>Burmese Regime tightened security after bomb scare

>

စစ်အစိုးရက လုံခြုံရေး တင်းကြပ်လိုသဖြင့် ဗုံးလှန့်
ခင်နှင်းလွင်၊ ရန်ကုန်
နိုဝင်ဘာ ၂၆၊ ၂၀၁၀
          ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ဆိုင် တစ်ချို့တွင် အရပ်ဝတ်ရဲ တပ်ဖွဲ့ဝင်တို့က  မြို့တော်ခန်းမအနီးရှိ စီးတီးစတား ဟိုတယ်အောက်ထပ်မှ အင်တာနက်ဆိုင်တွင် ဗုံးထောင်ခဲ့သည်ဟု ယူဆရသူ ဖောက်ခွဲရေးသမားနှစ်ယောက် ဓါတ်ပုံများကိုလိုက်ပြသပြီး အင်တာနက်ဆိုင်များတွင် မသင်္ကာဘွယ်ရာတွေ့ပါက သူတို့ထံ ဆက်သွယ် သတင်းပို့ဖို့ ပြောဆိုလျက်ရှိသည်ဟု အင်တာနက် သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရှိရသည်။
          `စီးတီးစတား အင်တာနက်ဆိုင်မှာ ဗုံးထောင်ခဲ့တဲ့ ဖောက်ခွဲရေး သမားဓါတ်ပုံတွေ ဆိုတဲ့ပုံတွေ ကိုကိုင်ပြီးတော့ အင်တာနက်ဆိုင်ထဲ အက်စီဘီလို့ ယူဆရတဲ့သူ တစ်ယောက်ဝင်လာတယ်။ ဒီလူတွေကို မြင်ရင် လက်မခံဖို့ သတင်းပေးဖို့၊ဘာညာပေါ့။ ပုံတွေကလည်း မှုန်ဝါးဝါးနဲ့ မပြတ်သားဘူး။ သူတို့ကဘာရည်ရွယ်ချက် ရှိလည်းမသိနိုင်ဘူးလေ။ ဒါကိုအကြောင်းပြပြီးတော့ အင်တာနက် ဆိုင်တွေကို ဗုံးခွဲမလား၊ လုံခြုံရေး တင်းကြပ်ချင်တာလားမသိဘူး´ ဟု အင်တာနက်သုံးစွဲသူ တစ်ဦးကပြောပြသည်။
          နိုဝင်ဘာ ဒုတိယပတ်အတွင်းက အစိုးရထုတ် သတင်းစာများအရ စီးတီးစတား ဟိုတယ်အောက်ရှိ အင်တာနက်ဆိုင်တွင် လူနှစ်ဦးက ဗုံးထောင်ခဲ့သော်လည်း အချိန်မီတွေ့ရှိခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးမှုကို ကာကွယ်နိုင်ခဲ့ကြောင်းနှင့် ဗုံးထောင်သူဟု ယူဆရသူနှစ်ဦးရဲ့ ဓါတ်ပုံတွေကိုလည်း သတင်းထုတ်ပြန်ခဲ့သည်။
          သို့ရာတွင် အဆိုပါ ဓါတ်ပုံပါသူ နှစ်ဦးသည် ဗုံးထောင်သူများ မဟုတ်ပဲ ကုလသမဂ္ဂအဖွဲ့အစည်းမှ ဌါနေ၀န်ထမ်း နှစ်ဦးဖြစ်နေသည်ပြီး သူတို့၏ တာဝန်ထမ်းဆောင်ရာ အဖွဲ့မှ သက်ဆိုင်ရာသို့ ကန့်ကွက်စာပေးပို့ထားသည်ဟုလည်း သတင်းထွက်ပေါ်လျက်ရှိသည်။
          အစိုးရအနေဖြင့် လုံခြုံရေး ပိုမိုတင်းကြပ်လိုသဖြင့် ယခုလို ဇတ်လမ်းမျိုး ဖန်တီးခြင်း ဖြစ်နိုင်သည်ဟုသာ ရန်ကုန်မြို့ခံများက ကောက်ချက်ချကြသည်။ ဗုံးတွေ့ရှိသည့် သတင်းများ၊ ဗုံးကွဲသည့် သတင်းများအများစုကို အစိုးရ၏ နိုင်ငံရေး လှည့်ကွက်များအဖြစ်သာ ပြည်သူလူထုက ကောက်ချက်ချရှုမြင်ကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်ဗုံးတွေ့ရှိခြင်း၊ ဗုံးကွဲခြင်းတို့ကိုမှ ဖမ်းမိပြီးနောက် ရှင်းရှင်းလင်းလင်း ပြောဆိုထုတ်ပြန်ခြင်း မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts