲပြား ခြားနားမှုကတော့ အမုန်းစိတ်ဘဲ ထင်ပါရဲ့။ ဆရာက တရုတ်တွေကို မမုန်းပါဘူး။ ကျွန်တော်တို့ကတော့ တရုတ်တွေကို မုန်းနေကြသူတွေ များတယ်။ တကယ့် တကယ် မုန်းရမှာက ကိုယ့်လူမျိုးကိုယ် မြောင်းထဲရောက်အောင် မာန်၊ မာနကြီးခဲ့ကြတဲ့ လူတွေကိုဘဲ မုန်းတာက ပိုပြီးတော့ လက်တွေ့ကျပါတယ်။

လူမျိုး တစ်မျိုးနဲ့ တစ်မျိုး ဘယ်အတွက်ကြောင့်မှ အမုန်းစိတ်မရှိတာ အကောင်းဆုံးဘဲ ဆိုတာ ဟစ်တလာအာဏာရစဉ်က ဂျာမဏီတွေနဲ့ ဂျူးတွေက အကောင်းဆုံး သက်သေပါဘဲ။ သိပ်ပြီး အရုပ်ဆိုး အကျည်းတန်တဲ့ ဖျောက်မရတဲ့ အမည်းစက်တွေ သမိုင်းမှာစွန်းထင်းခဲ့ကြတယ်လေ။ ကျွန်တော်တို့လဲ တရုတ်တွေကို အမုန်းစိတ်တွေ များနေတာ ကောင်းသော စိတ်ထားမဟုတ်ဘူး ထင်ပါရဲ့။ လက်ရှိ ကမ္ဘာကြီးက ကိုယ့်တာကိုယ်လုံ၊ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် နိုင်ငံတစ်ခုက တစ်ခြားတစ်နိုင်ငံကို လက်နက်ပြပြီး သိမ်းလို့မရတော့ဘူးလေ။ စည်းလုံးမှု မရှိ၊ မကြိုးစား၊ အာဏာရစ်မူး၊ ပေါ်ပင်တွေလောက်နဲ့ အချိန်ကုန်နေကြတဲ့ လူမျိုးဆိုရင်တော့ သေနတ်တစ်ချက်မဖောက်ရဘဲ လူမျိုးလိုက် ၀ါးမျိုသွားအောင် လုပ်လို့ရတယ်ဆိုတာ ကျွန်တော်တို့က သုမဏကျောမှာ ဒဏ်ရာတွေနဲ့ ခံနေရတဲ့ လူတွေလေ။

ဆရာသန့်မြင့်ဦးကတော့ စူပါ ပါဝါကြီး နှစ်ခုကြားမှာ ရှိနေတဲ့ ကျွန်တော်တို့ အမိမြေရဲ့ အန္တရာယ်ကို စာအုပ်တစ်အုပ်၊ ဥာဏ်ပညာတစ်ထောကြီးနဲ့ ထောက်ပြသွားခဲ့ပြီ။ သူရည်ရွယ်တဲ့၊ စေတနာထားတဲ့ လူမျိုးတွေက သူ့စာအုပ်ကို အမုန်းစိတ်တွေနဲ့ ဖတ်မလား။ သတိနဲ့ ဖတ်မလား။ စိုးရိမ်စိတ်နဲ့ ဖတ်ကြမလား။ စာဖတ်သူရဲ့ စိတ်အခံနဲ့ ဖတ်သွားကြမှာ သေချာပါတယ်။ ကျွန်တော့်အတွက်ကတော့ ယူကျုံးမရတဲ့ စိတ်နဲ့ ဖတ်ဖြစ်တယ်။

ခင်ဗျားလဲ ဆရာသန့်မြင့်ဦးရဲ့ စာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်စမ်းပါလို့ တိုက်တွန်းချင်စမ်းပါရဲ့။ နောက်ပြီး ဘယ်လူမျိုးကိုမှ မမုန်းစမ်းပါနဲ့လို့ ဆော်သြချင်ပါရဲ့။ ဆရာ့စာအုပ်ထဲက ပါတဲ့ တစ်ချို့ အကြောင်းအရာတွေက ခင်ဗျားစိတ်အခံနဲ့ မတည့်ဘဲ သဘောမတူတာတွေ ပါမှာ အသေအချာဘဲပေါ့။ ဒါက ခင်ဗျားရဲ့ အခွင့်အရေးပါလေ။ ဒါပေသိ…ဆရာ့ရဲ့ ကျဉ်းထဲ ကျပ်ထဲ အသက်ရှူမ၀တဲ့ စိတ်တွေကြောင့် “ Where China Meets India” ဆိုတဲ့ စာအုပ် ဖြစ်ပေါ်လာတာကိုတော့ အသိအမှတ်ပြုလိုက်ပါလေ။

ဆုံမှတ် စက်ဝိုင်း တစ်ခုမှာ ခင်ဗျားရောက်နေတယ်ဆိုရင် အဲဒီအမှတ်ကို ရောက်လာမယ့် ချွန်ထက်လှတဲ့ ဓားတွေ၊ လှံတွေကို ဆန့်ကျင်လိုက်ဖို့ ထိုင်ပြီးတော့ မုန်းဘဲ မုန်းနေလို့ မရတာတော့ အသေအချာပါဘဲ။ ဓားတွေ၊ လှံတွေ မ၀င်နိုင်အောင် လုံခြုံတဲ့ အကာအကွယ်တွေ ကိုယ့်လက်၊ ကိုယ့်ခြေနဲ့ တည်ဆောက်လို့ ရတယ်မို့လား။ အခုတော့ လက်တစ်ဘက်က ကိုယ့်လည်ပင်းကိုယ် ညှစ်ထားပြီး ကျန်တဲ့ လက်တစ်ဖက်က ကိုယ့်အသားကိုယ် ပြန်လှီးစားဖို့ ရူးသွပ်တဲ့ လူတွေက ဓားတွေ လှံတွေရှိရာဆီကို ပိုပိုပြီး တိုးဝင်သွားနေကြတယ်မို့လား။

မြင်းထိန်း ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ဖိုးထက် – ဓား၊ လှံတွေ ကာကွယ်မယ့် စာအုပ်တစ်အုပ်

Comments are closed.