ရသဆောင်းပါးစုံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) – ကွန်ကရစ်တောထဲက သားကောင်း၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၃၃)

ကွန်ကရစ်တောထဲက သားကောင်း၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၃၃)
အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဧပြီ ၇၊ ၂၀၁၄

အချိန်ကာလတွေက အဖြစ်အပျက်တွေကိုဖုံးအုပ်လိုက်သည်။ တချို့အရာတွေက ဝေဝေဝါးဝါး။ ဟိုအဝေးကြီးမှ ပုံရိပ်ကို အကူပစ္စည်းမပါ လှမ်းငေးမောရသလိုရှိသည်။ အမှတ်မထင် ကျော်ဖြတ်ခဲ့သော အခြေနေတိုင်းကို ဒီစကားဖြင့် ပြောလို့ရပေမည်။ သာမန် ခလုတ် တိုက်မိ သော ဒဏ်ရာဆိုတာက နာတုန်းအခိုက်သာ ညည်းညူမိတတ်ကြတာက လူ့တိုင်းရဲ့သဘာဝ။ကြာတော့လည်း မေ့တတ်ကြသည်။ တချို့ဆို လုံးဝပင် မမှတ်မိ့ ။ ပွတ်တိုက်မှုတခုမျှဟုရေးရေးလောက်ပင် ဖော်မရတော့။  အမာရွတ်ထင်ကျန်လောက်အောင် ဖြစ်မိ သော ဒဏ်ရာကို ကော ဘယ်လိုပြောရမလဲ။ သူလဲ ထိမိ ခိုက်မိစဉ် အနာမကျက်သေးခင်ကတော့ အော်ညည်းချင် အော်ညည်းမည်။ အနာကျက် သွားခိုက်မှာတော့ အမာရွတ်ကိုပြန် မတွေ့သေးသရွေ့ အနာသည်အတိတ် အခန်းထဲ တိတ်ဆိတ်စွာ လဲလျှောင်း နေမည်သာ ဖြစ်သည်။ ဒီတော့ကိုယ်တွေ၏အမာရွတ်တွေကကော။ ကိုယ့်အတွက် အမာရွတ်တွေက ဘဝနှင့်အပြည့်။ ကိုယ်ပေါ်မှာကော စိတ်ပေါ်မှာပါ နေရာမ လပ်။ ဘယ်နေရာက စလိုက်စလိုက် အမာရွတ်တွေချည်း။ စိတ်အနာ ကိုယ်အနာတို့ကို အာဃာတဝေဒနာနှင့် ပြန် မကြည့်မြင်တတ် သောကြောင့်ကြုံဆုံရ မှုတိုင်းကို ခံစားချက်မပြင်း သလိုထင်ကြရမည်။ ထိုဒဏ်ရာကုသနည်းတွေထဲ အမယ်စုံကို တွေထဲက တေးဂီတ အနုပညာသည် ကျရောက်ဆဲ ပစ္စုပ္ပန်ကို ခဏတာမေ့နှိုင်စွမ်းရှိသော ဆေးတလက်ဆိုတာကို အခန်း၃၂-တွင် ပြောဖြစ်ခဲ့သေးသည်။

ဓားပြီးဆေး ဒုတ်ပြီးဆေးဟု လောကမှာပြောဆိုနေကြသည်ကိုကြားဖူသည်။ ထိုဆေးများက တကယ်ဓားဒုတ် ပြီး မပြီးတော့မသိ။ လောကဓံ ဒုတ်ချက်ပြင်းပြင်းအား ခံနှိုင်သောဆေးတမျိုးကိုတော့ တွေ့ခဲ့ဖူးသည်။ ထိုဆေးက အနုပညာဆေး။ ထောင်ထဲတုန်းက ဖော်စပ် အသုံးပြုခဲ့ကြသော အနုပညာ လက်ရာများကတော့ လောဓံကို ရင်ဆိုင်နှိုင်ခဲ့ကြသည်။ ပြောကြစတမ်း ဆိုလျှင် ထိုအနုပညာများကို လောကဓံပြီးဆေးဟုပင် ခေါ်သင့်သည်။ အိမ်အလွမ်းစိတ်သည် ကြာရှည်စွာ နှလုံးသားကို နှဲ့နေ လှုပ်နေသော် နှလုံးခုန်သံဖြင့် ထိမ်းထားသော စိတ်ကိုပါ အလွမ်းစိတ်က ယိုင်နဲ့စေခဲ့သည်။ နှဲ့မှတော့ နဲ့တော့ပေမပေါ့။ ဘဝရည်မှန်းချက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေကြသော သူတို့၏ မျှော်လင့်ချက် ပျောက်ဆုံးခြင်းဝေဒနာက စိတ်ဒဏ်ရာဝေဒနာရောဂါတခုကို မွေးဖွားပေးလိုက် သူတချို့ကို မျက်မြင် ကြုံဖူးသည်။ ထောင်ထဲတွင်  ကိုယ်ပေါ်ကောစိတ်ပေါ်ပါ အချိန်ပြည့်ပိကျလာသော ဖိစီးမှုအပေါင်းကို ရင်နှင့်တင်းခံထားကြသူများ အနုပညာ အခုအခံဖြင့် ဖိစီးမှုများကို ရင်ဆိုင်ကြသူများ ကွားခြားမှုက တူမည်မထင်။ စိတ်ထဲတနုံ့နုံ့ထားသူ၏ ဒဏ်ရာအနာမကျက်ပဲ ပိုကြီးမားလာ သောအခါ ရောဂါအဆင့်တက်လှမ်းကြရသည်။

ထောင်ထဲဆိုတာက လူပေါင်းစုံစုဝေးရာနေရာ။ အထူးသဖြင့် နိုင်ငံရေးမှုဖြင့်ထောင်ကျလာသူတွေ အထဲ ဘာသာရပ်တော်တော်စုံစုံက တကယ့်ကျွမ်းကျင်ကြသူတွေများသည်။ တက္ကသိုလ်အဆင့်ဆရာများ နောက်ပညာရပ်တခုကို တကယ့်ပရော်ဖက်ရှင်နယ် ပီပီတတ်ကြသူ တွေ။ သူတို့တွေလိုဘဝရည်ရွယ်ချက် ရည်မှန်းချက်တို့ကြီးမားကြသူတွေလည်း ခေတ်စနစ်တခု အတွင်းကြုံလာရသော အခြေနေ ကြောင့် ဒီနေရာကို ရောက်လာကြရသည်။ ဒီတော့တချို့က ရောက်သည့်အရပ်မှာ အကောင်းဆုံးဖြစ်အောင် နေထိုင်ဖို့ပြင်ဆင်ကြသည်။ ဝေငှကြသည်။ ထိုဝေငှသူတွေအထဲ ပန်းချီဆရာ ဦးခင်မြင့်အောင်၏ ပန်းချီသင်တန်းလည်းပါသည်။

သူတို့သင်တန်းက သင်တန်းသားတော့မများ။ မှတ်မိသမျှ ရမည်းသင်းက ကိုကျော်ဆွေ၊ မန္တလေးက ကိုအောင်မြင့်၊ ကိုဌေးကြွယ် တို့ဖြစ်သည်။ စာရွက်ခဲတံမရှိသော အရပ်တွင် စာရွက် ခဲတံ တို့ဖြင့် သင်ကြားရသော အမှုကို မဖြစ်ဖြစ်အောင် စီစဉ်လိုက်ကြပုံက လောကဓံနှင့်အခက်အခဲကို ဆန့်ကျင်ပြသမှုတခုဖြစ်မည်ထင်သည်။ သူတို့သင်တန်း ကို စတင်ချိန်က မယ်လမင်း ပုဂံပြားကို ခဲတံနှင့်ရေးလို့ရအောင် ပြုလုပ်ထားကြသည်။ မယ်လမင်းပုဂံဆိုသည်က မျက်နှာပြင်ချောမွတ်နေသည်။ ခဲဆန်အရာမထင်။

ထိုအခါ ချောမွတ်နေသော မျက်နှာပြင်ထက် သဲ အုတ်နီအမှုန့်တို့ဖြင့် ဖြေးဖြေးလေးပွတ်တိုက်လိုက်သောအခါ အပေါ်ယံမျက်နှာပြင်ကွာပြီး ခဲဆန်ဖြင့်အတင်ခံသော အနေအထားကိုရောက်သွားရလေသည်။ ခဲဆန်ဆိုသည်ကလည်း လွယ်လွယ်ကူကူ ထောင်ထဲသွင်းလို့ရသော အရာမဟုတ်။ ဝန်ထမ်းကိုအကူအညီတောင်းပြီး ခဲတံကိုခွဲ အထဲက ခဲဆန်ကို ချို့ဖဲ့ ဝှက်ပြီးယူဆောင်လာရသည်။

သင်တန်းအတွက် သင်နေစဉ်ဘေးမှမြင်ရသောမြင်ကွင်းကိုက အားရဖို့ကောင်းလှသည်။ နေ့စဉ် မနက်ခင်းတန်းဖွင့်ပြီးချိန်တိုင်း ဦးခင်မြင့်အောင် အခန်းမှာ ဆုံကြသည်။  သင်ပေးသူ၏စေတနာ သင်ယူသူတို့၏ အားထုတ်မှုကိုတွေ့မြင်နေရသည်။ အကျည်းတန်သော ထောင်ကို အနုပညာတို့ဖြင့် တို့ထိကြခြင်းဖြစ်မည်။ ဝေဒနာနှင့် ဒဏ်ရာမျိုးစုံပေးသော  အဆိပ်သီးကို ဆေးဝါး ဖော်စပ်နေသည် နှင့် တူတူသေးတော့။ ထိုသင်တန်းထဲနှစ်မြှုပ်ထားချိန်တွင်သူတို့ ဘဝသည် ကိုယ်စိတ်ကူးဖန်တီးရာ အတိုင်း ပုံပေါ်နေမည်ဖြစ်သည်။ ထောင်ထဲမှာ ပန်းပွင့်တွေပွင့်စေခဲ့သည်။ နှလုံးသားလွင်တီးခေါင်းမှာ စိတ်ကြည်မွေ့ရာအနုပညာ စိုက်ခင်းတို့ဖြင့် စိမ်းစိုမှုကို ရကြလေသည်။ ထိုတဒင်္ဂ သည် ရက်ရှည် အနာကို သက်သာစေခဲ့သည်။ သင်တန်းအတွက် ဦးခင်မြင့်အောင်၏ အားထုတ်မှုစေတနာကိုပါမြင်တွေ့ ရ သည်။

ပန်းချီဆိုတာကို ခဲတံစုတ်ဖြင့်သာ ရေးခြစ်ရသော ကိစ္စဟုထင်ထားခဲ့ဖူသည်။ အရုပ်လှလှတွေကို ရေးချယ်မှုလောက်သာ အသိရှိခဲ့သူ တယောက်အတွက် အသိအမြင်တွေတိုးလာခဲ့သည်။ ဦးခင်မြင့်အောင်၏ ရွှံ့ရုပ်ဖြင့် လူ့ဦးခေါင်းခွံ-လူရုပ် တို့တို့ကို ပြုလုပ်သည်ကို ပန်းချီသင်တန်းနှင့်ဘယ်လိုသက်ဆိုင်မည်နည်းဟု အကဲခတ်နေမိသည်။ ဆရာဝန်တွေမှ သိရမည်ထင်သော ခန္ဓာကိုယ်(Anatimy) အကြောင်းကို ပန်းချီဆရာတွေသင်ကြရသည်။ ကိုယ့်အတွက်တော့ အထူးအဆန်းအသိကိုရလိုက်ခြင်းပင်ဖြစ်သည်။

သူတို့အတွက် ပန်းချီးဆွဲစရာကုန်ကြမ်းကမရှား။ လူတွေရှိ ဆွဲစရာကရှိနေသည်။ ပတ်ဝန်းကျင်ရှုခင်းကို သူတို့ အသက်သွင်းလို့ရသည်။ တယောက်မဟုတ်တယောက် မော်ဒယ်ထိုင်ပေးရသည်။ တိုက်ရောက်လို့ ယခုလို ပစ္စည်းများနှင့်သင်ကြားရတာဟု ပြောသည်။

အဆောင်နေစဉ်က လူစုပြီးဆိုအာဏာပိုင်ကို သတင်းပေးသူကများသည်။ သာယာဝတီထောင်ဆိုတာက    ထောင်တွင်း တွေ့သူတွေကို မေးကြည့် လူ၁၀ယောက်လျှင် ၈ယောက်ကလူသတ်မှု။ အပြင်မှာသာ လူသတ်မှုကျူးလွန်ရန် သတ္တိရှိကြသည်။ ထောင်ထဲတွင် ဒုက္ခမခံနှိုင်ကြ။ အခွင့်အရေးအတွက် အာဏာပိုင်ကို သတင်းပေး ပြီး ဒုက္ခက လွတ်မြောက်ရာ သက်သာမှုကိုရှာကြံဖန်တီး တတ်သူတွေ များသည်။ နိုင်ငံရေးသမားဆိုသူများ အဆောင်နေလျှင် ထို သတင်းပေး ချွန်တွန်းများ၏ မျက်စေ့အောက်က လွတ်အောင် နေလို့မရကြ။ ထိုအခါ ဦးခင်မြင့်အောင်တို့ သင်တန်းသားများ ဒုတ် တချောင်းဖြင့် မြေကြီးပေါ် ရေးခြစ်သင်ကြားကြရသည်ဟုဆိုသည်။ ပန်းချီမှာ မျဉ်းကြောင်း တွေကလည်းအရေးပါသည်မဟုတ်လား။ ခု အဆောင်နှင့်နှိုင်းယှဉ်လျှင် သာသည်ဟု မှတ်ချရသည်။

ပန်းချီဆွဲချိန် မဟုတ် သာမန်စကားဝိုင်းသည်ပင် ဦးခင်မြင့်အောင်ကပန်းချီနှင့်ပတ်သက်တာတွေကိုပြောပြနေတတ်သည်။ တခါတရံမှ သာသူတို့ဝိုင်းနာရောက်ဖြစ်သော်လည်း ကြားရတိုင်း မှတ်သားစရာတွေပါနေသည်။ အရောင်အကြောင်း ၊အရောင်စပ်ပုံ၊ အလင်းအမှောင် စုံနေသည်။ ကဗျာဆရာတယောက်က စကားလုံးကို ထုဆစ်ပြီးကဗျာတပုဒ်အတွက် လုံးပမ်းရသလို ပန်းချီဆရာက အရောင်တွေ အလင်းတွေ စပ်ဟပ်ရခြင်းဖြင့်အားထုတ်ရကြောင်းသိလာရသည်။

သူတို့ပန်းချီသင်တန်းမှာ နောက်ပိုင်းဝန်ထမ်းကိုစည်းရုံး၍ တရုတ်မှင်တောင့်လိုဆေးမျိုး ထောင်ထဲသို့ရောက်အောင်သွင်းသည်။ ထောင်ထဲတွင်ဆေးမှင်ကြောင်ထိုးသူတို့  တွင်တွင်ကျယ်ကျယ် အလုပ်ဖြစ်နေကြသည်။ သူတို့ အသုံးပြုသည်က တရုတ်မှင်တောင့် ။ ယခု ထိုဆေးတောင့်ကိုသွင်းပြီး ပန်းချီ သင်တန်းအတွက်အသုံးပြုကြသည်။ ထောင်ကပေးသော ပုံစံပုဆိုးအစသည် ပန်းချီဆွဲစရာ ပိတ်စဖြစ်လာရသည်။ အရောင်စုံ မချယ်သနှိုင်မှီ အဖြူအမည်းကိုပိတ်စပေါ်တင်ကြသည်။ ဤသို့ဖြင့် ပန်းချီကားချပ် များစွာတို့ကို ရေးဆွဲဖြစ်ကြသည်။

အဆောင်နေသူတယောက်ဆီက သတင်းစကားတခုကြားဖူးသည်။ နိုင်ငံရေးမှုဖြင့်ထောင်ကျ လာသူ ကဗျာဆရာတယောက် ထောင်ဝင်စာလာပြီး နောက်တနေ့ ကြံဖန်ပြီး အခန်းအနားလုပ်လူစုတတ်သည်ဟုဆိုသည်။ အကြောင်းကသူစပ်ထားသော ကဗျာကို လူစုရွတ်ပြချင်သောကြောင့်ဖြစ်သည်။ ယခုလည်း ဦးခင်မြင့်အောင်တို့ ရေးဆွဲထားသော ပန်းချီကားချပ်တို့ကို ပြပွဲ ပြုလုပ်ဖြစ်ကြသည်။ ပြပွဲက လူစုံသည်။ သိကြသည့်အတိုင်း နိုင်ငံရေးသမားတို့ဆိုတာက စကားစုံကြွယ်သည်။ ပန်းချီဆရာတို့၏ လက်ရာများကိုတခုချင်း ခံစားရသလို ပြောကြသည်။ လာသူတိုင်း၏အမြင်များ ပန်းချီကားပေါ်ခံစားချက်များကို ကြားသိကြရသည်။ သူတို့တွေပြောပြမှ ပန်းချီကားက ပိုအသက်ဝင်လာသည် ထင်မိတော့သည်။  အနုပညာ လက်ရာဆိုတာက ဖန်းတီသူတဦးတည်းကိုသာ ခံစားမှု ပေးသည် မဟုတ် ။ ဖန်တီသူမှာ အခြားသူတို့ကိုပါ ရင်ခုန်သံကူးစက်ကြပါလားဆိုတာကို မျက်စေ့ရှေ့ ထင်ထင်ရှားရှား တွေ့မြင်လိုက်ရခြင်းပင်။ လောကကြီးတခုလုံးကိုပါ ကြည်နူးမှု ကူးစက် အလှဆင်တတ်သူတွေ။

ထောင်ဆိုတာကို ဖိနှိပ်သူအစိုးရဖက်တော့ နှိပ်ကွက်ရာ အရပ်ဟုသတ်မှတ်မည်။ ကိုယ်တွေအတွက်က တော့ နိုင်ငံရေးသမားအသစ်များ ၊ ပန်းချီဆရာ အသစ်များ ၊ ဂီတဆရာ၊တေးရေးဆရာ အသစ်အသစ်တို့မွေးဖွားရာနေရာလည်းဖြစ်နေပါတော့သည်။

နီတိစာတပုဒ်ထဲ ဖတ်ဖူးသည်က တောထဲရောက်ခိုက် အဖိုးတန်စန္ဒကူးကို ရအောင် ရှာတတ်သူသာ တောထဲ ရောက်ရကျိုးနပ်သူ ဖြစ်သည်တဲ့။ အခု စစ်တပ် အာဏာရှင်တို့က အမှိုက်ချင်းထဲ ပစ်ထည့်လိုက်ကြသော်လည်း ရွှေကိုရအောင်ရှာတတ်သူတို့အတွက် ရွှေသည် တကယ်ရှိနေတာသေချာပြန်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts