နှင်းမှုန်တွေကြားက တရုတ်ပြည်ကြီး – အပိုင်း (၂)

ဒေါက်တာဓမ္မပိယ (ITBMU)
ဖေဖော်ဝါရီ ၅၊ ၂၀၁၃
နိုင်ငံနှင့်လူမျိုးကို ဂုဏ်မငယ်စေချင်ရင် ဂုဏ်ငယ်စေနိုင်တဲ့ အလုပ်များကို လုပ်နေခြင်းများကို လုံးဝအားမပေးပဲ ဥပဒေဖြင့် တားမြစ်ပေးနိုင်ဖို့ပါ။ ပြည်သူများ ပျင်းရိခြင်း၊ အရက်သေစာ သောက်စားမှုများခြင်း၊ ကွမ်းစားခြင်း၊ လောင်းကစားခြင်းများကို အမြဲမပြတ် ပြုလုပ်နေခြင်းသည် သတိတရား၊ အသိတရား ရှိသူများ အတွက်တော့ ၀မ်းနည်းစရာတွေချည်း ဖြစ်နေခြင်းပါ။ ဂုဏ်ထယ်မဲ့အလုပ်တွေကို ကြိုးစား၍ အားထုတ်ခြင်း၊ ပညာကို ကြိုးစားသင်ယူခြင်း၊ အလုပ်အကိုင်များကို ကြိုးစား၍ လုပ်ကိုင်ခြင်း စသည်များကို တစ်မျိုးသားလုံးက ကြိုးစား ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံကြီးသည်လည်း ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးတစ်နိုင်ငံ မဝေလှသောအချန်မှာ တကယ်ပင်ဖြစ်လာမှာပါ။ တရုတ်ပြည်ကြီး ဘာ့ကြောင့် ချမ်းသာကြွယ်ဝလာသနည်း။ အနီးစပ်ဆုံး အဖြေကတော့ – တရုတ်လူမျိုးများ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြလို့ပါ။

ဘာပဲပြောပြော တရုတ်ပြည်မကြီးထဲကို ရောက်နေတာ တစ်ပတ်ကျော်ရှိသွားပြီ။ ဒါပေမဲ့ အခုအချိန်အထိ ကမ္ဘာကျော် ဂရိတ်ဝေါ (မဟာတံတိုင်းကြီး) ကိုတော့ မရောက်နိုင်သေးပဲ ရှိနေတယ်။ သို့သော် တရုတ်တွေ ပြောဆိုလေ့ရှိတဲ့ စကားတစ်ခွန်းကိုတော့ ကြားရောင်နေမိခြင်းပါ။ (တရုတ်ပြည်ကို ရောက်လာလို့မှ) – ̏(ကမ္ဘာကျော်) မဟာတံတိုင်းကြီးကို မတက်ရောက်ခဲ့ဘူးဆိုရင် မင်းဟာ ဘယ်တော့မှ ဟီရိုးမဖြစ်နိုင်ဘူး˝တဲ့။2 အင်မတန်မှာ လှပတဲ့ စကားလေးပါ။ ဒီစကားလေးကို ကြားရတော့ ဟီရိုးဖြစ်တာ၊ မဖြစ်တာ အသာထား ကမ္ဘာကျော် ဂရိတ်ဝေါကြီးကိုတော့ သွားချင်တဲ့စိတ်တွေ ဖြစ်လာတာတော့ အမှန်ပါ။

ဒီဇင်ဘာလ (၁)ရက်နေ့မှာတော့ ဂရိတ်ဝေါကို သွားဖို့ အခြေအနေပေးလာတယ်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညဦးပိုင်းမှာ သွားဖို့အစီအစဉ်များ ပြုလုပ်ထားပြီး၊ နောက်နေ့မနက် (ရ)နာရီခွဲလောက်မှာ သွားကြဖို့ပါ။ နောက်နေ့မနက်မှာ အပြင်မှာ မိုင်းနပ်စ် တင်း(-10ံ) ဒီဂရီဖြစ်နေတယ်။ ဂရိတ်ဝေါဒေသမှာရှိတဲ့ နေရာအနှံ့အပြားမှာလည်း စနိုးတွေကျမယ်လို့ မိုးလေးဝသဌာနက ခန့်မှန်းပြောဆိုနေတယ်။ ဒီတော့ ဒီခရီးစဉ်ကို ဖျက်မှာလား၊ သွားမှာလား စဉ်းစားကြရပြီပေါ့။ အအေးဒဏ်ကို တအားကြီး မကြောက်လှပေမဲ့ တာဝန်နှင့် လာခဲ့ရသူမို့ ဖျားမှာ၊ နာမှာကိုတော့ ကြောက်မိပါတယ်။ အသံနှင့်အလုပ်လုပ်ရမှာဆိုတော့ အအေးမိပြီး အသံတွေများ ၀င်သွားခဲ့မယ်ဆိုရင် ဒုက္ခ။ သို့သော် ဒီဇင်ဘာလရဲ့ နောက်ပိုင်းရက်တွေများမှာဆိုရင် ဒီထက်ပိုပြီး အေးလာနိုင်စရာအကြောင်းရှိလို့ ဒီခရီးစဉ်ကို မဖျက်ပဲ ဇွတ်အတင်းပဲ ထွက်လာခဲ့ကြတယ်။

တရုတ်တွေပြောသလို ဟီးရိုးမဖြစ်မှာကို စိုးရိမ်ခြင်းမျိုးထက်၊ တရုတ်ပြည်ကို နောက်ထပ်တစ်ခေါက် လာရောက်ဖို့ဆိုတာ မသေချာလှတာမို့ ဒ်ီလမ်းကိုပဲ ရွေးချယ်လိုက်ခြင်းပါ။ ဘယ်လောက်ပဲအေးအေး သွားကြမယ်ပေါ့။ ဟီရိုးဖြစ်ဖို့ထက် မရောက်၊ ရောက်အောင် သွားလိုတဲ့အဓိပတိက တပ်ထားတာမို့ အအေးဒဏ်ကို အံတု၍ သွားခဲ့ကြခြင်းပါ။ ထွက်လာတော့လဲ “အေးတော့အေးတာပေါ့ ဒါပေမဲ့ …” ဆိုတာမျိုး လို့ပေါ့။ ဟိုရောက်တော့ (၉)နာရီခွဲလောက်ရှိနေပြီ။ သွားမှာကို ကြိုတင်သိထားသူတိုင်းက စိတ်ပူလို့ ဟိုရောက်တယ်ဆိုရင်ပဲ အဲဒီမှာ စနိုးတွေ ဘယ်လောက် ကျနေပြီလဲလို့ မေးလာကြတယ်။ အဲဒီနေ့က ထူးခြားတဲ့နေ့လို့ ဆိုရမှာပါ။ ဂရိတ်ဝေါကို ရောက်တဲ့အချိန်မှာ ရာသီဥတုကအေးသော်လည်း စနိုးမကျပဲ နေထွက်နေတာကြောင့် မေးသူများကို ပြန်ပြောပြတဲ့အခါ မယုံနိုင်အောင် ဖြစ်နေခဲ့ကြတယ်။ ဘ၀ဆိုတာ ဒီလိုလေးလဲ ရှိဦးမှာပေါ့လို့ တစ်ယောက်တည်းပြုံးမိပါရဲ့။

ကမ္ဘာအံ့ဘွယ်တွေထဲမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ တရုတ်ပြည်က ဂရိတ်ဝေါကြီး (မဟာတံတိုင်းကြီး) ဆိုတာ လွယ်လွယ်ကူကူလေး ဖြစ်ပေါ်လာတာတော့မဟုတ်ပါ။ တဖက်နိုင်ငံမှ တိုက်ခိုက်လာတဲ့ အင်းအား ကြီးမားတဲ့ရန်သူတွေကို ဤမြေ၊ ဤရေပေါ်မှာ နေထိုင်ကြတဲ့ ပြည်သူ၊ ပြည်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေကို  ကာကွယ် ပေးနိုင်ရန် အသက်ပေါင်းများစွာစတေးပြီး တည်ဆောက်ထားခဲ့ရတာပါ။ တရုတ်နိုင်ငံ ရှေးရှင်ဘုရားများရဲ့ ပြည်သူ၊ ပြည်သားများအပေါ်မှာထားတဲ့ ကြီးမားတဲ့ကရုဏာ၊ ပြည်သူ၊ ပြည်သားတွေရဲ့ အကျိုးစီးပွားကို လိုလားတဲ့ မွန်မြတ်တဲ့စေတနာ၊ ကိုယ့်တိုင်းပြည်၊ ကိုယ်လူမျိုးကို အသက်ပေးကာကွယ်စောင့်ရှောက်လိုတဲ့ ရဲရင့်တည်ကြည် ခိုင်မာတဲ့ သံမဏိနှလုံးသား၊ ဒီအကြောင်းတရားတွေ ပေါင်းစုံပြီးမှ ဖြစ်ပေါ်လာတဲ့ လူသားတို့ရဲ့ ဘ၀အားမာန် သမိုင်းမှတ်တိုင်ကြီးတစ်ခုပါ။

မဟာတံတိုင်းကြီးရဲ့ ဂုဏ်သိက္ခာဟာ တရုတ်လူမျိုးများရဲ့ ဂုဏ်သိက္ခာလို့ ဆိုရမှာပါ။ ကမ္ဘာအံ့ဖွယ်ကြီး  ဖြစ်လာတဲ့ မဟာတံတိုင်းကြီးရဲ့သမိုင်းကလည်း စိတ်ဝင်စားစရာပါ။ ထုထည်အားဖြင့် ခိုင်ခံ့လှတဲ့ တံတိုင်းနံရံကြီးများ၊ ကျောက်တုံး ကျောက်သားများဖြင့် ပြုလုပ်ထားတဲ့ ကြီးပြန့်တဲ့ တံတိုင်းပတ်လမ်းများ၊ တမျှော်တခေါ်ကြီး ရှည်လျားလှတဲ့ မျက်စိတစ်ဆုံး တည်ရှိနေတဲ့ ဒီမဟာရံတံတိုင်းကြီးကို ကြည့်ပြီး ရှေးတရုတ်ဘုရင်များ၊ တရုတ်နိုင်ငံသားများရဲ့ စွမ်းရည်များကို ဘယ်သူမချီးမွမ်းပဲ ရှိတော့မှာလဲလို့ အံ့သြမခန်း ဖြစ်နေမိခြင်းပါ။

တကယ်တော့ ဒီဂရိတ်ဝေါကြီးကို တစ်ကြိမ်တစ်ခါတည်းနှင့် အပြီးဆောက်လုပ်ခဲ့တာမျိုးမဟုတ်ပဲ ရှေးဘုရင်များ အကြိမ်ကြိမ်တည်ဆောက်ခဲ့ကြရခြင်းပါ။ သို့သော် ဘယ်ခုနှစ်ကစတင်၍ ဒီမဟာရံတံတိုင်းကြီးကို ဆောက်လုပ်ခဲ့သည်၊ ဒီမဟာတံတိုင်းကြီး၏ အလျားပမဏ မည်၍မည်မျှရှိသည် စသော အချက်အလက်များကို ဖေါ်ပြကြရာ၌ အနည်းငယ်ကွဲပြားမှုများ ရှိနေခြင်းပါ။ ပထမဦးဆုံး အပိုင်းဖြစ်တဲ့ ဂရိတ်ဝေါကြီးကို “ကွင်း ဒိုင်နက်စတီ”လက်ထက် တရုတ်ပြည်ကြီးကို စုစည်းပြီး ဘီစီ 211-207 မှာ (the Qin Dynasty 221-207 BC) စတင်တည်ဆောက်ခဲ့ခြင်းပါ။ ထို့ကြောင့် အစဦးပိုင်း၌ ဤဂရိတ်ဝေါကြီးကို “ကွန် ဂရိတ်ဝေါ” (the Qin Great Wall) ဟု အမည်တွင်နေခဲ့ခြင်းပါ။ နောက်ပိုင်းရောက်မှ  “ချိုင်းနား ဂရိတ်ဝေါ”ဟု အမည်တွင် လာခြင်းပါ။

ဒုတိယ ဂရိတ်ဝေါကိုတော့ “ဟန် ဒိုင်နက်စတီ”လက်ထက် ဘီစီ ၂၀၅-၁၂၇ မှာ (the Han Dynasty 205-127 BC) ဆက်လက်တည်ဆောက်ခဲ့ကြတာပါ။ တတိယ ဂရိတ်ဝေါကိုတော့ “ဂျင်း ဒိုင်နက်စတီ” လက်ထက် အေဒီ ၁၂၀၀ မှာ (the Jin Dynasty 1200 AD) တည်ဆောက်ခဲ့ပြီး၊ စတုတ္ထဂရိတ်ဝေါကိုတော့ မင်း ဒိုင်နက်စတီလက်ထက် အေဒီ ၁၃၆၇-၁၆၄၄ မှာ (the Ming Dynasty 1367-1644) ဆက်လက် တည်ဆောက်ခဲ့ကြခြင်းပါ။ နောက်ဆုံး “ကွင်း ဒိုင်နက်စတီ”လက်ထက် အေဒီ (၁၆၄၄-၁၉၁၁) မှာ (Qing Dynasty 1644-1911) ဆက်လက် တည်ဆောက်ခဲ့ခြင်းပါ။ ဤနည်းဖြင့် မင်းအဆက်ဆက်၊ ပြည်သူအဆက်ဆက် တည်ဆောင်ခဲ့သော ဤမဟာတံတိုင်းကြီး၏ အလျားအရှည်ပမာဏသည် ဂဂ၅၀ ကီလိုမီတာ (၅၅၀၀ မိုင်) (အလျားအတိုင်းအတာကို အမျိုးမျိုးဖေါ်ပြထားကြသည်) ရှိကြောင်း ဖေါ်ပြထားခြင်းပါ။ ၁၉ဂ၇-ခုနှစ်မှာတော့ ဂရိတ်ဝေါကြီးကို UNESCO အဖွဲ့မှ စောင့်ရှောက်ခွင့်ရခဲ့ပြီး ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်အဖြစ်ဖြင့် ကြေညာ၍ စောင့်ရှောက်ထားခြင်းပါ။ (In 1987, the Great Wall was declared a World Cultural Heritage Site by UNESCO)

ဂရိတ်ဝေါကို လည်ပတ်ပြီးနောက်ပိုင်း ဘယ်ခရီးကိုမှ မသွားတော့ပဲ တရားစခမ်းဝင် ယောဂီများအား တရားဟော၊ တရားပြတာဝန်များကို အချိန်ပြည့် ပြုလုပ်ပေးပြီး တရားစခမ်းပြုလုပ်ရာ မြို့စွန်တစ်နေရာရှိတဲ့ နှစ်ထပ်အဆောက်အဦး တစ်လုံးမှာ တရားစခမ်း(၂)ခုကို ဖွင့်လှစ်ပေးခဲ့တယ်။ သူတို့ငှားရမ်းထားတဲ့ နှစ်ထက်တိုက်က တရားစခမ်းတစ်ကြိမ်မှာ ယောဂီ (၂၅)ယောက်သာ နေလို့ရနိုင်တဲ့ တိုက်မျိုးပါ။ တရားစခမ်း အချိန်များအတွင်း အပြင်မှာကလည်း သိပ်အေးနေတော့ ယောဂီများဟာ အိမ်တည်းမှာပဲ တရားအားထုတ်ကြ ရတယ်၊ အိမ်တည်းမှာပဲ စင်္ကြံလျှောက်ကြရတယ်။ ညစဉ်တရားပွဲတိုင်း ယောဂီတွေရဲ့ အသိမိတ်ဆွေများမှလွဲရင် အပြင်မှ တရားနာလာရောက်သူများ မရှိသလောက်ပါ။

တရားစခမ်းပွဲနှစ်ခုမှာ ကြိုတင်ပြင်ဆင်ထားတာက ရှေ့(၇)ရက်စခမ်းကို မေတ္တာကမ္မဋ္ဌာန်းပြသပေးပြီး၊ နောက်(၇)ရက်တရားစခမ်းကိုတော့ ၀ိပဿနာကမ္မဋ္ဌာန်းကို ပြသပေးဖို့ရည်ရွယ်ထားသော်လည်း ယောဂီများ၏ တောင်းဆိုမှုကြောင့် နောက်တရားစခမ်းပွဲမှာလည်း မေတ္တာကမ္မဋ္ဌာန်းကိုပဲ ဆက်လက်ပြသခဲ့တာကြောင့် တရားစခမ်းပွဲ နှစ်ခုလုးံအတွက် မေတ္တာကမ္မဋ္ဌာန်းကိုပဲ ပြသပေးခဲ့ရခြင်းပါ။ သူအသိုင်းအ၀ိုင်းမှာ မေတ္တာဓာတ် တွေ ခမ်းနေသူ များနေ၍လားမသိ မေတ္တာကမ္မဋ္ဌာန်းကို အထူးပဲ သဘောကျနေကြတယ်။ ယောဂီများတရားကို လိုလိုချင်ချင်နဲ့ အားထုတ်ကြတာကို တွေ့ရလို့ ကမ္မဋ္ဌာန်းဆရာတစ်ပါးအနေနှင့် အမောတွေပြေခဲ့ရတယ်။ ဒီတရားစခမ်းမှာ မဟာယာနဘုန်းတော်ကြီး တစ်ပါးလည်း ပါဝင်လာပြီး တရားတော်ကို ကမ္မဋ္ဌာန်းဆရာတော် ညွန်ကြားတဲ့အတိုင်း ကျိုးကျိုးနွံနွံ ရိုရိုသေသေနဲ့ အားထုတ်တာကို တွေ့ရလို့ ပို၍ ၀မ်းသာနေမိခြင်းပါ။ နောက်ပိုင်းမှာ ထိုရဟန်းတော်ဟာ မြန်မာပြည်ကိုပင် လိုက်၍ အားထုတ်လိုကြောင်း လျှောက်ထားလာပြန်တော့ ဖရဏာပီတိ ဂွမ်းဆီထိသည့်ပမာ တသိမ့်သိမ့် ကြည်းနှူးနေမိခြင်းပါ။

ဒီဇင်ဘာလ ၁၁-ရက်နေ့မှာတော့ ပီကင်းမြို့တော်မှ ဟေနန် ဗုဒ္ဓစ်စ် ကောလိပ်ကျောင်းကြီး တည်ရှိတဲ့ ဟေနန်မြို့သို့ ခရီးဆက်လက် ထွက်ခဲ့ကြတယ်။ ထိုဟေနန်မြို့ (Henan) ဟာ တရုပ်ပြည်၌ ဗုဒ္ဓဘာသာ စတင် ထွန်းကားရာဒေသဟု အသိအမှတ် ပြုထားကြခြင်းပါ။ ကောလိပ်ကျောင်းဝင်းထဲရောက်တော့ အံ့သြစရာတွေနှင့် ထပ်မံကြုံရပြန်တယ်။ မထင်မှတ်ပဲ ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်လည်းဖြစ်၊ ဟေနန် ဗုဒ္ဒ္ဓစ်စ်ကောလိပ်၏ ဒုတိယပါမောက္ခလည်းဖြစ်တဲ့ (မဟာယာန) ဘုန်းတော်ကြီးကိုယ်တိုင် တစ်ရာခန့်ရှိသော သူ၏တပည့် မဟာယာနရဟန်းတော်များနှင့်အတူ ကျောင်း၏ယင်ပြင်ဖြစ်တဲ့ တောင်ခြေအထိ လာရောက် ကြိုဆိုနေခြင်းပါ။ တရုတ်တို့ဓလေ့ထုံးစံအရ ဂုဏ်ပြုပူဇော်ထိုက်သူများကို ကြိုဆိုပူဇော်လေ့ရှိတဲ့ ခန်းနားဆန်း ကျယ်တဲ့ ရွှေထီးကြီးကိုမိုးပြီး စာရေးသူအး အခမ်းအနားဖြင့် တရားဟောဓမ္မာရုံကြီးဆီသို့ ပင့်ဆောင်ကြိုဆို ခဲ့ကြခြင်းပါ။ ထေရ၀ါဒရဟန်းတော်တစ်ပါးက မဟာယာနရဟန်းတော်တစ်ပါးအား ထိုကဲ့သို့ ကြိုဆိုမှုများကို ပြုနိုင်၊ မပြုနိုင်ဆိုတဲ့ မေးခွန်းတစ်ခုကို ကိုယ့်ကိုယ်ကိုပဲ ပြန်၍ မေးနေမိခြင်းပါ။ ၀ိပဿနာတရား၏ အစွမ်းကား အံ့မခမ်းရှိပါပေစွ။

ဓမ္မာရုံကြီးတည်းရောက်တဲ့အခါ အခန်းအနားဖြင့် ရွတ်ဖတ်ပူဇော်သော အခမ်းအနားဖြင့် ဂုဏ်ပြုပူဇော်ကြပြန်တယ်။ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူးများရှိလာပြီမို့ ထိုဟေနန် ဗုဒ္ဓစ်စ်ကောလိပ်ကျောင်းမှာ (၅) ရက်နေပြီး မေတ္တာတရားစခမ်း (၁)ခု၊ ၀ိပဿနာတရားစခမ်း (၁)ခုကို ဖွင့်လှစ်ပေးခဲ့တယ်။ ညစဉ်ညတိုင်း လည်း တရားဟောပေးခဲ့တယ်။ တရုပ်ပြည်၏အလယ်ပိုင်းရှိ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများဟာ များသောအားဖြင့် ကျောင်းတိုက်အတွင်း၊ တရားဟောခန်းမများအတွင်း အအေးဒဏ်ကို ကောင်းစွာ ကာကွယ်ပေးနိုင်တဲ့ ဟီတာ (အပူပေးစက်) များကို အသုံးပြုလေ့မရှိတာကြောင့် တရားဟောရာ၌လည်း ကောင်း၊ တရားပြ၊ တရားထိုင်ရာ၌လည်းကောင်း အေးလွန်းလှ၍ စောင်ထူကြီးကို ခြုံ၍ တရားဟော၊ တရားပြသခဲ့ရသည်မှာလည်း အမှတ်ရဖွယ်တစ်ခု ဖြစ်နေခဲ့ခြင်းပါ။

ထို ဟေနန် ဗုဒ္ဓစ်စ် ကောလိပ်ကျောင်းမှာ နောက်ဆုံးရက်၌ ထိုမဟာယာနဘုန်းကြီး အမှူးပြုသော ကျောင်းကော်မတီ အဖွဲ့ဝင်များနှင့် သာသနာတော်အရေး ဆွေးနွေးတိုင်ပင်ခဲ့ကြတဲ့အခါ အပြန်အလှန် ကျောင်းသားများကို စေလွတ်နိုင်ရေးနှင့် ပါဠိနှင့် အဘိဓမ္မာကို သင်ကြားပို့ချနိုင်သော မြန်မာပြည်မှ ရဟန်းဆရာများကို လွှတ်ပေးဖို့ တောင်းဆိုလာကြတယ်။ သူတို့ရဲ့ စီမံကိန်းက ဖြစ်နိုင်ရင် နောင်တစ်ချိန်မှာ ထေရ၀ါဒပိဋကတ်တော်များကို တရုတ်ဘာသာသို့ ပြန်ဆိုနိုင်ရန် စီမံကိန်းများကိုပင် ချထားပြီးဖြစ်၍ မြန်မာရဟန်းတော်များ၏ အကူအညီကို မလွဲမသွေ လိုအပ်ကြောင်း လျှောက်ထားလာခြင်းပါ။ ထေရ၀ါဒ သာသနာ တရုတ်ပြည်ကြီး၌ ပြန့်ပွားလိုတဲ့ဆန္ဒများ ရှိနေခဲ့တာကြောင့် တတ်နိုင်သမျှ ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းပါ။

ဒီဇင်ဘာလ (၁၅)နေ့မှာတော့ ထိုဟေနန်မြို့မှ အင်တာနေရှင်နယ် ဗုဒ္ဓဘာသာ ကွန်ဖရင့်ကျင်းပမည့် ၀ူဟန်မြို့ (Wuhan)သို့ ကားဖြင့် ထွက်ခွါလာခဲ့ကြတယ်။ ထိုခရီးစဉ်မှာ ပုံမှန် (၃) နာရီခန့်သာ မောင်းနှင်ရသော်လည်း ကားမောင်းသူ လမ်းမကျွမ်းကျင်၍ ၀ူဟန်မြို့အရောက် (ဂ)နာရီ ကြာသွားခဲ့တယ်။ ရာသီးဥတုကလည်းအေး၊ ခရီးကလည်းဝေးဆိုတော့ ထိုခရီးမှာ အတော်ကို ပင်ပမ်းနွမ်းနယ်သွားတယ်။ ၀ူဟန်မြို့ကို ရောက်တဲ့အခါမှာတော့ ကွန်ဖရင့်သို့ တက်ရောက်သူများအား ဖိုက်စတား ဟိုတယ်မှာထား၍ ချမ်းချမ်းသာသာဖြင့် အိပ်စက်နားနေခွင့်ကို ပေးထားခဲ့တာကြောင့် ထိုညအဖို့ ကောင်းမွန်စွာ အိပ်စက် နားနေခွင့်ကို ကောင်းစွာရခဲ့ခြင်းပါ။

ဝူဟန်မြို့ကြီးဆိုတာ တရုတ်နိုင်ငံရှိ မြို့ကြီးများအနက် စတုတ္ထအကြီးဆုံး မြို့တော်ကြီးဖြစ်တာဆိုတာ သိခဲ့ရခြင်းပါ။ ၀ူဟန်မြို့ကြီးဟာ နာမည်ကျော် ယန်ဇီမြစ်ကြီး (Yangtze River) ၏ ကမ်းနဖူးပေါ်မှာ တည်ရှိတဲ့အတွက်ကြောင့် သာယာလှပတဲ့ မြို့ကြီးတစ်မြို့ဖြစ်တယ်။ မြို့တော်ရဲ့အလယ်ဗဟိုမှာ ကြီးမားတဲ့ရေကန်ကြီးရှိနေတာကြောင့် ထိုရေကန်ကြီးကလည်း မြို့တော်ရဲ့အလှကို ပသာဒဖြစ်စေဖို့ ပန့်ပိုးပေးနေ သလို ရှိခဲ့ပြန်တယ်။ တစ်ချို့ ဟိုက်ဝေးလမ်းများဟာ ယန်ဇီမြစ်ကြီး၏ရေအောက်က မြေကိုဖေါက်ထွင်းပြီး ဆောက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် အံ့သြမဆုံးနိုင်အောင် ဖြစ်ရပြန်တယ်။

ကမ္ဘာကျော် ယန်ဇီမြစ်ကြီး၏ သမိုင်းကြောင်းကလည်း စိတ်ဝင်စားစရာပါ။ အာရှမှာ အရှည်ဆုံး မြစ်ကြီးတစ်စင်းဖြစ်ပြီး၊ ကမ္ဘာမှာ တတိယအရှည်ဆုံး မြစ်ကြီးတစ်စင်းဖြစ်ကြောင်းသိခဲ့ရခြင်းပါ။ တိဘက်ကုန်း မြေမြင့်မှ စတင်စီးဆင်းလာခဲ့ပြီး၊ အလျား ၆၄၁၈ ကီလိုမီတာ (၃၉ဂဂ မိုင်) ရှည်လျားတဲ့ မြစ်ကြီး တစ်စင်းဖြစ်တယ်။ ရေအားလျှပ်စစ်ရရေးအတွက် ထိုမြစ်ကြီးကို ပိတ်ပြီး ကြီးကျယ်တဲ့ဆယ်ကြီး(၃)ခု (three Gorges Dam)ကို နိုင်ငံတော်အစိုးရက တည်ဆောက်ထားခဲ့တယ်။ ထိုယန်ဇီမြစ်ကြီးဟာ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ဆယ်တွေထဲတွင် ကမ္ဘာပေါ်မှာ ရေအားလျှပ်စစ်အများဆုံး ထုတ်လုပ်နိုင်တဲ့ ဆည်ကြီး တစ်ခုဖြစ်တယ်။ (The Three Gorges Dam on the Yangtze River is the largest hydro-electric power station in the world)

မြစ်ကြီးနှင့်မြို့တော် ပနံတင့်လှတာကြောင့် ဒီမြို့ကြီးမှာ (၄)ရက်တိုင်တိုင် ကြီးကျယ်တဲ့ ဗုဒ္ဓဘာသာ အခမ်းအနားကြီးတစ်ခုကို ကျင်းပကြဟန်တူတယ်လို့လဲ ခံစားမိပါရဲ့။ အခမ်းအနားကြီးကလည်း ကြီးကျယ် သလားမမေးနဲ့ လူပေါင်းတစ်သိန်းခန့် တက်ရောက်ကြတယ်။ ဖွင့်ပွဲအခမ်းအနား၊ ဟောပြောပွဲအခမ်းအနား၊ ပရိတ်ရွတ်ပွဲ အခမ်းအနားများကို ကွင်းပြင်မှာ ကျင်းပတာဖြစ်၍ အအေးဒဏ်ကိုတော့ တက်ရောက်သူတိုင်း ခံကြရရှာတယ်။ သို့သော် အခမ်းအနားပွဲများအတွက် တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းကြရာ၌​ သံဃာ အားလုံးကို ရွှေထီးမိုး၍ လှည့်လည်တန်းစီခြင်းဖြင့် ကြီးကျယ်ခန်းနားစွာ ပြုလုပ်ကြတယ်။ နိုင်ငံတော်ရဲ့ ပေါ်လစီကြောင့် ဘာသာရေးပွဲတော်များ မပြုလုပ်နိုင်တာ ကြာပြီဖြစ်၍လည်းမသိ တက်ရောက်လာကြသော ပရိသတ်ထုကြီးသည် နိုင်ငံပေါင်းစုံမှ သံဃာတော်များကို ဖူးမြင်ကြရ၍ ၀မ်းလည်းဝမ်းသာ၊ ကြည်လည်း ကြည်နူးမိကြတော့ သူတိုဲ့ရဲ့မျက်ဝန်း အိမ်များမှ ၀မ်းသာလွန်းလို့ ကျတဲ့မျက်ရည်တွေဟာ ဖုန်းကွယ်ထားလို့ မရနိုင်အောင် ရှိနေကြခြင်းပါ။ တစ်ချို့ကလဲ ၀မ်းသာကြည်နူးတဲ့အသံတွေနှင့် “နမော အမိတောဘာ” ဆိုတဲ့ ဘုရားရှိခိုးဂါထာကို မမောမပမ်းနိုင်အောင် သံပြိုင်ရွတ်ဆိုနေကြတယ်။ တချို့ကြတော့လဲ  သံဃာတော်များကို အားကိုးသော စိတ်ထားဖြင့် “တပည့်တော်တို့ မာစတာများရဲ့ တပည့်များ ဖြစ်ပါရစေ”တဲ့။

တရုတ်ပြည်ရဲ့ ဓမ္မဒူတ တစ်လခရီးဟာ ပြီးဆုံးခဲ့ပြီ။ နိုင်ငံတော်ရဲ့ပေါ်လစီအရ ဘာသာတရားကို အားပေးအားမြှောက် ပြုမထားသော်လည်း တရုတ်ပြည်သူ၊ ပြည်သားများရဲ့ ဘာသာတရား၌ အခြေခံများ ရှိနေဆဲဖြစ်တာကြောင့် တရုပ်ပြည်ကြီး၌ ထေရ၀ါဒသာသာနာ ပြန့်ပွားရေးအတွက် အားတက်မိခြင်းပါ။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အလေ့ဖြစ်တဲ့ အလှူအတန်း ရက်ရောမှု၊ တရားဓမ္မများကို နာကြားလိုတဲ့ ထက်သန်သော စိတ်ဆန္ဒများရှိမှု၊ ဗုဒ္ဓဘာသာဝင်များမှ ပေါက်ဖွားလာသော သားစဉ်မြေးဆက်များ ကျန်ရှိနေမှု စသော အကြောင်းများကြောင့် သာသနာပြုစွမ်းရည်ရှိကြသော ပုဂ္ဂိုလ်များသည်လည်းကောင်း၊ တရုတ်၊ အင်္ဂလိပ်စသော ဘာသန္တရများ တတ်ကျွမ်းကြသော ပုဂ္ဂိုလ်များသည်လည်းကောင်း၊ ပါဠိ အဘိဓမ္မာတတ်ကျွမ်းကြသော ပုဂ္ဂိုလ်များသည်လည်းကောင်း၊ တရားဟော တရားပြ ကျွမ်းကျင်တော်မူကြသော ပုဂ္ဂိုလ်များသည်လည်းကောင်း တရုတ်ပြည်သို့ ဓမ္မဒူတခရီးများ ကြွရောက်တော်မူသင့်ပါကြောင်း လျှောက်ထားလိုခြင်းပါ။ သာသနာပြုရာ၌ “စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ” ဆိုတဲ့ ̏ စံ˝ရယ်၊ တရုတ်ဘာသာတတ်ကျွမ်းခြင်းဆိုတဲ့ ̏ မူ˝ရယ်၊ သိက္ခာသုံးပါးကို စွမ်းနိုင်သမျှ စောင့်ထိန်းခြင်းဆိုတဲ့ ̏ ဂုဏ်˝ သိက္ခာရယ်၊ ဤသုံးမျိုးကို ပေါင်းစပ်ခြင်းဖြင့် စံနမူနာကောင်းတဲ့ ဂုဏ်ရှိတဲ့ သာသနာပြုရဟန်းတော်များ ပေါ်ထွန်းလာနိုင်စေကြောင်း ရည်ရွယ်၍ ဤဆောင်း ပါးကို ရေးသားပါသည်။ ဤဆောင်းပါးဖြင့် သာသနာပြုရဟန်းတော်များအား  ဂုဏ်ပြုပူဇော်ပါ၏။

ချမ်းသာစွာအိမ်စက်နိုင်ကြပါစေ ….။

● 1 The Qing Dynsty, also Empire of the Great Qing, was the last imperial dynasty of China, ruling from 1644 to 1912 with a brief, abortive restoration in 1917. It was preceded by Ming Dynasty and followed by the Republic of China.

● 2 Without climbing the Great Wall, you cannot be a Hero.