>Aung Tha Nge – Blue Cheese Poem

>

အပြာရောင်ဒိန်ခဲ
အောင်သာငယ်
မိုးမခ၊ ဇွန် ၁၁၊ ၂၀၁၁
ဒိန်ခဲ တတုံး ၀ယ်ခဲ့ပါတယ်… အပြာရောင်… အိမ်ပြန်တော့ မှောင်နေပြီ… သေသွားတဲ့ ကြောင်ကြီးတကောင်ကိုလည်း သတိရနေမိပေါ့… ကဗျာတွေကိုတော့ မရေးဖြစ်တာကြာပြီ… အရှေ့ဆီမှာ ရောင်နီလေး သမ်းလို့လာပြီ မိုးလင်းတော့မယ် ထတော့ ညီမလေးရယ်-ဆိုတဲ့ ထီးဆိုင်သီချင်းကလည်း ညကြီးမှောင်မဲထဲ မျှော်လင့်ချက်ပေပဲလား… ကားရှေ့ မီးရောင်မှာတော့ နက်ပြောင်နေတဲ့ ကတ္တရာလမ်းမ… လူတကာကို ပြောင်ပြ နေသလိုလို… အမေရိကရဲ့ ညများက အရောင်စုံတယ်ဆို… ကိုကာကိုလာ တခွက်သောက်ရင်း မူးသွားတဲ့ညက ရမ်းကားနေပုံ… ဂျက်ကို လည်ပင်း မဖက်ရသေးတဲ့ ရင်တွေ ခုန်သွားကြ… အမူးသမားည… တွေ့သွားရင်… ဆက်မတွေးချင်တော့ဘူး… မမူးရသေးလို့ပါပဲ… ၀ယ်ခဲ့တဲ့ ဒိန်ခဲကို တဖဲ့ဖဲ့တယ်… အပြာရောင်တွေ လက်ဖ၀ါးအပေါ် ကျိုးပဲ့ကြေကျသွား… အပြာရောင် ဒိန်ခဲထဲမှာ… အချိန်ကာလတွေကို အေးခဲထားတဲ့ သိပ္ပံခေတ်လွန် ၀တ္ထုတိုတွေထဲက စကားလုံးတွေ ပါသလား… ဘုရားသခင် ကယ်မပါ… ဒိန်ခဲအပြာက အော်တယ်… ကျနော် ဘာလုပ်မိလို့လဲ-တဲ့… ဟဲ့… နင်က- ဒိန်ခဲ… ပြီးတော့- အပြာ … ပြီးတော့ နင့်မှာ Gender ရှိတာ မဟုတ်ဘူး-တဲ့… တစုံတယောက်က ပြာပြာသလဲ ၀င်ပြောနေပေါ့…ဒုက္ခပါပဲဗျာ…ဒိန်ခဲတွေမှာလည်း အပြာဆိုတာ ရှိမပေါ့… ခင်ဗျားတို့ကတော့ ဒိန်ခဲတွေကို ဘာအရောင် ဖြစ်စေချင်နေလို့လဲ… ဒိန်ခဲဆိုတာ ဒိန်ခဲပဲ… မိန်းမလည်း မဟုတ်ဘူး… ယောက်ျားလည်း မဟုတ်ဘူး… ဒိန်ခဲ အပြာက ကက်ကက်လန်အောင် ရန်ထောင်နေပေါ့… ဒိန်ခဲ အပြာတွေကို ၀ယ်မိတာ မှားပြီ ထင်တယ်…

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts