>where is Khin Nyunt?

>

ဗိုလ်ခင်ညွန့် ဘယ်ပျောက်နေသလဲ
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၂၆၊ ၂၀၁၀


အကျယ်ချုပ် ချခံနေရသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ပြောင်းရွှေ့ချုပ်နှောင်သည့်မြင်ကွင်းဟု ယူဆရသည့် ဗီဒီယိုဖိုင်တခု မကြာသေးမီက အင်တာနက်စာမျက်နှာသို့ ရောက်လာသည်။

FaceBook အင်တာနက် လူမှုကွန်ရက်တွင် အကောင့် ရှိသူများ http://www.facebook.com/video/?id=100001219370983#!/video/video.php?v=144212602296051 တွင် သွားရောက် ကြည့်ရှုနိုင်သည်။

မိုး အနည်းငယ်ရွာနေသည့် ညဘက်တွင် ရန်ကုန်မြို့ရှိ ဦးခင်ညွန့်၏ အိမ်ရှေ့သို့ လုံခြုံရေး အရာရှိတချို့  စုဝေးနေပုံကို ဗီဒီယို အစပိုင်းတွင် တွေ့ရသည်။ ခြံတခါးဝ၊ အိမ်ရှေ့တံခါးဝတို့တွင် ၂ မိနစ်ကြာမျှ စောင့်ဆိုင်းပြီးနောက် ဦးခင်ညွန့်၊ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းရွှေတို့ တံခါးဖွင့်ပေးသည်ကို တွေ့ရသည်။

ဆံပင်ဆေးဆိုးမထားသည့် ဦးခင်ညွန့်သည် ပုဆိုး၊ ဂျာကင်အဖြူတို့ကို ၀တ်ဆင်ထားသည်။
အရာရှိများထဲမှ ရဲချုပ်ခင်ရီဟု ယူဆရသူက ဦးခင်ညွန့်ကို အလေးပြုပြီး အိမ်ထဲသို့ ၀င်သွားကြသည်။ ဦးခင်ညွန့်က ပြန်လည် အလေးပြုခြင်း မရှိပေ။

ထို့နောက် အရာရှိများနှင့် ဦးခင်ညွန့်တို့ ၀ိုင်းဖွဲ့စကားပြောပုံကို တွေ့ရသည်။ ဦးခင်ညွန့်က စကား အများဆုံး ပြောဆိုကြောင်း တွေ့ရသည်။ သို့သော်လည်း ဗီဒီယိုဖိုင်တွင် အသံ ပါဝင်ခြင်း မရှိသဖြင့် မည်သည့်အကြောင်းအရာများကို ပြောနေကြောင်း မသိရပေ။

ဦးခင်ညွန့်သည် ယခင်က ကဲ့သို့ ကိုယ်လက်အမူအယာဖြင့် သွက်လက်စွာ စကားပြောနေသည်ကို မြင်ရသည်။
မကြာမီ ဇနီးမောင်နှံ ၂ ဦး အိတ်ငယ် ကိုယ်စီဖြင့် အပေါ်ထပ်မှ ဆင်းလာသည့်ပုံကို တွေ့ရသည်။

အမျိုးသမီး လေးဦးခန့်ကိုလည်း တွေ့ရသည်။ တချို့က ကလေးများကို ပွေ့ထားကြသည်။ ဦးခင်ညွန့်က ကလေးများကို နမ်းရှုံ့ပြီးနောက် အိမ်မှ ထွက်ကြသည်။
အဆောက်အအုံတခုသို့ အရောက်တွင် ၎င်းတို့ လင်မယားကို ကြိုဆိုသူများ ရှိနေသည်။ အမျိုးသမီး ၂ ဦးက လက်သုတ်ပုဝါများ ပေးကြသည်။

ဧည့်ခန်းအတွင်း စကားဝိုင်း ဖွဲ့ပုံကို ပြရာ ဦးခင်ညွန့်က စကားအများဆုံး ပြောသည်ကို တွေ့ရသည်။

ထိုမြင်ကွင်းများကို မကြာခဏ ဓာတ်ပုံရိုက် မှတ်တမ်းတင်နေသည်။

ဦးခင်ညွန့်သည် ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ရာထူးမှ ဖယ်ရှားခံရပြီး မကြာမီ ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရပြီး မိသားစုလိုက် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။

ဤမှတ်တမ်းဗီဒီယိုကို မည်သည့်အချိန်က ရိုက်ကူးထားမှန်း မသိရပေ။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိုအိမ်ဝန်းကျင်တွင် မတွေ့ရသည်မှာ တလကျော်ခန့် ရှိပြီဟု ၎င်း၏ အိမ်အနီး နေထိုင်သူ မိုးမခ ပရိသတ် တဦးက ပြောသည်။