သားကြီးမောင်ဇေယျ ခေတ်ပြိုင်အတွေ့အကြုံ

Thargyi Maung Zeya – ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး)

 သီပေါကပြန်ခဲ့တယ်နဲ့ အခန်းဆက်များ (၃)

သားကြီးမောင်ဇေယျ၊ မတ် ၁၅၊ ၂၀၁၂

ငါတို့ရဲ့ လွမ်းဆွတ်ကြေကွဲသံ (ဇော်သက်ထွေး)

သို့

ကိုရစ်

မနေ့ က နယ်စည်းမခြား အရက်သမားများအဖွဲ့ လို့ နာမည်ထင်ရှားတဲ့ အုပ်စုနဲ့တွေ့ပါတယ်။ ကိုဟန်းမြတ်ဇော် အိမ်မှာပါ။ ကိုဥက္ကာ ၊ ကိုမော်သန်း ၊ကိုတိုးလွင်၊ လင်းထိတ်သျှင်၊ တို့ကိုတွေ့တယ်။ ခါတိုင်းတွေ့နေကျ မြင့်သန်းကိုမတွေ့ရတော့ စိတ်မကောင်းဘူး၊ သူ့အကြောင်း တော်တော်များများပြောဖြစ်ကြတယ်။

 ကဗျာဆရာအမည်ခံ၊ ဒါရိုက်တာအမည်ခံ၊ အနုပညာသမားအမည်ခံ၊ နိုင်ငံရေးသမားအမည်ခံပြီး ငွေအပွကြံသူတွေ ရှေ့တန်းရောက်လာတဲ့ အကြောင်းပြောတာ နားထောင်လာခဲ့ရတယ်။ နောက်ပြီး ရှေ့ဆက်ပြီး အဲဒီလူတွေနဲ့ ဝေးဝေး ရှောင်ဖို့ လည်းကျနော့်ကိုသတိပေးကြတယ်။ ရင်ဖွင့်ကြတယ်။

အထူးသဖြင့် ကဗျာ၊ သီချင်း၊ ပန်းချီ (နာဂစ်) အုပ်စုကလေးရဲ့ နာမည်ကိုသုံးပြီး အလှူငွေကောက် ၊ ငွေအလွဲသုံးစား လုပ်တဲ့သူတစ်ယောက်ကို သူတို့တော်တော် စိတ်နာနေပုံရတယ်။ ရိုသား တက်ကြွ အနစ်နာခံတဲ့ အစုအစည်းကလေးကိုမှ သူတို့က လုပ်ရက်လေခြင်း လို့သူတို့ကရင်နာကြတာပါ။ အဲဒီအုပ်စုဟာ ရိုးသား ယုံလွယ်ပြီး ပွင့်လင်းကြတယ်။ သူတို့ဟာအနုပညာမြင်းရိုင်းတွေပါပဲ။ မဟုတ်မခံစိတ်ရှိကြတယ်။ အစွမ်းကုန် သည်းခံကြတယ်။ ဒေါသလည်းကြီးကြတယ်၊ ဖန်တီးမှုအားကောင်းတယ်။ ဒါပေမယ့် စည်းစနစ်ပိုင်းမှာ အားနည်းကြတယ်။ ပုဂ္ဂိုလ်ရေးယုံမှုနဲ့ ပဲ သူတို့ က လက်တွဲ ဆောင်ရွက်လေ့ရှိတယ်။ အဲဒါကို ကလိန်ကကျစ်တွေက အခွင့်ကောင်းယူသွားတာပါ။ ဒါဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောပါ။ ကျနော်တို့လူတွေ အလိမ်မခံရအောင် စနစ်ကျတဲ့ အဖွဲ့ ကလေးတွေ ဖွဲ့ဖို့ အချိန်ရောက်ပြီလေ။

ကဲ . . . ဒါတွေခဏထားလိုက်ပါဦး၊ ကျနော်တို့မနေ့ကရေးလက်စကလေး ဆက်လိုက်ကြရအောင်။

ကျနော် မနက်ပိုင်း ကိုမှိုင်းလွင်နဲ့တွေ့ပြီး ၁၀ နာရီလောက်မှာ ဟာမစ်တစ် က ကိုခင်မောင်ဝင်း တို့အိမ်ကိုသွားတယ်။ သူက ဗိုလ်စက်ရောင်ရဲ့ သားပါ။ သူ့အမေ (ဖွားစော) တစ်လပြည်ဆွမ်းကျွေး ပါ။ ကျနော်က တစ်နှစ်ပြည့်လို့ထင်တာ။ သူ့သားနဲ့သမီးကို ကျနော်က ကွန်ပျူတာ သင်ပေးဖူးတော့ မိသားစု တခုလုံးနဲ့ခင်နေတာပါ။

အဲဒီ ဆွမ်းကျွေးမှာ လူတော်တော်များများပြန်ဆုံတယ်။ ဒေါက်တာနေ၀င်းဇနီး ၊ ကိုမျိုးဝင်း ၊ မဒုံ၊ ဘိုးတော်ခင်ဝင်း၊ ဒေါက်တာမော်ဇင်၊ ဒေါက်တာဇော်မင်းစသည်ဖြင့် အတော်များများကိုပြန်ဆုံဖြစ်တယ်။ ကျနော်နဲ့ သီပေါမှာအတူနေခဲ့တဲ့ မဂ္ဂင်ကျောင်းက ဦးဇင်းဂျောင်းဂျောင်း၊ အင်းစိန်ထောင် အဆောင် (၃) မှာ အတူနေခဲ့တဲ့ ဦးဇင်း တိလောက စတဲ့ ဦးဇင်းတွေနဲ့ အတူ လားရှိုးထောင်ကလွတ်လာတဲ့ မဂ္ဂင် ဆရာတော် တို့ကိုလည်းတွေ့ရတယ်။

စိတ်ဝင်စားစရာကောင်းတာက မဖြိုးဖြိုး၊ ကိုကျော်ကိုကို အပါအ၀င် ဗကသ ကျောင်းသားတွေလည်း ရောက်လာကြတယ်။ သူတို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ယူဂျီလို့ ထင်ရှားတဲ့သူတွေနဲ့လည်း ခင်မင်ရင်းနှီးစွာဆက်ဆံရင်း သမိုင်းသင်ခန်းစာတွေကို အရယူပုံရတယ်။ အရင်ခေတ်က တော်လှန်ရေးအင်အားစု တွေကလည်း သူတို့ကို လေးလေးစားစား ရိုးရိုးသားသား ဆက်ဆံရင်း တိုင်းပြည်ရဲ့ အနာဂတ်ကို မျှော်လင့်တကြီး ရှိနေပုံရတယ်။ အရင်ခေတ်ကလို့ ၀ါဒရေးတိုက်ပွဲ၊ လူတန်းစားတိုက်ပွဲတွေကို ရှေ့တန်း မတင်ပဲ၊ လူ့အခွင့်အရေး၊ ညီညွတ်ရေးတွေကိုရှေ့တန်းတင်ထား ပုံရတယ်။ အရင်က တော်လှန်ရေးအင်အားစုတွေဟာ မြားတန်းလန်းနဲ့ လေဆန်ပျံတဲ့ ငှက်တွေဖြစ်ရင် ဒီခေတ်တော်လှန်ရေးအင်အားစု လူငယ်တွေဟာ အဆိပ်လူးမြားတွေပေါ်က လေကိုဆန်တဲ့ အမြင့်ပျံ ငှက်တွေ ဖြစ်နေတယ်လို့ ကျနော်မြင်ပါတယ်။ နည်းပညာတွေကလည်း တဟုန်ထိုး တိုးတက်နေတော့ ဒီခေတ်လူငယ်တွေရဲ့တော်လှန်တဲ့ ဖန်တီးတတ်တဲ့၊ စွမ်းရည်တွေကလည်းမြင့်သည်ထက်မြင့်တက်နေပြီလေ။

အဲဒီအိမ်ကနေ ၁၁း၃၀ နာရီ လောက်မှာ သား စညိသူဇေယျ နဲ့အတူ ဗဟန်း NLD ရုံးကိုသွားပါတယ်။ ဆရာစံရပ်ကွက် ဦးချစ်မောင်လမ်းပေါ်က နှစ်ကျိတ်ရှစ်ဆူ ဓမ္မာရုံ နားမှာပါ။ အဲဒီမှာ ကျင်းပတဲ့ နိုင်/ကျဉ်းဂုဏ်ပြုပွဲ က ကျနော် တို့ကိုဖိတ်ကြားထားလို့ပါ။ ဗဟန်း NLD ရုံး ဟာ အရင်ကနဲ့မတူပဲ တသွေးတမွေးဖြစ်နေပါတယ်။ တတိယထပ် တိုက်ခန်းမှာ NLD ဆိုင်းဘုတ် လတ်လတ်ဆတ်ဆတ် ကြီးနဲ့ပါ။ အခန်းကလည်းအသစ်ပါ။ ဆေးသုတ်ပြီးကာစ ပြောင်ပြောင်ရောင်ရောင်ဖြစ်နေပါတယ်။ မှန်တံခါးတွေတပ်၊ လေအေးစက်ဖွင့် ။ လူသစ် စိတ်သစ် အခန်းသစ် မှာ စိတ်ကူးသစ် အတွေးသစ် တွေဟာ အခြေအနေသစ်နဲ့ လိုက်လျှောညီထွေပါပဲ။ ကျနော်တို့ ငှားလာတဲ့ ကားဟာ ပါတီဆိုင်းဘုတ်ရှေ့မှာ ရပ်လိုက် ကတည်းက  ဗိုလ်ချုပ်အောင်ဆန်းသီချင်း တွေ လေထဲမှာ ပျံလွင့်နေတာကိုသတိပြုမိပါတယ်။ ဒီသီချင်းတွေ ဖွင့်နိုင်တာကိုက အရေးတော်ပုံအောင်ပွဲ အခြေအနေကို ဖေါ်ပြနေတာပါ။

ကျနော်တို့ကို ပါတီမှာတာဝန်ရှိတဲ့ ဖျာပုံနီလုံဦးက ဆီးကြိုနေရာချပေးပါတယ်။ မကြာမီက ကျနော်တို့နဲ့ တရက်တည်းလွတ်လာတဲ့ ကိုဋ္ဌေးကြွယ်၊ ကိုဇော်သက်ထွေး၊ ကိုစိုးမိုး၊ ကိုမျိုးမင်းဇော်၊ ကိုမျိုးမင်းထိုက်၊ မစန္ဒာမင်း၊ တို့ရောက်လာကြပါတယ်။ သူတို့ရောက်လာပြီး မကြာခင်မှာပဲ ဆရာဦးဝင်းတင်၊ ဦးနိုင်းနိုင်း တို့ရောက်လာပါတယ်။

ဦးနိုင်းနိုင်းက NLD တိုးတက်မှုအခြေအနေများကိုပြောကြားခဲ့ပါတယ်။ ဆရာဦးဝင်းတင်က NLD ရွေးကောက်ပွဲ ၀င်တာဟာ ပြည်သူ့ လှုပ်ရှားမှုတွေကို လွှတ်တော်ထဲအထိ တိုးချဲ့ လိုက်တာလို့ ဆိုတဲ့ သဘောမျိုးပြောတယ်လို့ ကျနော်နားလည်လိုက်ပါတယ်။ ကိုဋ္ဌေးကြွယ်ကလည်း ထောင်ထဲမှာ ကျန်ရစ်တဲ့ နိုင်ကျဉ်းတွေအတွက် ဆက်လှုပ်ရှားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ ကူညီသွားမယ့် အကြောင်းပြောပါတယ်။ ကိုဇော်သက်ထွေး ကလည်း ထောင်ထဲမှာ နေခဲ့ရပုံတွေအကြောင်းပြောပါတယ်။ နောက်ပြီးကဗျာတပုဒ်ရွတ်ပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ စကားပြောကောင်းတာကို တအံ့တသြတွေ့ရတယ်။ ၀မ်းလည်းဝမ်းသာမိတယ်။ နောက်တက်လာမယ် လူငယ်ခေါင်းဆောင် တွေရဲ့ အစွမ်းထက်မှုကို တွေ့ရတော့ ကျနော်တော်တော် အားရကျေနပ်မိတယ်။ သူတို့ကိုတိုက်ပွဲတွေက မွေးဖွားပေးလိုက်တာပါ။

 

ကိုဇော်သက်ထွေးရဲ့ ကဗျာကလည်းကောင်းတယ်ဗျာ။ ဖတ်ကြည့်ပါဦး။

            ခေါင်းစဉ်က

ငါတို့ရဲ့ လွမ်းဆွတ် ကြေကွဲသံ

ဒီနေရာမှာ တော့

ညကိုးနာရီမှာ အိပ်ချင်ချင် မအိပ်ချင်ချင်

အိပ်ရတယ်။

မနက် ၅ နာရီမှာတော့

သေတဲ့သူက လွဲလို့

အားလုံး ငုတ်တုတ်ထ ထိုင်ရတယ်။

ငါတို့ပေါ်ကို ဒိန်ခဲလို

လမင်းရဲ့အလင်းရောင် မမြင်ဖူးဘူး။

နွေးထွေးတဲ့နေရောင်ခြည် မကျရောက်ဘူး။

နှစ်ဆယ့်သုံးနှစ်ကြာ ရှင်သန်ခဲ့တဲ့

အလံတော်ရဲ့ အောင်ပွဲခံ အခမ်းအနားကို

ငါတို့ တက်ရောက်ခွင့် မရဘူး။

တရားမျှတမှုတွေ ငါတို့ထံ မဖြတ်သန်းခဲ့ဘူး

ဘယ်လိုပဲ ဖြစ်ဖြစ်

မင်းသာ အောင်မြင်မယ်ဆိုရင်

မင်းသာ မြင့်မားမယ်ဆိုရင်

ငါတို့ရဲ့ အသွေး အသား အသည်းနှလုံးကို

ဆက်လက်နှင်းအပ်မယ်။

ဘယ်လို အခြေအနေဖြစ်ပါစေ

နိုင်ငံ . . .

မင်းကို ငါတို့ သိပ်ချစ်တယ်။

(ဇော်သက်ထွေး)

အခန်းအနားမှာ လက်ရှိ ခေါင်းဆောင်တွေဖြစ်တဲ့ ဆရာဦးဝင်းတင်၊ ဦးနိုင်းနိုင်း တို့ ကို တွေ့ရလို့ ၀မ်းသာရသလို၊ နောင်ခေါင်းဆောင်သစ်တွေဖြစ်လာမယ့် ကိုဋ္ဌေးကြွယ်၊ ကိုဇော်သက်ထွေးတို့ ကိုတွေ့ရတော့ ကျေနပ်မိတယ်။ ဒါပေမယ် ဒီပွဲဟာ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ အကုန်မလွတ်ပဲနဲ့ ဘယ်မှာ ဘယ်လို အောင်မြင်ပြီးမြောက်တဲ့ အခမ်းအနားဖြစ်မှာလဲဗျာ။

အထူးသဖြင့် ကျနော်တို့ ဦးသန့်အရေးအခင်းတုန်းက သေဒဏ်အပေးခံခဲ့ရတဲ့ ကိုတင်မောင်ဦးလို ၊ လက်ရှိထောင်ထဲမှာ ကျန်နေသေးတဲ့ သူငယ်ချင်း မြင့်အေးလို ၊ တောထဲ တောင်ထဲ ထောင်ထဲ မှာ လူမသိ သူမသိ ပျောက်ခြင်းမလှ ပျောက်သွားတဲ့  သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေ၊ ရေးဘော်ရေးဘက်တွေ သူတို့ရဲ့မျက်နှာတွေဟာ ကျနော့် ရှေ့မှာ တရေးရေးပေါ်နေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းသီချင်းတွေကလည်း လေထဲမှာ ဝေ့လို့ ၀ဲလို။

ဓါတ်ပုံတွေကလည်း တဖြတ်ဖြတ်ရိုက်လို့၊ ၀င်းကနဲ လက်ကနဲ။ ထောင်ထဲ မှာ ခေါင်းကို အရိုက်ခံ ခဲ့ ရစဉ်က ၀င်းကနဲ လက်ကနဲ ခံစားခဲ့ရတာတွေကို ပြန်သတိရလာတယ်။ လင်းကနဲ လက်ကနဲ အလင်းရောင်များက ဓါတ်ပုံမီးက အရောင်လား၊ ခေါင်းအရိုက်ခံ လိုက်ရလို့ မြင်လိုက်ရတဲ့ အလင်းလား၊ ကျနော်ေ၀၀ါးနေတယ်။

ဒါ အောင်ပွဲလား။ စစ် ကောစစ်ရဲ့လား။

ကျနော့်ညီက ဦးထင်ကျော်နဲ့ ချိန်းထားတယ် သွားမယ်လေ လို့သတိပေးမှ ကျနော်သတိပြန်ရတယ်။ ကျနော်တို့ ထောင်ထဲတွင်ရှိစဉ်ထောက်ပံ့ထားသော သူ၊ ဆရာမင်းသုဝဏ်၏သား ဦးထင်ကျော် နှင့် ချိန်းထားတာကို သတိရတယ်။

ကျနော့်ညီ ကိုဒေ၀ ရယ်၊ သားစည်သူဇေယျ ရယ်၊ ကျနော်ရယ် ၊ သုံးယောက် ကားတစီးငှားကာ ဦးထင်ကျော်တို့ အိမ်သို့ ထွက်လာခဲ့ကြတယ်။ ဒေါ် အောင်ဆန်းစုကြည်၏ အရေးကြီးတာဝန်များကို ထမ်းဆောင်နေရသဖြင့် သူ အားမှ အားပါ့ မလား။  ကား ဘီးတွေ ကတော့ အရှိန်နှင့် လိမ့်နေလေပြီ။

(ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂၊ စာပြီးတဲ့ ရက်စွဲ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts