ကဗျာ

အခွင့်

ကျော်ဟုန်း
ဖေဖော်ဝါရီ ၅၊ ၂၀၁၃
အောင်နိုင်သူက ရှုံးနိမ့်သူကို
အပေါ်စီးက မဆက်ဆံတာ (တည်ကြည်မှု)
ရှုံးနိမ့်သူက မအောင်မြင်မှုကို
သိမ်ငယ်စိတ်ကင်း ရင်ဆိုင်ရဲတာ (ရဲရင့်မှု)
သဘောတူရင် လက်ခေါက်မှုတ်လိုက်။အမှောင်ထဲက
အလင်းတံခါးဖွင့်တဲ့ လက်ကို
ဘာလို့ မျက်မှန်မည်း တပ်ကြည့်နေရတာလဲ
မျက်မှန်မည်းကြီးချွတ်လိုက်
မျက်မှောင်ကုတ်လဲ မကြည့်မိစေနဲ့ ။

ကိုယ့်စည်းဝိုင်းထဲ လက်နက်ချလာသူကို
ကိုယ့်နေရာလုလေမလားစိတ်နဲ့ 
အမှောင်ခန်းကို တံခါးဖွင့်ခွင့်မပေးရဲရင်
မင်းလဲ လူယုတ်။

သားကောင်ကို
သားကောင်အခွင့်အရေးပေးရဲတာ
မုဆိုးကောင်း အလုပ်။

ကြိုးကွင်းစွပ် ဒေါက်ဖြုတ်ခံရမယ့် လည်ပင်း
ဘုရားတခွင့်လေးတော့ ပြုသင့်ပ။

ရေငွေ့ တွေတင်းကျပ်နေတဲ့ တိမ်ညစ်ညိုကို
အံချခွင့် ပေးလိုက်
ဖြန့် ကြဲခွင့် ပြုလိုက်
ကြည်လင်တဲ့ ကောင်းကင်
ဆုလာဒ်အဖြစ်ရနိုင်မယ်။

အတ္တဖြုတ်ကြ ပြောသူကိုယ်တိုင်
အတ္တမဖြုတ်နိုင်သေးရင်
ဗုံလုံတလှည့် ငါးပျံတလှည့်နဲ့ 
မျောကြစမ်း ရေစီးအတိုင်း။

မင်းသားလေးကို ပိုချစ်စေတာ
လူကြမ်းကြီး ဆိုးပြကောင်းလို့ 
လူကြမ်းကို ကြံဖန်ကျေးဇူးတင်တတ်ကြ။
တခါတလေ မှားခဲ့သူကို
နောင်တရခွင့်မပေး
တသက်စာအရိပ်မည်းထိုးကြရင်
လောကတံထွာ ပျက်ပြီ။

ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်းအမှု
တည်ကြည်သူမှ မဟုတ်
မဟာကရုဏာရှင်မှ မဟုတ်
ဗြမ္မစိုရ် ရှိရင် ဖြစ်တယ်
အတ္တကင်းရင် ဖြစ်တယ်။

ကမ္ဘာကြီးကို မြိုချချင်နေသူတွေရယ်
တကိုယ်စာဝပ်ကျင်းကို တကမ္ဘာမှတ်နေသူတွေရယ်
နေရာအတွက် ဖောက်ပြန်တတ်ကြ။

အမှောင်ထဲက အဖြူသမားများ
အလင်းထဲက အမည်းသမားများ
အလင်းမကွဲတကွဲသမားများအတွက်
ဗေးလက်စ်ကေး ခင်ဗျား …
ဘရီဒါမြို့ လက်နက်ချခြင်းထဲက
ခင်ဗျားရဲ့ သရုပ်ဆောင်တွေစိတ်ဓာတ်ကို
ဘာသာပြန်ခွင့် ပေးပါ။         ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts