မှတ်စုမှတ်တမ်း အုန်းနိုင်

စစ်အုပ်ချုပ်ရေးအောက်မှ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁)

အုန်းနိုင်
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄

 

● ဗဟိုအဖွဲ့ အပေါ် အောက်ခြေမှ သံသယ
၁၉၈၉   အောက်တိုဘာလကျတော့   ရန်ကုန်က  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး (ဌာနချုပ်) ဟာ တက္ကသိုလ်ရိပ်သာလမ်းကနေပြီး ရွှေဂုံ တိုင်အနောက်လမ်းကို  ပြောင်းပါတယ်။

ဒီရက်များမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို နေအိမ်မှာ အကျယ်ချုပ်ထားတာဟာ နှစ်လကျော်ရှိလာလို့ နည်းနည်း တည် ငြိမ်စပြုလာသလို တစ်ဘက်ကလည်း ရွေးကောက်ပွဲဝင်ရေးမဝင်ရေးက လှိုင်းထစပြုလာပါပြီ။ ဗဟိုကတော့ သြဂုတ်လလောက်  ကတည်းက ရပ်/ကျေးဖွဲ့စည်းရေးနဲ့ ညီလာခံတွေပြန်လုပ်ကြဖို့ ညွှန်ကြားပေမယ့် ..ရွေးကောက်ပွဲကို  လူတွေက  ပိုပြီးအာရုံထားလာလို့ ရပ်/ကျေးတွေ ဆက်မလုပ်ဖြစ်တော့ပါ။ နောက်တော့လည်း ဗဟိုကပါ ရွေးကောက်ပွဲက ပိုအရေးကြီးလာလို့ ရပ်/ကျေးဖွဲ့ စည်းရေးနဲ့မြို့ နယ်ညီလာခံတွေကို  ရပ်ဆိုင်းထားဖို့  ညွှန်ကြားလာပါတော့တယ်။

 

တဆက်တည်းပဲ ဗဟိုက ညွှန်ကြားချက်တွေလည်းလာသလို.. လူကိုယ်တိုင်ဆင်းပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတာ  အတိအလင်းကြေညာ ပါတော့တယ်.။ ပဲခူးတိုင်းက  သြဂုတ်လကတည်းက ဗဟိုဝန်းရံရေးတို့ တိုင်းစည်းကော်မတီ  ပြင်ဆင်ဖွဲ့ စည်းရေးတို့နဲ့  ပြဿနာတက်ထား တာမို့ တိုင်းစည်းတာဝန်ခံ ဦးမြလေးနဲ့တင် မဖြစ်တော့ဘူးထင်ပြီး  ဗိုလ်မှူးကြီးးဟောင်း လှဖေကို  တွဲဘက်တာဝန်ပေးလိုက်ပါတယ်။ ဗိုလ်မှူး ကြီး ဟောင်းလှဖေဆိုတာ ဦးနေဝင်းကိုဖြုတ်ချဖို့ ကြံစည်ခဲ့တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့  အမှုတွဲက..ဦးလှဖေပါ။ သူက စစ်ဗိုလ်ဟောင်းပီပီ   ခပ်ပြတ်ပြတ်တင်းတင်း ပြောပါတယ်။ အဲဒီအချိန်အထိ ကျွန်တော်တို့ မြို့ က တိုင်းနဲ့ ပြဿနာမပေါ်ခဲ့ဖူးပါ။

 

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက…ပထမ၊ ဒါတွေပြီးရင် ရွေးကောက်ပွဲဆိုတာ အလိုလိုပါလာရမှာ..။  ဒီမိုကရေစီလွတ်လပ်ခွင့်၊ အခြေအနေမရှိပဲရွေးကောက်ပွဲကျင်းပတယ်ဆိုတာ တရားမျှတမှုမရှိနိုင်ဘူးလို့  ပြောထားခဲ့တာ..။ အခု..သူလည်း အဖမ်းခံရ..။ တစ်ချိန်တည်းရွေးကောက်ပွဲဆိုတာ  ချပေးလိုက်တော့ ရွေးကောက်ပွဲဘက်ကိုပိုပြီးအလေးထားသွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဗဟိုကို အောက်ခြေကအားမရပါ။ တချို့  မြို့ နယ်တွေမှာ ရွေးကောက်ပွဲမဝင်ရေးလှိုင်းတံပိုးက  ကြီးပါတယ်။ ပေါင်းတည်မှာလည်း   လူငယ်ပိုင်းကဒေါ်စုလမ်းစဉ်ကို သွေဖီရာကျမှာလားလို့  ဝေဖန်ကြပါတယ်။ ဒါပေမယ့် ရုံးကိုနေ့စဉ်ရောက်လာကြတဲ့ ကျေးရွာတွေက တက် ကြွသူများကလည်း ဒီအချိန်မှာရွေးကောက်ပွဲနည်းနဲ့ပဲ နဝတကိုဖြုတ်ချနိုင်မယ်။ ဘယ်လိုဖိနှိပ်ချုပ်ချယ်တဲ့အခြေအနေနဲ့  ပဲဖြစ်ဖြစ်..။ ပြည် သူတွေ က   မဲရုံရောက်လို့ ကတော့ အပြတ်မဲပေးမယ်ဆိုတာကို အာမခံကြပါတယ်။ ကျွန်တော်တို့ကလည်း ပြည်သူကိုတော့ ယုံပါတယ်။ သံသယရှိတာက နဝတကိုပါ။ အခုတောင်…ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေကိုဖမ်းထားတာ…။ နောက်တစ်ခါ  ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းတွေကို  ထပ်ဖမ်းရင် ဘယ့်နှယ်လုပ်မလဲ။ တစ်ဗိုလ်ကျ၊ တစ်ဗိုလ်တက် လုပ်နိုင်မလား…။

 

မထွေးနိုင်မအံနိုင်ပါ..။ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော်တို့  မြို့နယ်ကော်မတီကရော၊ အဖွဲ့ ချုပ်ကိုထောက်ခံတဲ့  ကျေးရွာလူထုကပါ

နဝတကိုရွေးကောက်ပွဲနည်းနဲ့ ပဲဖြုတ်ချရမယ်ဆိုတာ လက်ခံလာကြရပါတော့တယ်။

 

တစ်ခုတော့ရှိတယ်….။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းကို ဗဟိုကချပေးမှာလား စိုးရိမ်ပါတယ်။ ကိုယ့်မြို့ ခံ ကိုယ်စားလှယ်တွေနဲ့ပဲဝင်ရောက်ယှဉ်ပြိုင်ချင်ကြပါတယ်။ ကျေးရွာရော၊ ရပ်ကွက်တွေရောကလည်းရှစ်လေးလုံးအရေးတော်ပုံကြီးတခုလုံးမှာ မြို့ကိုထိန်းသိမ်း ခေါင်းဆောင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေကိုလည်း သိရှိနားလည်ပြီးဖြစ်လို့တစ်ကြောင်း..။ ကိုယ့်မြို့ ခံတွေထဲမှာ ကိုယ်စားလှယ်အရည်အချင်းပြည့်တဲ့သူတွေရှိတယ်လို့ယုံကြည်ကြပါတယ်။ အထူးသဖြင့်  အဲဒီအချိန်မှာ မြို့ ခံလူအများစုကြီးကကျွန်တော့်အပေါ်ယုံကြည်မှုရှိနေကြပါတယ်။ တစ်ဖက်က အာဏာပိုင်အဖွဲ့အစည်းကအစ ကျွန်တော့်ကို မဆန့်ကျင်အောင်နေပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်ကတော့ ဘယ်ရှိပါ့မလဲ။ ဒါကိုလည်း  ကျွန်တော်  ကိုယ့်ကိုယ်ကို  သိပ်အထင်ကြီးပြီးဘဝင်မြင့်နေမှာစိုးလို့လား..။ ကျွန်တော့်ကို  လေးစားလို့ လားတော့ မသိပါဘူး..။ မြို့နယ် မဝတအုပ်ချုပ်ရေးယူထားတဲ့ဗိုလ်မှူးက သူ့ဆီပို့ထားတဲ့စာတစ်စောင်ကိုမိတ္တူကူးပြီး ..ကျွန်တော့်ဆီရောက်စေမယ့်လမ်းကြောင်းကနေထုတ်ဖော်လိုက်ပါတယ်။ သူနဲ့  ရင်းနှီးတဲ့  ကျွန်တော့်တပည့်တစ်ယောက်ကိုပေးလိုက်တာပါ။ ဒီစာသူ့ဆီရောက်နေတာက   စစ်တပ်က အာဏာသိမ်းပြီးစ ၁၉၈၈ စက်တင်ဘာလလောက်ကဆိုတော့ တစ်နှစ်လောက်ကြာသွားပြီပေါ့..။ စာကို  အပြည့်အစုံဖော်ပြလိုက်ပါမယ်..။

xxxxx

ထိပ်တန်းလျှို့ ဝှက်
မီးရှို့ပေးပါရန်
ဗိုလ်မှူး
ကျွန်တော်ဗိုလ်မှူးနဲ့ လာတွေ့ပြီး  အေးအေးဆေးဆေး စကားပြောဖို့ပါပဲ။ သို့သော်လည်း ဗိုလ်မှူး အလုပ်ရှုပ်နေမှာပဲဆိုပြီး ကျွန်တော်မလာနိုင် ၍စာရေးပြီး ..ဗိုလ်မှူးအနေနဲ့     မြို့မှာတာဝန်ရှိသူတစ်ဦးအနေနဲ့ ဆောင်ရွက်ရာမှာ သတိထားနိုင်ဖို့   ကျွန်တော် ရဲဘော်ရဲဘက်အဖြစ်ဖြင့် စာရေးခြင်းဖြစ်ပါတယ်ခင်ဗျား။

 

ပထမဆုံး ဗိုလ်မှူးကျွန်တော်တို့ကိုတွေ့ပြီး   တတ်နိုင်သည့်ဘက်မှ မြို့မိမြို့ ဖများကို အကူအညီတောင်းခံရာမှာ ကျွန်တော်တို့  မျက်စိလည် ပါတယ်၊ အကြောင်းက ခါးလည်ကတစ်ဦးဦးက လာပြီးဆွေးနွေးလိုက်တော့ …ဗိုလ်မှူးက  တိုက်ရိုက်မပြောတော့ အခြေအနေတွေက ကျွန် တော်တို့ကလည်း မြင်နေရတော့ ရိုးရိုးပြောရရင် ခဏတော့တွေသွားပြီးလန့်ပါတယ်ဗျာ၊ ဒါရိုးရိုးပြောတာပါ။ အကြောင်းက ဘာလဲဆိုရင် ဗိုလ်မှူးအနေနဲ့ ကျွန်တော်ရေးပြချက်ကို  လက်မခံရင်တောင်မှ   ဗိုလ်မှူးစိတ်ထဲမှာပဲထားပါလို့   ကျွန်တော်အထူး မေတ္တာရပ်ခံပါတယ်။ ဘာ ပြုလို့ လဲဆိုတော့   ဗိုလ်မှူးနဲ့တော်တော်ရင်းနှီးတဲ့  သူငယ်ချင်းဖြစ်နေတော့ တစ်ဦးနဲ့ တစ်ဦးအထင်အမြင်လွဲသွားရင်   ကျွန်တော်ခံရမှာပဲ ဗိုလ်မှူး။
အခြေအနေကိုပြောရရင် ကိုဝင်းဒင် (ယခင်ဗိုလ်ကြီးဟောင်း) အနေအထားကိုပြောပြမယ်။ သူ့အနေနဲ့ ရဲဘော်စိတ်တော့ရှိမှာ အမှန်ပဲ…။ ဒါ ပေမယ့်  သူရဲ့  ခယ်မ ရှေ့ နေတင်တင်ရီ၊ တူတော်သူ  မောင်ဌေးလွင် (ရှေ့ နေ)၊ ဦးမောင်ဟုတ် (ဂေါပကလူကြီး၊ ၄င်းရဲ့ဦးလေးအရင်းတော်သူ)၊
၎င်းတူတော်..သူမောင်ချိုကြီးဒေါ်ဘောလေး (ဆီစက်) ရဲ့သား..။ ရဲထွဋ် (ဦးကျော်ရှိန်ရဲ့သား)၊ ဦးဟုတ်တင်..ညီ၊ သူတို့ တွေက  ယနေ့သပိတ်
တိုက်ပွဲမှာ  ခေါင်းဆောင်ပိုင်းက ကော်မတီမှာအမာခံတွေ..။ြေ

 

ပာင်ပြောင်လှုပ်ရှားနေတဲ့သူတွေနဲ့ အသိုင်းအဝိုင်းဖြစ်နေတော့  ကျွန်တော်တို့ ဂေါပကအဖွဲ့မှာ မျက်စိလည်ကုန်ပါတယ်။ နောက် (၁ဝ) ဦးအဖွဲ့မှာကြည့်ရင် ကျွန်တော် (၆) ဦးပဲ ရိုးရိုးသားသားစည်းရုံးရပါတယ်။ ကျန် (၄) ဦးကတော့ သူတို့ပရိသတ်၊ သူတို့ဆွေမျိုးတွေပဲ။ ကိုဝင်းဒင်၊ ကိုဟုတ်တင်တို့က အစီအစဉ်နဲ့စာရင်းပေးတာပဲ..။ ကိုဟုတ်တင်ဆိုရင် ကိုဟုတ် ရဲ့ ညီအရင်းပဲ..။

 

ကျွန်တော်ရေးပြတာက နေရာပြဿနာမဟုတ်ဘူးနော်..။ အခြေအနေကို ဗိုလ်မှူးမြင်နိုင်အောင်ရေးပြတာ..။ ဗိုလ်မှူးပြောမှု၊ ဆိုမှု၊ ဆက်ဆံမှု၊
တာဝန်ပေးမှုတွေမှာ သတိထားနိုင်ဖို့ပါ။ ကျွန်တော်တို့မှာ ဘာရောဂါမှမရှိဘူး၊ ရိုးရိုးပါပဲ..။ အဓိက သူတို့ချဉ်းကပ်ပုံက သူတို့ပရိသတ်၊ အခြေ အနေကောင်းရင်လည်း ဗိုလ်မှူးအကူအညီရရေး၊ မပေးရင်လည်း သူတို့သားသမီးတွေ သပိတ်ခေါင်းဆောင်တွေဖြစ်နေလို့  အခွင့်အလမ်းရ ရေး၊ ရည်ရွယ်ချက်ပဲထင်တယ်.။ ကျွန်တော်မှားရင်လည်းမှားမယ်..။ ဒါကိုဗိုလ်မှူးသတိထားပါ။ ဗိုလ်မှူးထံ ဝင်/ထွက်လုပ်နေတာကိုက အပြင် ရောက်လာတော့ တစ်မျိုးဖြစ်ပြီးတော့စကားတွေ တောရောက်တောင်ရောက်ဖြစ်လာရင် ဗိုလ်မှူးခံရမှာစိုးလို့ပါ။
နောက်တစ်ချက်က   သတိထားရမယ့်ပုဂ္ဂိုလ်များ ပေါင်းတည်အနေနဲ့  သိနိုင်ဖို့ပါ။ ပေါင်းတည်သပိတ်ဆန္ဒပြပွဲမှာ  စလယ်ဆုံး control  လုပ် နိုင်သူတွေ၊ လုပ်ထားသူတွေကအောက်ပါပရိသတ်တွေပဲ၊ သူတို့က ပင်စည်တွေပဲ၊ သူတို့ကို  မျက်ခြေမပြတ်ဖို့ပါ။

 

၁။ ဦးအုန်းနိုင် (ဆရာကြီး)
၂။ ခင်မောင်ဇော် (ပျဉ်းပင်ကံရပ်ကွက်၊ အတွင်းလမ်း၊သစ်စက်ပိုင်ရှင် တင်ထွဋ်ရဲ့ တူတော်ပါသည်။ မေးရင်တော့ မပြောပါ။)
၃။ ဧထွန်း(အတွင်းလမ်းကပဲ၊ခင်မောင်ဇော်နဲ့ တစ်အိမ်ထဲနေတယ်။)
၎။ မြင့်စိုး (၃၆လမ်း၊ ပန်းချီဘိုနီရဲ့ သား)
၅။ စန်မောင် (ရှေ့ နေ)
၆။ ဌေးလွင် (ရှေ့ နေ)
၇။ တင်မောင်နိုင် (တရားရေးဝန်ထမ်း၊ ၈ လမ်း)
၈။ ချိုကြီး (ဘောလေးရဲ့ သား၊ ဆီစက်၊ သူကတော်တော်ပြင်းထန်တယ်၊ ရန်ကုန်ဆက်ရှိတယ်၊ တရုတ်ကပြားဖြစ်တယ်)
၉ ။ ဒေါ်မြင့်အေး (ဆီစက်ကုန်သည်၊ မှတ်တိုင်လမ်း)
၁၀။ သဖန်းကုန်းသူကြီး သန်းမောင်
၁၁။ စောမောင် (၁၅လမ်း)
၁၂။ ထွန်းရွှေ(စာရင်းရုံး)
၁၃။ ခင်မောင်ရီ (စာရင်းရုံး၊ အမာခံတွေပဲ၊ ကျောင်းသားတွေရဲ့  ခေါင်းဆောင်တွေပဲ)
၁၄။ သန်းထွန်း (လျှပ်စစ်ဆိုင်)
၁၅။ အေးသန်း (ဘုရားကြီးလမ်း ဖိနပ်ဆိုင်)
၁၆။ ခင်ထွန်း (ဘိလစ်စာရေး၊ တရားရုံး)
၁၇။ တင်ဝင်း (ကျောင်းဆရာ)

 

သူတို့ တွေအမာခံပဲ..။ ကျောင်းသားတွေနဲ့အရပ်သားအား လုံးသူတို့လက်ထဲမှာ လုပ်ချင်သလိုကိုင်လို့ ရတယ်..။ ပင်မအမြစ်ကတော့ ဆရာ အုန်းနိုင်နဲ့  Under  line ပြထားသူတွေပဲ..။ ဒါကို ဗိုလ်မှူး မှတ်သား အထူးသတိထားပါ၊ အကယ်၍လိုလာရင် လိုသလို ကုတ်လို့ရအောင်ပါ။ သူတို့လဲသွားရင် မြို့အေးသွားပြီ..။ စိတ်ချပါ..။ ကျန်တာတွေကတော့ ကျောင်းသားတွေ..။၊ ဘာမှဦးနှောက်မရှိဘူး၊ သူတို့ခိုင်းတာ လိုက် လုပ်နေရတာပါ။ နောက်တစ်ချက်က  ဗိုလ်မှူးကမြို့ မှာ လူကြီးဖြစ်တော့ရင်  ပူးပြီး သူတို့ စီးပွားရေးကိုလုပ်နိုင်ဖို့ကပ်ပြီး ဖျက်မယ့်သူတွေကို သတိထားပါ။ ကောင်စီပါတီတုန်းကလည်း သူတို့ပဲ..။သူတို့ကြောင့် ပျက်စီးကုန်တာပဲ၊ မြို့မှာ နာမည်ပျက်တာပဲ။

 

၁။ တင်ထွဋ် (သစ်စက်၊ ပေါင်းတည်မှာ စီးပွားရေးအသောင်းကျန်းဆုံးပဲ၊ ပါတီကောင်စီထမင်းပွဲကြီပေးပြီးတော့လုပ်နေသူ)
၂။ လှသိန်း (၁၄လမ်းဆီစက်)
၃။ ဦးကျင်စိန် (အရှေ့ လမ်းဆီစက်)
၎။ မမြင့်အေး (မှတ်တိုင်လမ်း)၊ သူတို့ တွေကို လုံးဝရှောင်ပါ။ ပြီးခဲ့တဲ့ပရိသတ်ခါးပိုက်ထဲထည့်ပြီး မြို့ မှောက်တာ သူတို့ပဲ..။
၅။ ရွှေဆိုင်မြင့်သန်း၊ အားလုံးသတိထားပါ။

 

ဗိုလ်မှူးအတွက် အတွင်းရေးမှူးရွေးရင်တော့ လဝကကိုအထူးသတိထားပါ။ ဘယ်တော့မှတာဝန်မပေးနဲ့။ ကျွန်တော်တို့ ၆၂ ကစပြီး ၇၃ လောက်အထိ အဆက်ဆက်တာဝန်ပေးခဲ့ရာမှာ လဝကကိုပေးမိလို့  အမှားတွေ၊ ပေါက်ကြားမှုတွေအများကြီးခံရပါတယ်။ သူက နိုင်ငံခြား သားကိုင်ထားရတော့ ငွေချက်လို့ လွယ်တယ်၊ နလကကိုပါ ရေးမှူးယူရတော့ ကျားကို အတောင်တပ်ပေးသလိုဖြစ်သွားရော၊ ကျွန်တော်မြင် တာကတော့ ရိုးလည်းရိုးတယ်၊ အမိန့်လည်း နာခံမှုရှိတယ်၊ ပါတီကောင်စီလည်းကင်းတယ်၊ အလုပ်လည်းလေးစားတယ်၊ မြို့ နယ်ပညာရေးမှူး ဦးထွန်းလှိုင်၊ မရရင် လက်ထောက်ဦးချိုချို ..။၊ လုံးဝမရရင်တော့ မြို့ ပိုင်ယခင်S DO  တာဝန်ယူထားတဲ့ ဦးမြင့်အထွေထွေဦးစီးမြင်ပါတယ်။ ကျန်တာတွေတော့မဟန်ဘူး၊ ကောင်စီရုံးထဲကပရိသတ်ကိုသုံးရင် စာရေးလိုင်းမှာကျင်ဆွေ သပိတ်အမာ ခံ၊လုံးဝအကပ်မခံနဲ့..။၊ ခေတ်အ ဆက်ဆက်မကောင်းဘူး၊ ကိုယ်ကျင့်တရားလည်းမကောင်းဘူး၊ အလုပ်လည်းမလုပ်ဘူး၊ အရိုးဆုံးကတော့ ကိုအောင်သန်း၊ ကိုခင်လှ (ရှမ်း လေး)၊ သူတို့ကို အတွင်းရေးသုံးပါ။ ကျန်သူတွေကို သတိထားပြီးသုံးပါ။ ရုံးတွင်းမပေါက်ကြားရေးကို သတိပြုပါ။ ဒီကာလက ဒီလိုပဲ။ အမိန့် ဆိုလည်း ခဏခဏပြောင်းတတ်တယ်။ ဒါကြောင့် ဖွဲ့စည်းရေးတွေ ဘာတွေလုပ်ရင် လောမကြီးဖို့  လိုပါတယ်။ ကော်မရှင်တို့ ဘာတို့ မှာသုံး ရင် အရှေ့လမ်း ဦးတင်ထွန်း (နယ်ပိုင်ပင်စင်စား) မသုံးနဲ့..။၊ သူ့ရဲ့တူက သူ့အိမ်မှာ သပိတ်ခေါင်းဆောင်၊ အနွယ်မကောင်းဘူး၊ ဒီလောက် ဆိုရင်တော့  ဗိုလ်မှူးလုပ်နိုင်ပါပြီ၊..။ လူချင်းတွေ့မှပဲ ထပ်ပြောပါမယ်။

 

တင်အေး

 

စာကြွင်း(၁) သပိတ်နဲ့ မကင်းဘူးနော်၊ သတိထားပါ။ သူတို့ထည့်တဲ့သူတွေ ကျွန်တော်တို့မှာ ပြဿနာမရှိဘူး၊ ကျန်လူတွေ ကျွန်တော် စည်းရုံးထားပါသည်။ ဂေါပကတွေပဲဖြစ်၍ စိတ်ချရပါသည်။

 

စာကြွင်း(၂) ကျွန်တော့်အကြောင်းကတော့ သိချင်ရင် ဗိုလ်မှူးစိုးမြင့်နဲ့ ၅၃ ထောက်လှမ်းရေးကိုပဲ မေးကြည့်ပါ။

ဒီစာကြွင်းက   စာရွက်ရဲ့ဘေးမှာရေးထားတာမို့   တစ်ရွက်စီပါ။ မိတ္တူကူးတော့ ထိပ်တစ်ကြောင်းစီ  ကျန်ခဲ့ပါတယ်။ သူ့စာကိုကြည့်ရင် ကျွန် တော်တို့နဲ့ ရှစ်လေးလုံးအရေးအခင်းအပေါ် သူ့ရဲ့ မလိုလားမှုကို မြင်နိုင်ရုံမက ကျွန်တော်တို့ကိုလည်း ပုဂ္ဂိုလ်အရကို မလိုလားဘူးဆိုတာ သိနိုင်ပါတယ်။ သူ့လိုလူကိုလည်း အထင်သေးလို့  မရပါ။ သူ့ မှာလည်း ထုနဲ့ထည်နဲ့ပါ။ လက်ထဲထည့်ချေပစ်လို့ ရတဲ့ ပုရွက်ဆိတ်လို ခွေး သန်းလိုအကောင်မျိုး..မဟုတ်ပါ။ သူ့လိုလူတွေ ဘယ်လောက်များများရှိနေဦးမယ်ဆိုတာ မသိနိုင်ပါ။ ဒါပေမယ့်လည်း  မြို့ မှာ လေးစား လောက်တဲ့ပုဂ္ဂိုလ်ကြီးပိုင်းက ဆရာဦးဘိုးအုန်း၊ ဒေါ်တင်အေးတို့လင်မယားလို၊ ပါလီမန်အတွင်းဝန်ဟောင်း  ဦးအေး  လို၊ ဦးစံအောင် (ဦး သီဟံရဲ့ညီ) လိုပုဂ္ဂိုလ်မျိုးတွေနဲ့  လူလတ်ပိုင်းကကျောင်းဆရာ၊ ဆရာမ၊ ရုံးအမှုထမ်းများ၊ လူငယ်ပိုင်းက ကျောင်းသားကျောင်းသူအင်အား တွေရဲ့    ယုံကြည်မှုကိုရထားတယ်လို့  အဖွဲ့ ရဲ့  မြို့ နယ်စည်းကော်မတီက  ယုံတာမို့  ဗဟိုကချပေးမယ့် ကိုယ်စားလှယ်လောင်းကို မလိုချင်ပါ။

 

အဖွဲ့ အတွင်းမှာကလည်း ကျွန်တော်တစ်ယောက်တည်းသာမဟုတ်…။ မြို့ နယ်အဆင့်အရာရှိဟောင်းတွေ၊ ဥပမာ ဦးမြင့်သိန်း (လဝက၊ မြို့ နယ်ဦးစီးမှူးဟောင်း)၊ ဦးကျော်မင်း (မြို့နယ် အခွန်ဦးစီးမှူးဟောင်း)၊ ဦးထွန်းရီ(စီးပွားရေးဘဏ်မန်နေဂျာဟောင်း)၊ ဦးမြင့်စိုး (ပြန်/သံဦးစီးမှူး ဟောင်း)လည်းရှိတယ်။ လူလတ်ပိုင်းကဆို ကျောင်းသားလှုပ်ရှားမှု (ကျွန်းဆွယ် အရေးအခင်း) များမှာပါဝင်ခဲ့ဖူးတဲ့ ဦးအေးသန်းတို့၊ ဦးသန်း ထွန်းတို့လို ဘွဲ့ရပညာတတ်တွေ။ လူငယ်ပိုင်းလို့ခေါ်ရမယ့် ရှစ်လေးလုံးအတွေ့အကြုံတွေလဲရှိတဲ့ ဦးခင်မောင်ဇော်၊ ဦးဖေမြင့်၊ ဦးဌေးလွင် စတဲ့  ဘွဲ့ရပညာတတ်တွေနဲ့ အင်အားတောင့်တင်းနေလေတော့ ကိုယ်စားလှယ်အတွက် ဘယ်နှစ်နေရာမှ ဗဟိုကိုခွဲမပေးချင်ပါ။ ဗဟိုကလာ တဲ့သူတွေကလည်း ဒါကိုသိတော့ ကျွန်တော်တို့ မြို့ကလည်း အဲဒီအချိန်အထိ ဗဟိုနဲ့ ပြဿနာမရှိသေးတော့ ဗဟိုကလူချပေးမယ်ဆိုတာလိုမှလုပ်မှာပါလို့… ဦးလှဖေကရော၊ ဦးမြလေးကပါပြောပါတယ်။ ဒါပေမယ့်ညွှန်ကြားချက်တွေအရရော၊ အပြင်မှာထွက်နေတဲ့သတင်းတွေ အရရော ဒေသခံတစ်ဦး၊ ဗဟိုတစ်ဦးလို့…သတင်းထွက်နေပါတယ်။

 

 (ပဲခူးတိုင်း  မြို့ နယ် လူငယ်အစည်းအဝေးကို ဆက်ပါမယ်..။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts