>alleged taliban ties

>

မြန်မာပြည်မှာ တာလီဘန် အချိတ်အဆက် ရှိနေပြီလား
မိုးမခအထောက်တော် အမှတ် ၀၀၁
စက်တင်ဘာ ၈၊ ၂၀၁၁

မြန်မာထောက်လှမ်းရေးအစီရင်ခံစာ ဟူသော ၀ီကီလိခ် ပေါက်ကြားစာတစောင်တွင် ARNO သူပုန် ၅ ဦးက ဘင်လာဒင်နှင့် တွေ့ဆုံခဲ့သည်ဟု ဖော်ပြထား၏


မောင်တောမြို့နယ်တွင် တာလီဘန် တို့နှင့် ဆက်နွယ်သည်ဟု ယူဆရသူ ၁၂ ဦး အင်္ဂါနေ့က ထောင်ဒဏ်များ ချမှတ်ခံလိုက်ရသဖြင့် မြန်မာနိုင်ငံတွင် တာလီဘန်အဆက်အသွက်များ ရှိနေသလော ဟူသည့် မေးခွန်း ပေါ်ပေါက်လာသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ မောင်တော်မှ ထို ၁၂ ဦး ထောင်ကျသွားသည်ဟု ဆိုသော်လည်း မည်သည့်အဖွဲ့နှင့် ဆက်သွယ်မှုဖြင့် ထောင်ကျသွားသည်ကို မသိရသေးပေ။

အာဖဂန်နစ္စတန်မှ အစွန်းရောက် အစ္စလမ် လက်နက်ကိုင်တပ်ဖွဲ့ တာလီဘန်တို့နှင့် မြန်မာပြည်မှ သူပုန်အဖွဲ့တခု အဆက်အစပ်ရှိကြောင်း မကြာသေးမီက ၀ီကီလိခ်တွင် ထွက်ပေါ်လာသော စာတစောင်တွင် တွေ့ရသည်။

၂၀၀၂ အောက်တိုဘာ ၁၀ နေ့စွဲဖြင့် ရန်ကုန်မြို့ အမေရိကန် သံရုံးက အမေရိကန် နိုင်ငံခြားရေးဌာနသို့ ပေးပို့သော ကြေးနန်းစာ ဖြစ်သည်။

ထိုကြေးနန်းစာမှာ အောက်တိုဘာ ၇ ရက်နေ့တွင် မြန်မာစစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ကျော်သိန်းက သံရုံးကို ပေးသည့် Arakan Rohingya National Organization (ARNO) အမည်ရှိ သူပုန်အဖွဲ့အကြောင်း အစီရင်ခံစာကို ဘာသာပြန်ထားခြင်း ဖြစ်သည်။

ARNO သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အခြေစိုက်သည့် အဖွဲ့ဖြစ်သည်။ တာလီဘန်တို့နှင့် တွေ့ဆုံမှု ရှိခဲ့ရုံသာမက မြန်မာသူပုန်အဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့သည်ဟု ဆိုသည်။

၂၀၀၀ ပြည့်နှစ်တွင် ခေါင်းဆောင် ၅ ဦးက အိုစမာဘင်လာဒင်နှင့် တွေ့ဆုံခဲ့သည်ဟု ဗိုလ်မှူးချုပ်ကျော်သိန်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ဆိုသည်။

ARNO ၁၃ဦး သည် လစ်ဗျား၊ အာဖဂန်နစ္စတန်တို့တွင် ပြုလုပ်သည့် ပြောက်ကျားစစ်ဆင်ရေး၊ ဖောက်ခွဲရေး၊ လက်နက်ကြီးသင်တန်းများကို ၂၀၀၁ သြဂုတ်လက တက်ရောက်ခဲ့သည်ဟု ဆိုသည်။

လက်နက်ကိုင်အင်အား ၂၀၀ ခန့် ရှိသည့် အဖွဲ့က ဘင်္ဂလားဒေ့ရှ်တွင် ဖိအားပေးခံရသဖြင့် ထိုင်းမြန်မာနယ်စပ်တွင် ပြောင်းရွှေ့အခြေစိုက်ရန် ကြိုးစားပုံကို ဖော်ပြထားသည်။

ARNO အဖွဲ့ ဒုတိယဥက္ကဋ္ဌက မြန်မာတိုင်းရင်းသား သူပုန်အုပ်စုများ စုပေါင်း ဖွဲ့ထားသည့် DAB ခေါ် လက်နက်ကိုင် တပ်ပေါင်းစု ၀င်လိုကြောင်း ထိုင်းမြန်မာနယ်စပ်သို့ သွားရောက်ပြီး ချည်းကပ် ဆွေးနွေးသော်လည်း မအောင်မြင်ခဲ့ကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

ထိုင်းမြန်မာနယ်စပ် လက်နက်ကိုင်အဖွဲ့လောက၊ နိုင်ငံရေးလောကမှ ခေါင်းဆောင်အများအပြား၏ အမည်ကို အစီရင်ခံစာတွင် ရေးထားပြီး ထိုခေါင်းဆောင်များနှင့် ARNO ကိုယ်စားလှယ်က တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

မြန်မာစစ်ထောက်လှမ်းရေးက ပေးသော ဤအစီရင်ခံစာပါ အချက်အလက်များ မှန်ကန်ပါက ARNO သည် အခြေစိုက်စခန်းသစ်များ ရှာဖွေနေခြင်းဖြစ်မည်ဟု ရန်ကုန်သံရုံးက မှတ်ချက်ပေးထားသည်။

မြန်မာအစိုးရက လက်နက်ကိုင်အဖွဲ့အားလုံးကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားကြောင်း၊ ဤအစီရင်ခံစာ ပေးအပ်ခြင်းမှာလည်း ARNO နှင့် ထိုင်းနယ်စပ်မှ မြန်မာသူပုန်အဖွဲ့တို့ အဆက်အသွယ်ရှိပုံကို အမေရိကန်အစိုးရ သိစေလို၍ ဖြစ်နိုင်ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးရာနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုသည်ကို ပြဟန် တူကြောင်း ရန်ကုန်သံရုံးက မှတ်ချက်ပြုထားသည်။

နောက်ဆက်တွဲ ဖြည့်စွက်ချက်


ARNO အဖွဲ့ ခေါင်းဆောင်ပိုင်းသည် အရှေ့အလယ်ပိုင်း ဒေသသို့ ရွှေ့သွားပြီ ဖြစ်သောကြောင့် အဖွဲ့လှုပ်ရှားမှု မရှိတော့ကြောင်း ၂၀၀၅ စက်တင်ဘာ ၂၉ ရက်နေ့ ရက်စွဲတပ် ရန်ကုန်သံရုံး ပေးစာတစောင်တွင် ဖော်ပြထားသည်။
ထိုအချက်အလက်များကို ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်သို့ သွားရောက်ခဲ့သော ရန်ကုန်သံရုံးမှ နိုင်ငံရေးအရာရှိက ဒေသခံ သတင်းသမားများထံမှ သိခဲ့ရသည်ဟု ဆိုသည်။ ARNO နှင့် ထိုဒေသ သူပုန်အဖွဲ့ လက်နက်များသည် မြေမြှုပ်ပြီး ၀ှက်ထားကြောင်း၊ အကြောင်းသိတချို့က ရာဇ၀တ်ဂိုဏ်းများသို့ ရောင်းချမှုများရှိကြောင်းလည်း ဖော်ပြထားသည်။

၂၀၀၅ သြဂုတ် ၁၆ နေ့စွဲတပ် ရန်ကုန်သံရုံး ကြေးနန်းတစောင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ ရရှိသည့် သတင်းအချက်အလက်တချို့ကို တွေ့ရသည်။ ရဲတပ်ဖွဲ့က ပေးသော သတင်းတွင် မြန်မာပြည်မှ နှင်ထုတ်လိုက်သည့် သံသယဖြစ်ဖွယ် ပါကစ္စတန် ခရီးသည် ၄ ဦး၏ အချက်အလက်များ ပါဝင်သည်။

အိန္ဒိယပတ်စ်ပို့ ကိုင်ဆောင်သော ထို ၄ ဦးသည် စီးပွားရေးလုပ်ငန်းဆိုင်ရာပြည်ဝင်ခွင့်ဖြင့် ရောက်ရှိလာသော်လည်း ရှမ်းပြည်နယ် နှင့် ရန်ကုန်တဖက်ကမ်း ဒလမြို့ရှိ ဗလီများသို့ သွားရောက်ပြီး သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ရဲတပ်ဖွဲ့က သတင်းပေးလာခြင်းသည် အလွန် ရှားပါးသည့် ကိစ္စဖြစ်ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်လိုဟန် ရှိကြောင်း၊ ထိုကိစ္စမျိုးအတွက် ဆက်လက်တွေ့ဆုံလိုသည်ဟု တုံ့ပြန်ခဲ့ကြောင်း စာတွင် ရေးထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts