ကမ္ဘာမြေပြင်ပေါ်သို့ လူ့ဘဝအဖြစ် ရောက်ရှိလာခဲ့ပြီး မည်သည့်နေ့၊ မည်သည့်ရက်၊ မည်သည့် အချိန်၊ မည်သည့်အသက်အရွယ်တွင် ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွါသွားရမည်ကို မည်သူတစ်ဦးတစ် ယောက်မှ မသိရှိနိုင်ပေ။ အချို့သည် လူ့ဘဝသက်တမ်းအား သက်တမ်းစေ့နေသွားနိုင်ခဲ့သလို အချို့သော သူတို့သည် ကျန်းမာရေး ချို့ယွင်းမှုကြောင့်၎င်း၊ ပြင်ပ ပယောဂတစ်ခုကြောင့်၎င်း၊ သက်တမ်းစေ့ မနေနိုင်ခဲ့ ကြချေ။ သက်တမ်းစေ့ နေနိုင်ခဲ့သော်ငြားလည်း ယခုကဲ့သို့ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော စီးပွားရေးကပ်၊ နိုင်ငံရေးကပ်၊ ကျန်းမာရေးကပ်၊ သဘာဝဘေးကပ်၊ စစ်ဘေးကပ် အစရှိသည့် ကပ်အမျိုးမျိုးတို့ကြားမှ ဘဝ ရပ်တည်မှုကို ပြုလုပ်နေကြရသော လူသားများစွာတို့သည် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော အကုသိုလ်စိတ်အလျဉ်တို့ လွှမ်းခြုံမှုကို ခံနေခဲ့ကြရကာ ဘဝကူးပြောင်း သေဆုံးမှုများကို ရင်ဆိုင်ကြုံတွေ့ နေရသည်။
အကုသိုလ်စိတ်တို့ ဖုံးလွှမ်းခြင်းခံနေရသော လူ့လောကကြီးမှ ထွက်ခွါသွားရသူများထဲတွင် ကုသိုလ်အရှိန်အဟုန်အား တည်ဆောက်၍ ထွက်ခွါသွားသော သူတော်ကောင်းအပေါင်းတို့သည်လည်း ရှိနေဆဲပင်ဖြစ်သည်။ ထိုသို့ အကုသိုလ်လုပ်ရပ်များကို ကျင့်သုံးနေကြရသော အတ္တသမားများ၊ ကုသိုလ် အလုပ်ကို ကျင့်သုံးလိုက်နာကြသော ပရဟိတသမားများအပြင် ကုသိုလ်ရေးနှင့် အကုသိုလ်ရေးကိစ္စနှစ်ရပ် စလုံးထဲမှ မည်သည့်လုပ်ရပ်များမှ မလုပ်ဘဲ(မလုပ်ရဘဲ) ကမ္ဘာမြေပြင်မှ ထွက်ခွါသွားသူများလည်းရှိသည်။ ထိုသို့သော လူသားများသည်ကား မိခင်ဝမ်းတွင်းမှ လူ့လောကသို့ ရောက်ရှိခါစ ရက်သားအရွယ်၊ လသား အရွယ်၊ ကလေးသူငယ်များပင်ဖြစ်လေသည်။
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဘဝတစ်ပါးသို့ ပြောင်းလဲသွားကြသော ဆရာတော်၊ သံဃာတော်များ၊ လူမျိုးဘာသာ ဆင်းရဲချမ်းသာ ကြီးငယ်မရွေးတို့၏ ရုပ်အလောင်းများအား နာရေးရှင်တို့၏ အပူမီးကို ငြိမ်းအေးစေလိုသော စိတ်ဆန္ဒဖြင့် အခမဲ့ပို့ဆောင် သင်္ဂြိုလ်ပေးနေသော ပရ ဟိတအဖွဲ့ဖြစ်ပေသည်။ ယခင်ကာလများတွင် ကမ္ဘာမြေပြင်မှ ထွက်ခွါသွားသူများထဲမှ ရက်သား၊ လသား ကလေးသူငယ်များအားလည်း ကျွန်တော်တို့၌ရှိသော နိဗ္ဗာန်ယာဉ်မော်တော်ကားများ၊ အလူမီနီယံ မှန် ခေါင်းများ စသည်တို့ဖြင့် ပို့ဆောင်သင်္ဂြိုလ်ပေးမှုကိုပြုခဲ့သည်။ ထိုစဉ်အခါက ရက်သား၊ လသား (၂) နှစ်၊ (၃) နှစ်အရွယ် ကလေးငယ်များ၏ ရုပ်အလောင်းများသည် ကျွန်တော်တို့ သယ်ယူပို့ဆောင်ပေးနေသော နိဗ္ဗာန်ယာဉ်ကြီးများတွင်ရှိသော အလူမီနီယမ်အခေါင်းထဲတွင် (စကောဝိုင်းထဲတွင် လူးလိမ့်နေသော ဇီးဖြူ သီးလေးများပမာ) လူးလိမ့်ရွေ့လျားနေရမှုကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် လူ့ လောကထဲသို့ ရောက်ရှိလာပြီး မကောင်းမှုအကုသိုလ် အလုပ်များကို လုံးဝမလုပ်ဆောင်ဘဲနှင့် အသက် ဆုံးရှုံးသွားခဲ့ရရှာသော အပြစ်မဲ့ကလေးငယ်များ၏ နာရေးကိစ္စကို အကောင်းမွန်ဆုံး အသင့်တော်ဆုံး ဖြစ်အောင် နာရေးပို့ဆောင် သင်္ဂြိုလ်ပေးမှု အစီအစဉ်အသစ်အား ကျွန်တော်တို့ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါတော့သည်။