>Dr Maung Ba Chit – Passing Lane

>

လမ်းဖယ်ပေးပါတယ်
ဒေါက်တာမောင်ဘချစ်
ဇူလိုင် ၂၈၊ ၂၀၁၀
 ()
၂ဝ၁ဝ ခုနှစ်အတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ် ဟဲ ဟဲ
(လိမ်တယ်ညာတယ် လူညာကြီးရယ်၊  ယုံအောင်ဖြီးတတ်တယ်)
()
ရွေးကောက်ပွဲပြုလုပ်ဖို့ မြန်မာပြည်က စစ်အစိုးရ ကြေညာခဲ့သည်။
ငါတို့၏ ဂိမ်းသီအိုရီအရ ကစားပွဲ။ (စားရမယ့် ပွဲ)
ငါတို့၏ ဥပဒေ။
တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲ။ (Free and Fair Election)
တို့ဥပဒေအရဆိုတော့  ဟဲ … ဟဲ …
(တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ … တို့ပြည်၊ တို့မြေပြည်ထောင်စု အမွေ ရောင်းစားကြမလေအိတ်ထောင်ထဲ ထည့်မလေ …)
ကမ္ဘာမကြေပေမဲ့ မြန်မာတော့ ဖွတ်ဖွတ်ကျေ သွားလေတော့သည်။
()
တို့ဥပဒေအရ ကြံဖွံ့ဟာ ရွေးကောက်ပွဲ ဝင်ခွင့်ရှိတယ်
အရင်က ကြံဖွံ့ဟာ ရွေးကောက်ပွဲမဝင်ဘူး ဆို
ဒါကတော့ဟဲဟဲ
ဘာ ‘ဟဲ ဟဲ’ လဲ
အဒူ ပြောလို့လဲ
ပြည်သူတွေရဲ့ ပစ္စည်းတွေသုံးထားတယ် မဟုတ်လား
အနော်တို့ ပိုင်တဲ့ ပစ္စည်းတွေပါ
“ ပိုက်ဆံတွေ ကရော …”
“အနော်တို့ ပိုက်ဆံတွေ …”
ကြံဖွံ့သည် လမ်းခင်း၏။ (သူကြီးဘုရား ရွာသားကောင်းမှု)
ပိုက်ဆံကတော့ လမ်းသူလမ်းသားနှင့် လုပ်ငန်းရှင်တွေ ထည့်ရသည်။ မထည့် မနေရ။
လမ်းခင်းပြီးတော့ ဖွင့်ပွဲလုပ်သည်။
အမျိုးသမီးငယ်များ အတွက် တူညီဝတ်စုံ
ဟဲဟဲ…  လုပ်ငန်းရှင်တွေ ပေးပေါ့
 (မပေး မနေရ)
‘”ဆိုင်ဘုတ်က …”
ကြံဖွံ့က နိုင်လွန်ကတ္တရာလမ်းမကြီး ခင်းပေးသည် လို့ တပ်လိုက်ပေါ့
ကြံဖွံ့သည် ပါတီအဖြစ် အမည်ပြောင်းလိုက်၏။
ခုမစည်းရုံးရသေးတာတောင် ပါတီဝင် ရှစ်သန်းတောင် ရှိပါ၏။
( ဒီလိုဆိုတော့ ထူးလို့ပေါ့နော် ဟဲဟဲ)
()    
ဘယ်သူတွေ ရွေးကောက်ပွဲဝင်မလဲ။ ကြံဖွံ့ပါတီဝင်တွေလေ။ သူတို့ပေါ့။
ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ။
စစ်အရာရှိကြီးတွေ။ သူတို့ဝင်မယ် ဟုတ်လား …
“ဟုတ်တယ်ဗျ
“ခင်ဗျာ။ ဝန်ထမ်းတွေ မဝင်ရဘူးဆို …”
ကျုပ်တို့က ဥပဒေအရ လုပ်တယ်။ ကျုပ်တို့ အရေချွတ်ထားတယ် မတွေ့ဘူးလား
ကောင်းလှတောင်း။ ဟုတ်လှတောင်း။ ကောင်းလှောင့်တေး။
“ခင်ဗျားတို့  ဒီလိုဝန်ကြီးတွေ ဘယ်လိုဖြစ်လာတာလဲ
“အနော်တို့တော်လို့ အဖေကြီးက ခန့်တာပေါ့ …”
“ခင်ဗျားတို့က ၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီကို လက်မခံဘူးဆို …”
“ဘာဗျ၊ လက်ခံရမယ် ဟုတ်လား။ ဥပဒေအရ လုပ်တာဗျ …”
“ဘာဥပဒေလဲ …”
“အဖေကြီးဥပဒေ ဗျ။ ဟဲဟဲNumber One”  is above the law  … တဲ့
“ဟုတ်လို့လား။  “No One” is above the law  မဟုတ်လား။
ခင်ဗျားတို့ အင်္ဂလိပ်စာ မတတ်ဘူး ထင်တယ်။ No ဆိုတာ Number ကို အတိုကောက် ခေါ်တာ။ သွပ် သွပ် သွပ် …”
()
ပုံပြင်လေးတခု ရှိသည်။
တခါက လူနှစ်ယောက် ဆုံကြသည်။ လမ်းက လမ်းကျဉ်းလေးပေါ့ဗျာ။
မရှောင်သာ ချောင်ကြား နင်နဲ့ ငါနဲ့ ညားဆိုတဲ့ စကားကို ကြားဖူးလား။
အဲဒီလိုလမ်းမျိုးတွေ ရှေးက ရှိထင်ပါရဲ့။
 (မောင်ဘချစ်တို့ အဲဒီခေတ် မမီလိုက်တာ နာတာပဲ)
အဲလေ … ဝါသနာအရ ပြောမိလေတော့ ချော်တော ငေါ့ သွားပြန်တော့သည်။
အစ ပြန်ကောက်မည်။
ဒီ လူ နှစ်ယောက်တယောက်က လူမိုက်။ နောက်တယောက်က ပညာရှိပေါ့။
လူမိုက်က စပြော၏။
ဟေ့ လူ … လမ်းဖယ်စမ်းတဲ့
ဟေ …
မကြားဘူးလား လမ်းဖယ်စမ်း လို့ ပြောနေတာ
ခင်ဗျာ
ဒီလမ်းဟာ လူတယောက်ပဲ သွားလို့ရတယ်
“ဟုတ်တယ်၊ ဒီတော့ …”
မင်း လမ်းဖယ်ပေးပေါ့
ဘာဖြစ်လို့လဲ
ဘာဖြစ်လို့လဲ ဆိုတော့ ငါက လူမိုက်တွေကို ဘယ်တော့မှ လမ်းမဖယ်ပေးဘူး …”
ဒုတိယလူက အမြန် လမ်းဖယ်ပေးလိုက်၏။
ပြီးတော့မှ ပြောသည် …
“ငါကတော့ ဒီလိုလူမျိုးတွေ တွေ့ရင် လမ်းဖယ်ပေးတယ်ကွတဲ့။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ လူမိုက်တွေကို လမ်းဖယ်ပေးလိုက်ပါသည်။
သင်လည်း လူမိုက်တွေကို လမ်းဖယ်ပေးလိုက်ပါ။   
(သွပ် သွပ် သွပ် … )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts