ဖြစ်ရပ်များ၊ အမှတ်တရများ

Thit Aung – မုန်တိုင်းခေတ်ထဲက သတင်းစာဆရာ သို့မဟုတ် လူထုစိန်ဝင်း

မုန်တိုင်းခေတ်ထဲက သတင်းစာဆရာ သို့မဟုတ် လူထုစိန်ဝင်း
သစ်အောင်
ဇွန် ၁၈၊ ၂၀၁၂ ခုနှစ်


 အဲသည်လို ပြောဖို့ ရေးဖို့ ဆရာ့ကို မကြာခဏ လာအပူကပ်လေ့ရှိသည့် ကျွန်တော်တို့ကို ဆရာက တနေ့တော့ ပြောရှာသည်။ `ငါတို့က ရှေ့ကတက်တက်ပြီး လူမိုက်လုပ် ပြောနေတာကြာပြီ၊ ဒါပေမယ့် နောက်က ဘယ်သူမှမလိုက်လာကြဘူး´ ဟု သူ့ခံစားချက်ကို ရင်ဖွင့်သည်။

ဆရာ့ထံသို့ နံနက်ပိုင်းရောက်သွားတိုင်း စာရေးစားပွဲတွင် ထိုင်ကာ စားပွဲမှ စာရေးရာက မော်ကြည့်ကာ တချက်ပြုံး၍ ထိုင်ဟုဆိုလေ့ရှိသည်။ သူ့ရှေ့တွင် အေဖိုးဆိုက် စာရွက်များဖြင့် ရေးသားထားသည့် ဆောင်းပါး အထပ်လိုက်၊ သူ့စာရွက်နှင့် သူသပ်သပ်ရပ်ရပ် စီလျှက်ချထားသည်ကို မြင်တွေ့ရသည်။
ကျွန်တော်က သူ့စားပွဲရှေ့တွင် ခေါက်ထားသည့် ခုံကိုယူကာ ထိုင်လိုက်ပြီး မိမိလာရင်းကိစ္စရှိလျှင် အကြောင်းကိစ္စကို ပြောပြသည်၊  သို့မဟုတ် အကြောင်းကိစ္စ သီးခြားမရှိလျင်လည်း မရှိကြောင်းနှင့် မရောက်တာကြာ၍ ကျန်းမာရေးအခြေအနေ မေးမြန်းဖို့ ၀င်လာကြောင်း ပြောဆိုရသည်။
ယခုနှစ်ပိုင်းများမှာ ဆရာ ကျန်းမာရေး ကောင်းသည်ဆိုပေမယ့်လည်း အောက်စီဂျင် ပိုက်ကို နှာခေါင်းတွင် တပ်ထားရသည်က များသည်။ 
မိမိမှာ သတင်းထောက်ဖြစ်၍ မိမိဘက်က ပြောစရာမရှိပါက သူကြားထားသည့် ကိစ္စ၊ သတင်းတို့ကိုမေးလေ့ရှိသည်။ အပြင်သို့ မထွက်သော်လည်း စာပေနယ်ပယ်၊ သတင်းနယ်ပယ်တွင်ဖြစ်ပျက်နေသည့် အဖြစ်အပျက် အတော်များများကို ဆရာ သိနေသည်က များသည်။
ဆရာက သတင်းဂျာနယ်တွေ အပေါ် အားမရလျှင် အားမရကြောင်း ဘယ်လို ရှုထောင့်မျိုးကို ဘယ်လို အကြောင်းအရာမျိုး လိုက်ကြ ရေးကြစေချင်ကြောင်း ပြောလေ့ရှိသည်။ တိုင်းပြည်အတွက် အရေးကြီးသည့် သတင်း အကြောင်းအရာတခုခုကို ပြည်ပမီဒီယာတွေ မပြောသေးလျင်လည်း ပြောသင့်ကြောင်း ထောက်ပြ ပြောဆိုသည်ကိုလည်း  ဆရာ့ထံမှ မကြာခဏနားထောင်ခဲ့ဖူးသည်။
ဆရာ့စာရေးချိန်သည် နံနက်ပိုင်းသာဖြစ်၍ ထမင်းစားပြီး နေ့လည်နေ့ခင်းတွင် စာဖတ်နေခြင်း သို့မဟုတ် နေ့လည်တရေးအိပ်သည်ကို တွေ့ရလေ့ရှိသည်။ ဧည့်သည်ဆိုပါက နေ့လည် ထမင်းစားပြီးနောက်ပိုင်းကို ချိန်းလေ့ရှိသည်။
ညနေပိုင်းဆိုလျှင်တော့ ဧည့်ခန်းတွင် ဖျာခင်းကာ ရုပ်မြင်သံကြား ကြည့်နေသည်ကိုတွေ့ရတတ်သည်။
          လွန်ခဲ့သည့် တနှစ်ခွဲကျော်က အင်တာနက်မှ သတင်းများကို ၃၊ ၄ ရက်တခါ ကူးယူ ပရင်တာဖြင့်ထုတ်ပြီး ဆရာထံသွားပေးလေ့ရှိသည်။ ရေဒီယိုကို မှန်မှန်နားထောင်သော်လည်း အင်တာနက် အွန်လိုင်းဝက်ဆိုက်ပေါ်မှ မြန်မာပြည်နှင့် ပတ်သက်သည့် သတင်းများကို ဆရာလက်လှမ်း မမှီသဖြင့် ကျွန်တော်က ထုတ်ယူပြီး သွားပေးခြင်း ဖြစ်သည်။ ယူလာသည့် အေဖိုး သတင်းစာရွက်များကို ရောက်သည်နှင့် အငမ်းမရ ဖတ်လေ့ရှိသည်။
          ခေါင်းစဉ်တွေ တခုပြီး တခုဖတ်သွား၊ နောက် အတွင်းထဲမှ စာပိုဒ်များကို ဆက်တိုက်ဆိုသလို ဖတ်လေ့ရှိသည်။
          ဆရာက ကျန်းမာရေး အခြေအနေကြောင့် အပြင်မထွက်နိုင်သော်လည်း သတင်းတွေကို မက်မက်မောမော မလွတ်တန်း ဖတ်ရှုနေခြင်းကြောင့် ပြင်ပမှာဘာတွေဖြစ်နေသည်ကို သိရှိနေခြင်း ဖြစ်ပေလိမ့်မည်။
တခါတခါလည်း သတင်းမီဒီယာနှင့် ပတ်သက်၍ သော်လည်းကောင်း နိုင်ငံအရေးနှင့် ပတ်သက်၍ သော်လည်းကောင်း ဆရာ့ထံမှ ဝေဖန်ချက် ထောက်ပြချက်ကြားလိုသည့် အခါမျိုးတွင် ဆရာ့ထံ တကူးတက သွားပြီး ပြောပြကာ ဆရာ့အမြင် ဝေဖန်ချက်ကို ခံယူရသည်။ လူထုပရိသတ် သိသင့်သည့်ကိစ္စများကိုလည်း မီဒီယာမှ တဆင့်ပြောဖို့ ဆရာ့ကိုတိုက်တွန်းသည့် အခါလည်းရှိခဲ့ဖူးသည်။
ထိုကာလမှာ ဖိနှိပ်မှု ပြင်းထန်သည့်ကာလဖြစ်၍ ဆရာကဲ့သို့သော မိမိ အပေါ် ကျရောက်နိုင်သည့် အန္တရာယ်အတွက် မငဲ့သူ သတ္တိရှိရှိဖြင့် ဝေဘန်ရဲသူက လက်ချိုးရေလျှင် များများစားစားမရှိ၊ ပြည်တွင်းမှာ တော်တော်ရှားသည်ဟု ဆိုနိုင်သည်။ ဒီအတွက်ကြောင့်လည်း သြဇာရှိသည့် ဆရာအနေဖြင့် ပြောဖို့ရာ သွားရောက် တင်ပြရခြင်းဖြစ်သည်။ ဆရာက ပြောသင့် ဝေဘန်ထောက်ပြသင့်သည်တို့ကို  မြန်မာပိုင်း ရေဒီယိုများမှ ဝေဘန်ပြောဆို ခဲ့သည်မှာ ထိုခေတ်ကာလ တလျှောက်လုံးပင်။
တခါတရံ သတင်းမီဒီယာလောကမှ အယ်ဒီတာ သတင်းထောက်များက ပြည်ပ ရေဒီယိုများသို့ ပြောဆိုသည့်အခါ ရန်ကုန်အခြေစိုက် သတင်းထောက်၊ အယ်ဒီတာစသဖြင့် အမည်မဖေါ်ပဲ ဝေဖန်ပြောဆိုသည့် အဖြစ်များတော့ ရှိခဲ့သည်။
ဆရာကတော့ အမည်မဖေါ်လိုသည့် သတင်းစာဆရာမဟုတ်ခဲ့။ တည့်တည့်လင်းလင်း ပြောသင့်သည်ကို ပြောသူဖြစ်သည်။ ထိုသို့ပြောဆိုမှုကြောင့်၊ ရေးသားမှုကြောင့် ဆရာ့ဆောင်းပါးစာမူ ယာယီအားဖြင့် ဖေါ်ပြခွင့်မရှိခဲ့သည့် ကာလကိုလည်း ဆရာကြုံခဲ့ရသည်။
၂၀၀၆-၇ ခုနှစ်ဝန်းကျင်က ဖြစ်လိမ့်မည်။ မြန်မာပြည် နိုင်ငံရေးနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့် အာဘော်အမြင် ဆောင်းပါးတပုဒ်ကို အင်တာနေရှင်နယ် ဟယ်ရဲလ် ထရီဗြွန်း (IHT) တွင်ဖေါ်ပြခဲ့သည်။ မြန်မာပြည်သူတွေ ဆက်လက်သည်းမခံနိုင်တော့ ဆိုသည့်သဘောမျိုး ရေးသားထားသည့် ဆောင်းပါးဖြစ်သည်။ ယင်းဆောင်းပါး ဖေါ်ပြပြီးနောက် သီတင်းပတ်အနည်းငယ် ဆရာ့စာမူတွေ ဖေါ်ပြခွင့်မရခဲ့။
အဲသည်လို ပြောဖို့ ရေးဖို့ ဆရာ့ကို မကြာခဏ လာအပူကပ်လေ့ရှိသည့် ကျွန်တော်တို့ကို ဆရာက တနေ့တော့ ပြောရှာသည်။ `ငါတို့က ရှေ့ကတက်တက်ပြီး လူမိုက်လုပ် ပြောနေတာကြာပြီ၊ ဒါပေမယ့် နောက်က ဘယ်သူမှမလိုက်လာကြဘူး´ ဟု သူ့ခံစားချက်ကို ရင်ဖွင့်သည်။
ဆရာဆိုလိုသည်မှာ သူ့လို အသက်အရွယ်နှင့် ကျန်းမာရေးအရ အိမ်ထဲမှ အိမ်ပြင်လည်း မထွက်နိုင်သည့်တိုင်  ဘယ်လို ဘေးအန္တရာယ်မှ မကြောက်ပဲ ပြောသင့်သည်ကို ပြောနေပြီ ကျန်သည့်သူတွေကလည်း နောက်မှ တတပ်တအား လိုက်ပါ ပြောဆိုဖို့ တိုက်တွန်းခြင်းဖြစ်သည်။
ကျွန်တော်တို့ သတင်းလောကမှသူတွေ ပြည်ပ ရေဒီယိုများတွင် သတင်းထောက်တဦး၊ အယ်ဒီတာတဦး အနေဖြင့် အမည်မဖေါ်ပဲ ပြောခြင်းမှာ သတင်းခိုင်မာမှု တန်ဖိုးလျော့ကျသည်ဟုလည်း ဆရာက အမြဲပြောသည်။
ဆရာက အဲသည် ဖိနှိပ်မှု ပြင်းထန်သည့် ကာလထဲမှာ အများအကျိုးအတွက် ရှေ့တန်းမှတက်ပြောရဲသူ၊ ရှာမှရှားသည့် သတင်းစာဆရာ တဦးဖြစ်သည်။ ယနေ့ကာလလို အနည်းငယ်ပွင့်လင်းလာသည့် အချိန်မှာတော့ သူရောငါရော ။ ပြောရဲနေကြပြီ၊ ဟိုတုန်းက ယခုလိုမဟုတ်ပါ။
အစိုးရ၊ အုပ်ချုပ်သူတင်မကပါ။ ကိုယ့်နယ်ပယ် ကိုယ့်လောကဖြစ်သည့် စာနယ်ဇင်းလောကတွင်လည်း တစုံတရာ ထောက်ပြစရာ ရှိပါက ဆရာ့ကို ပြော၍ ကျွန်တော်တို့အားလုံးကို ဆုံးမပေးပါ၊ ဝေဘန်ပေးပါဟု သွားပြောရသည်။ သူက အပတ်စဉ်ထုတ်ဂျာနယ်တွေမှာ ဆောင်းပါးဖြင့် ဝေဘန်ထောက်ပြခဲ့သည်လည်း မနည်းလှပါ။
အထက်က ပုံရိပ်တွေက ဆရာ လူထုစိန်ဝင်းဟု ဆိုလျှင် ပေါ်လာသည့် ပုံရိပ်များဖြစ်သည်။ ယခုတော့ ဆရာ သူချစ်ခင်သည့် မြန်မာပြည်သူ၊ မြန်မာသတင်းစာလောက ကိုအပြီးတိုင် စွန့်ခွာသွားပြီဖြစ်သည်။ ဆရာ့ရဲ့ စာအုပ်တွေ ဆောင်းပါးတွေကို ဆရာကို မမြင်တွေ့ခင်ကတည်းက ဖတ်ရှုခဲ့ဖူးသည်၊ လိုက်နာမှတ်သားခဲ့သည်။ လူကိုယ်တိုင် ဆရာနှင့် မြင်တွေ့ ထိတွေ့ရသည်က ဆယ်စုနှစ် တခုစွန်းစွန်းမျှသာ၊ ထိုကာလတွင် ကျွန်တော်မြင်ခဲ့ရသည့် ဆရာ့စေတနာ ၊ ဆရာ့ သတ္တိများမှာမူ  အမြဲမှတ်မှတ်ထင်ထင် ဖြစ်လျှက်ပင်။       ။ 
(ဓာတ်ပုံ-မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts