စက်တင်ဘာ ၂၀၊ ၂၀၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ အဖွဲ့ချုပ်ပါတီဝင်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျောင်းသူ ကျောင်းသားများနဲ့ သခင်အုန်းမြင့်ကို လေးစားချစ်ခင်ကြသူများနဲ့ ဈာပနဟာ စည်းကားလှပါတယ်။
ဈာပနမှာ နိုင်ငံရေးအင်အားစုအသီးသီးနဲ့ ဆွေမျိုးမိတ်သင်္ဂါဟများက ပေးပို့ကြတဲ့ လွမ်းသူ့ပန်းခြင်း အမြောက်အများကို တွေ့ရပါတယ်။ အခမ်းအနားမှာ သခင်အုန်းမြင့်ကို ဂါဝရပြုတဲ့အစီအစဉ် ၄ ရပ် ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် ရန်ကုန်တိုင်း အန်အယ်လ်ဒီ လူမှုအထောက်အကူအဖွဲ့မှ ဦးလှသိန်းက ဆောင်ရွက်ခဲ့ပြီး သခင်အုန်းမြင့်ကို မိသားစုဝင်များက ဂါဝရပြုခြင်း၊ မိတ်ဆွေတပည့်သားမြေးများက ဂါဝရပြုခြင်း၊ ဝါရင့်နိုင်ငံရေးသမားကြီးများရဲ့ ဂါဝရပြု သဝဏ်လွှာကို ဦးခင်မောင်ကြည်မှ ဖတ်ကြားခြင်း၊ သခင်အုန်းမြင့် ရုပ်ခန္ဓာအား တို့ဗမာအစည်းအရုံးဝင် သခင်ကြီးများက တို့ဗမာအစည်းအရုံးအလံနှင့် တော်လှန်ရေး အလံလွှမ်းပေးခြင်းများပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ အန်အယ်လ်ဒီ ပါတီဝင်များက သခင်အုန်းမြင့် ခေါင်းတလားအား ပုခုံးဖြင့် ထမ်းပိုးကြကာ မီးသင်္ဂြိုဟ်စက်သို့ သယ်ဆောင်ခဲ့ကြပါတယ်။
ဈာပနမှာ သခင်အုန်းမြင့် ကိုယ်ရေးအကျဉ်းပါရှိတဲ့ လက်ကမ်းစာစောင်ကို မိသားစုဝင်များက ဝေငှခဲ့ကြပါတယ်။ သခင်အုန်းမြင့်ရဲ့ ပုံတူပန်းချီကား ၂ ချပ်ကို တွေ့ရပြီး တချပ်မှာ ပန်းချီယဉ်မင်းပိုက်ရဲ့လက်ရာဖြစ်ပြီး ၄ ပေ ၃ ပေ အရွယ် ပန်းချီကားမှာ ပန်းချီမောင်ညိုဝင်းရဲ့ လက်ရာဖြစ်ကြောင်း သိရပါတယ်။
ကွယ်လွန်သူ သခင်အုန်းမြင့်အား ရည်စူးပြီး ကျန်ရစ်သူမိသားစုဝင်များက ၂၃-၉-၂၀၁၀ (ကြာသပတေးနေ့) နံနက် ၇ နာရီမှ ၁၁ နာရီအထိ ရက်လည်ဆွမ်းကျွေးတရားတော် နာယူမည်ဖြစ်၍ ရန်ကုန်မြို့ အမှတ် (၃/ခ)၊ သုခဝတီလမ်း၊ ရန်ကင်းမြို့နယ်နေအိမ်သို့ ကြွရောက်ကြပါရန် ဖိတ်ကြားထားကြောင်း သတင်းရရှိပါတယ်။




































