မစိုးရိမ်တိုက်သစ် အာစရိယပူဇော်ပွဲ

မိုးမခအထောက်တော် (မန္တလေး)
အောက်တိုဘာ ၂၄၊ ၂၀၁၂

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ စာသင်သားသံဃာတော် နှစ်ထောင့်ရှစ်ရာကျော်က မဟာနာယကချုပ်ဆရာ တော်ကြီးနှင့် မဟာနာယကဆရာတော်များ၊ နာယကဆရာတော်များအားပူဇော်သော အာစရိယပူဇော်ပွဲကို ယနေ့ ၁၃၇၃ ခု၊ သတင်း ကျွတ် လ္ဆန်း (၈) ရက်၊ ၂၃-၁၀-၂၀၁၂-ခု အင်္ဂါနေ့ ညနေ (၄း၃၀) နာရီမှာ ကျင်းပခဲ့ကြောင်း သိရသည်။

 
အာစရိယပူဇော်ပွဲ အခမ်းအနားသို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာ ဘိဝံသနှင့် မဟာနာယကဆရာတော်များ၊ နာယကဆရာတော်များ စာချဆရာတော်များ၊ စာသင်သားရဟန်း သာမဏေများ၊ ကျောင်းဒါယကာ ဒါယိကာမများ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို အစီစဉ် (၇) ရပ်ဖြင့် ကျင်းပကာ မဟာနာယကချုပ် ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသက သြဝါဒ များ မိန့်ကြားခဲ့ကြောင်းသိရပါသည်။
မစိုးရိမ်တိုက်သစ်၌ ဝါဆိုသံဃာ (၂၈၅၉) ပါးရှိရာတွင် ရဟန်းတော်ပေါင်း (၂၁၆၆) ပါး၊ သာမဏေပေါင်း (၆၉၃) ပါးရှိကြောင်း၊ နာယက ဆရာတော် (၂၂) ပါးရှိပြီး၊ ဓမ္မစရိယဘွဲ့ရ စာချဆရာတော်ပေါင်း အပါး (၁၅၀) ကျော်ရှိကြောင်း သိရပါသည်။
မစိုးရိမ်တိုက်သစ်၊ စာသင်သားရဟန်းသာမဏေများက စုပေါင်းကျင်းပခြင်းဖြစ်ပြီး၊ ယခုနှစ်ပူဇော်ပွဲသည် ဆဋ္ဌမအကြိမ်မြောက် ပူဇော်ပွဲဖြစ် ကြောင်း၊ သတင်းဝါလကျွတ်သည့်အခါတိုင်း နှစ်စဉ်အာစရိယ ပူဇော်မြဲဖြစ်သော်လည်း ယခင်က သတင်းကျွတ်လပြည့် ပဝါရဏာပွဲနှင့်အ တူ သိမ်ကျောင်းထဲမှာသာ ပူးတွဲကျင်းပလေ့ရှိကြောင်း၊ ယခုလို အခမ်းအနားဖြင့် စုပေါင်းစုံညီပူဇော်ကြသည်မှာ ကောဇာသက္ကရာဇ် ၁၃၆၈ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၃၆၉ ခုနှစ်သည် ၂၀၀၇ ရွှေဝါရောင် အရေးခင်းနှင့် တိုက်ဆိုင်နေ၍ အာစရိယပူဇော်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရပါသည်။

အခမ်းနားတွင် ပြန်လွန်တော်မူခဲ့ပြီးဖြစ်သော ကျေးဇူးရှင်ဆရာတော်ကြီး (၃) ပါး၏ ကျေးဇူးဂုဏ်ကို အာရုံပြု၍ တစ်မိနစ်ခန့် ငြိမ်သက်စွာ ဂါရဝပြုသည့် အစီအစဉ်ပါဝင်ကြောင်း၊ အခမ်းအနားအပြီးတွင် မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသမထေရ်က လာမည့် တပို့တွဲလတွင်ကျင်းပမည့် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဆရာတော်ကြီး၏ သက်တော် (၈၀) မွေးနေ့ပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် အစီအစဉ်များ  ချပြခဲ့ကြောင်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts